မြတ်စွာဘုရားရှင် အလောင်းတော်ကို
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင်မာယာဒေ၀ီမှ ဖွားမြင်တော်မူခဲ့ပါ
တယ်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာနှင့်
ထိမ်းမြား လက်ထပ်တော်မူခဲ့ပါတယ်။ အသက် (၂၉)နှစ်မှာ သားရာဟုလာ ဖွားမြင်သော
ညမှာပင် ကာမဂုဏ်ရဲ့ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ်
နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလ တောကို ၀င်ခဲ့ပါတယ်။ ဥရုဝေလမှာ
ပင်ပန်းဆင်းရဲတဲ့ ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါတယ်။
ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက်
မည်သို့မျှ အထောက်အကူ မပြုတဲ့ ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ
ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါတယ်။
ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊
ကဆုန်လ ပြည့်နေ့မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။
ဘုရားဖြစ်ပြီးနောက်-
(၁) ပလ္လင်္ကသတ္တာဟ။ ။ဘုရားဖြစ်တဲ့
ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇)
ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက်
သီတင်းသုံးတော်မူပါတယ်။
(၂) အနိမိသ သတ္တာဟ။ ။ဗောဓိပင်ရဲ့အနီး
အရှေ.မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော်
(၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူပါတယ်။ ငါသည်
ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး
ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ
အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု
ဝမ်းမြောက်နေတော်မူပါတယ်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ =
မျက်စိမမှိတ်ပဲ)
(၃) စင်္ကမ သတ္တာဟ။ ။ကဆုန်လကွယ်နေ့မှ
နယုန်လဆန်း (၆)ရက်နေ့အထိ (၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား
စင်္ကြံလျှောက်တော်မူကာ (၇)ရက် ထပ်မံသီတင်းသုံးတော်မူပါတယ်။ ဒီနေရာမှာ
နတ်တွေက “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးတယ်၊ ဘုရားစင်စစ်မဖြစ်သေး”
ယုံမှားသံသယဖြစ်ကြတယ်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ
ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ
သတ္တာဟ ဟုခေါ်ပါတယ်။
(၄) ရတနာဃရ သတ္တာဟ။ ။ဗောဓိပင်၏
အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌
နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို
ဆင်ခြင်တော်မူပါတယ်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင်
ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဌာန်းဒေသနာ
တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ်
ကွန့်မြူး ထွက်ပေါ်လာခဲ့ပါတယ်။
(၅) အဇပါလသတ္တာဟ။ ။ဒီနေရာကို
ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက်
(၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်
သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့
(တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့
ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆) မုစလိန္ဒ သတ္တာဟ။ ။ဗောဓိပင်ရဲ.
အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ
နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက်
သီတင်းသုံးတော် မူပါတယ်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့
မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို
ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး
ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။
(၇) ရာဇာယတန သတ္တာဟ။ ။ဗောဓိပင်ရဲ.တောင်ဘက်
(၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း
(၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။
(၇) ရက်ပြည့်တဲ့နေ့
ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ မြန်မာနိုင်ငံ၊ ရာမညတိုင်း၊
ဥက္ကလာ ဇနပုဒ်၊ ပေါက္ကရ၀တ္တီ ဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့ကနေ
ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ အဲဒီ ကုန်သည်ညီနောင်ကို
သံဃာမရှိသေးတဲ့ အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးပဲ ပေးပါတယ်။ ဆံတော် (၈)ဆူ
စွန်.တော်မူပါတယ်။ အဲဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။
မြတ်စွာဘုရားသည်
ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါကို မကုဠတောင်
စတဲ့ နေရာဌာနများမှာ ၀ါကပ်တော်မူပါတယ်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ
ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သားကို အမှူးထားကာ
တာဝတိံတာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ
ဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူပါတယ်။
မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ။
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း(၉၀)၊ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်းကျမ်းကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမိုက်ကျမ်းကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန်းကျမ်းကို ( ၂၅ ) ရက် ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရား ဒေသနာတော်ကို နည်း(၃)နည်း ဖြင့် ဟောကြားခဲ့ပါတယ်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည်
မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊
အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး
တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊
အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့်
သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့်
ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိ
ံသာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါတယ်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည်
လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း
စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး
လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ)
တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား
ဝတ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ
တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါတယ်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက
မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား
မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါတယ်။ နောက်တနေ့တွင်
အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရားကို ဟောကြားတဲ့ အဘိဓမ္မာ ဒေသနာတော်အား
မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍
လက်ခံအ တည်ပြု တော်မူခဲ့ပါတယ်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည်
ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ
သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည်
တပြိုင်တည်း ပေါ်ထွန်းခဲ့ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်
အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့
သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့
အဖြစ်သတ်မှတ်ကြပါတယ်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး
ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော
အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါတယ်။ ဒါ့အပြင်ဘုရားရှင်သည်
မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို
ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့
သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု
သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါတယ်။
တစ်နည်းဆိုလျှင်
သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။
ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက
နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ
ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါတယ်။ ထိုသို့
နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏
တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ
(၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင်
စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါတယ်။ ထို့အတွက်ကြောင့်
“ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့တွင်
ဝါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော
သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့်
အခွင့်အရေးကို ရရှိကြပါတယ်။ ထိုနေ့ အထိဝါဆိုကြ သည့် သံဃာများသည်
အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြ
ပါတယ်။
အချုပ်အားဖြင့်ဆိုရသော်.. သီတင်းကျွတ်လပြည့်နေ့သည်
ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း
ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်ပြည်၌
အဘိဓမ္မာတရားတော်ကို ဟောကြား ပြီးမြောက် အောင်မြင်တော်မူသော
အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်
ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို
ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ
သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု
ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသ အဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင်
ဖြစ်ပါတယ်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်း အားလုံး
တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြ သဖြင့် ဒုက္ခခပ်သိမ်း
ကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်ကြပါစေ…
No comments:
Post a Comment