အ၀ိဇ္ဇာတည်းဟူသော အမှောင် မသိတရား ဖုံးလွှမ်းမှုကြောင့် ဘ၀အမျိုးမျိုးကို ကျင်လည်ခဲ့ကြရသည်၊ လူ နတ် ဗြဟ္မာ ခွေး ၀က် ကြက် ငါး-စသည့် ဘ၀အမျိုးမျိုးကို မဖြစ်ခဲ့ဘူးသည်မရှိ၊ ယခုအခါ ကံကောင်းထောက်မ၍ လူ့ဘ၀ ရနေကြသည်။ သို့သော် ယခုရရှိနေသော မနုဿဂတိ မြဲ-မမြဲ၊ ကွယ်လွန်လျှင် အထက်ဘ၀ရောက်မည်လား၊ အောက်ဘ၀ရောက်မည်လား-ဟူသော ပြဿနာ၏အဖြေမှာ ယခုဘ၀၏ ကြိုးစားအားထုတ်မှုအပေါ်မှာ တည်ပါသည်။
လူ့ဘ၀သည် ခေတ္တခဏ ဧည့်သည်အဖြစ်နှင့် ရောက်လာသောဘ၀သာ ဖြစ်၍ မိမိနေမြဲဖြစ်သော ဌာနမှာ အပါယ်လေးပါးသာဖြစ်သည်ဟု ဓမ္မပဒအဋ္ဌကထာတွင် ညွှန်ပြထားသည်ကို သတိပြုသင့်ပါ၏၊ အဋ္ဌကထာက
အပါယ်လေးဘုံသည် ပုထုဇဉ်တို့၏ ဇာတိချက်ကြွေ အမြဲနေထိုင်ရာ အိမ်နှင့်တူသည်-ဟူ၏။
သံသရာတလျှောက်လုံးကို အချိန်ဇယား ချကြည့်လျှင် အပါယ်လေးဘုံမှာ နေခဲ့ရသောနှစ်ပေါင်းသည် အလွန်များပြား၍ လူနတ်သုဂတိဘ၀ နှစ်ပေါင်းသည် အနည်းငယ်သာဖြစ်သည်ကို တွေ့ကြရပေသည်။
သံဝေဂရဖွယ် ကောင်းလှသည်၊ သို့ဖြစ်၍ ယခုရရှိနေသော လူ့အဖြစ်ကို အကောင်းဆုံးဖြစ်အောင် အသုံးချရန် လိုအပ်သည်ကို သတိအမြဲရှိကြရန် နှိုးဆော်ရပါသည်။
လူ့ဘ၀သည် ကြိုက်ရာအထက်ဘုံများသို့ သွားရန်သာမက မဂ်ဖိုလ်နိဗ္ဗာန်သို့ သွားရေးပါ ပြင်ဆင်ရန်အတွက် အကောင်းဆုံသောဘ၀ ဖြစ်ပါသည်၊ အထူးသဖြင့် ယခု ဗုဒ္ဓုပ္ပါဒ န၀မခေတ်ကို ရရှိနေကြသော ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် အဖိုးမဖြတ်နိုင်သော အခွင့်ထူး အခွင့်ကောင်းကြီး ဖြစ်ပေသည်၊
သံသရာခရီးသည်ဘ၀ကို ဆုံးစေမည့် သိ-တလုံးကို ရအောင် ကြိုးစားအားထုတ်ရန် နည်းနာများသည် နေရာတကာတွင် ရှိနေသည် မဟုတ်၊ ကမ္ဘာပေါ်ကြီးတွင် ဗုဒ္ဓဘာသာ ထွန်းကားနေသောနေရာ အနည်းငယ်တွင်သာ ရှိသည်။ ယင်းနေရာအနည်းငယ်တွင် မိမိတို့နိုင်ငံသည် ပါနေ၏၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်ပျက် သိ-တလုံးကိုရရန် ကြိုးစားအားထုတ်နိုင်ကြပါစေ၊ ဓမ္မပဒ ပါဠိတော်တွင် အောက်ပါအတိုင်း သတိပေးထားပါသည်။
ရုပ်နာမ်တရားတို့၏ ဖြစ်မှု ပျက်မှုကို မမြင်ဘဲ အနှစ်တရာ အသက်ရှည်သော်လည်း လူဖြစ်ကျိုး မနပ်ချေ။
ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်မှုကို မြင်လျှင် တရက်မျှ အသက်ရှင်ပါသော်လည်း လူဖြစ်ကျိုး နပ်လှပေသည်။
မင်္ဂလာသတင်းစဉ်မှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment