ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြသော
ဘာသာရေးခေါင်းဆောင်တို့က လောကလူသားတို့ ကြီးပွားချမ်းသာရေးအတွက်
မိမိတို့အမြင် မိမိတို့ရှု့ထောင့်အသီးသီးကနေ ဟောပြောညွှန်ပြခဲ့ကြပါသည်။
ထိုဘုရားတို့တွင် အိန္ဒိယတွင်ပေါ်ထွန်းခဲ့သော ဂေါတမဗုဒ္ဓသည် ပစ္စုပ္ပန်လက်တွေ့
လောကကြီးပွားချမ်းသာတိုးတက်ရေး၊ တမလွန်ဘ၀ကြီးပွားချမ်းသာတိုးတက်ရေး၊
နောက်ဆုံး ဘ၀လွတ်မြောက်ရေးတို့အတွက် နည်းလမ်းများ၊ ကျင့်စဉ်များကို
သုတ္တန်ဒေသနာတော်ဖြင့်တစ်မျိုး၊ ၀ိနည်းဒေသနာဖြင့်တစ်သွယ်၊
အဘိဓမ္မာနည်းဖြင့်တစ်ဖုံ နည်းမျိုးစုံဖြင့် လမ်းညွှန်ဟော ကြားခဲ့ပါသည်။
ဂေါတမဗုဒ္ဓက“အတ္တဟိ
အတ္တနော နာထော” မိမိကိုယ်ကို အားကိုလုပ်ပါ၊ ဆုတောင်း၍မရ လုပ်မှရမည်။
လုပ်ရာတွင်ကံ၊ ဉာဏ်၊ ၀ိရိယ၊ ဉာဏ်နှင့်ယှဉ် လုံ့လ၀ိရိယဖြင့် ကံဆိုသော
အလုပ်ကို ကြိုးစားလုပ်ပါ။ ဤသို့လုပ်ဆောင်သောသူသည် ပစ္စုပ္ပန၊် တမလွန် ဘ၀သံသရာ
အဆက်ဆက်တို့၌ ကောင်းကျိုးအစဉ်အဆက် ရရှိခံစားရပြီး
နောက်ဆုံးချမ်းမြေ့ငြိမ်းအေးရာ နိဗ္ဗာန်သို့ရောက်မည်ဟု ဟောကြားထားပါသည်။
ဘ၀တိုးတက်ကြီးပွားရေးအတွက် ကျင့်စဉ် (၇)ချက်မှာ-
(၁) ထကြွလုံ့လရှိရမည်။
(၂) သတိရှိရမည်။
(၃) စင်ကြယ်သောကိုယ်မှု၊ နှုတ်မှု၊ ကြံစည်မှု ရှိရမည်။
(၄) စူးစမ်းဆင်ခြင် စီစစ်၍ ပြုလုပ်တက်ရမည်။
(၅) စောင့်စည်းသောဣနြေ္ဒရှိရမည်။
(၆) တရားသဖြင့် အသက်မွေးရမည်။
(၇) မမေ့မလျော့ရှိရမည်။
ထကြွလုံ့လလုံမှု၊
လောကီလောကုတ်နှစ်ဖြာသော
အကျိုးစီးပွားကို အလိုရှိကြသော သူတို့သည် ထကြွလုံ့လရှိမှု၊
ကြိုးစားဆောင်ရွက်မှု၊ အားထုတ်ထက်သန်မှုများ ရှိရန်အထူးလိုအပ်လှပါသည်။
ပျင်းရိသောသူအား အဘယ်မှာ အတက်ပညာတက်ပါအံ့နည်း။ အတက်မရှိသောသူအား ဥစ္စာဘယ်မှာ
ရပါအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရပါအံ့နည်း။
အဆွေခင်ပွန်းမရှိသော သူအား ချမ်းသာအဘယ်မှာ ရပါအံ့နည်း။ ချမ်းသာမရှိသောသူအား
ကောင်းမှုအဘယ်မှာရှိပါအံ့နည်း။ ပညာရှာရာတွင်ဖြစ်စေ။ ဥစ္စာရှာရာတွင်ဖြစ်စေ၊
ကုသိုလ်ရှာရာတွင်ဖြစ်စေ၊ လုံ့လ၀ီရိယ ဇွဲသတ္တိသည် လိုအပ်သည်သာဖြစ်ပါသည်။
ထိုသို့ရှိပါမှ ဥစ္စာချမ်းသာ၊ နတ်ချမ်းသာ၊ လူချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ကို
ရရှိခံစား ကြရပါမည်။
သတိရှိခြင်း၊
သတိဟူသည်
ပိုသည်မရှိ၊ လိုသည်သာ ရှိပါသည်။ မိမိ၏လုပ်ငန်းတစ်ခုကောင်း၊ မကောင်း၊ သင့်၊
မသင့်၊ တော်၊ မတော်၊ ဖြစ်နိုင်၊ မဖြစ်နိုင်ကို စိစစ်ဆောင်ရွက်ကြရာဝယ်
သတိတရားသည် အလွန်လိုအပ်ပါသည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူမြင်သည်ဟူ၍
ပညာရှိတို့ ဆိုထားပါသည်။ မတက်ကျွမ်း၊ နားမလည်သေးသောအလုပ်များကို
လုပ်ကိုင်ဆောင်ရွက်ကြရာဝယ် တက်ကျွမ်းနားလည်မှုရရှိအောင် သတိထား၍
ကြည့်ရှုလေ့လာစူးစမ် ဆင်ခြင်ရပါသည်။ ဗိုလ်ငါးပါးတွင်
အထိန်းအချုပ်အင်အားအဖြစ် အမြဲလိုအပ်နေသော လက်ကိုင်စွဲတရား ဖြစ်ပါသည်။
စင်ကြယ်စွာဆောင်ရွက်ခြင်း၊
ဘ၀၏ပညာရေး၊
ကြီးပွားရေး၊ တိုးတက်အောင်မြင်နိုင်ရေးအတွက် ကာယကံ၊ ၀စီကံ၊ မနောကံ များသည်
အဓိကအရေးကြီးဆုံးသော သော့ချက်ကြီးများ ဖြစ်ကြပါသည်။ ကာယကံ၊ ၀စီကံ၊
မနောကံတို့ဖြင့် စင်ကြယ်စွာ မှန်မှန်ကန်ကန်ဆောင်ရွက်သူများသည်
ကောင်းသောအကျိုးကျေးဇူးကို ရရှိရာတွင် အချိန်ကြာမြင့်မှရတက်ပါသည်။
သို့သော်အကျိုးပေးချိန်ရောက်သော် ကြာရှည်စွာ အကျိုးပေးတက်သော သဘောရှိပါသည်။
ကာယကံ၊ ၀စီကံ၊ မနောကံ စင်ကြယ်စွာမရှိ ကောက်ကျစ်လိမ်ညာ၍ ပြုမူ၊ ပြောဆို၊
ကြံစည်သူတို့သည် တစ်ခါတစ်ရံ အပေါ်ယံ တခဏချင်းအားဖြင့် အကျိုးရရှိသည်။
အကျိုးပေးကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြာရှည်မခံပေ၊ အကျိုးပေးမမြဲပါ။
ရေရှည်အားဖြင့် အခံရဆိုးသော စိတ်ညစ်စိတ်ဆိုး ဖွယ်ရာသာယာမှုမရှိသော
ဆိုးကျိုးကိုသာ ရရှိပါသည်။ ထို့ကြောင့် တခဏ အကျိုးကိုသာ မကြည့်ရ။
ရေရှည်အကျိုးကိုကြည့်၍ ကာယကံ၊ ၀စီကံ၊ မနောကံ ဒုစရိုက်တို့ကို ရှောင်ကြဉ်ရ
မည်ဟူ၍ ဗုဒ္ဓကဟောကြားထားခြင်း ဖြစ်ပါသည်။ လူ၏စိတ်သည် “ပါပသ္မိံရမတိ မနော”
မကောင်းမှု၌ မွေ့လျော်တက်သည်ဖြစ်၍ ကာယကံ၊ ၀စီကံ၊ စင်ကြယ်ဟန်
ဖြောင့်မတ်ဟန်ရှိ သော်လည်း မနောကံမှုကား ဖြောင့်မတ်ရန် ခဲယဉ်းလှပါသည်။
လိမ်ညာကောက်ကျစ်သော စိတ်၊ သူတစ်ပါးကို မနာလိုသောစိတ်၊ သူတစ်ပါးကို
မရစေချင်၊ မိမိသာရလိုသော ၀န်တိုစိတ်၊ ထောင်လွားသောစိတ်တို့သည်
အပြင်ကမမြင်နိုင်သော်လည်း မျက်စိတ်တမှိတ် လျှပ်တပြက်
အတွင်းဖြစ်ပေါ်တက်သဖြင့် စိတ်စင်ကြယ်မှုကို အထူးသတိထားကြရသည်။
စူးစမ်းဆင်ခြင်ခြင်း၊
အချိန်အခါနှင့်
အခြေအနေကို စပ်ဟပ်၍ စိစစ်စူးစမ်းဆင်ခြင်ခြင်းသည် အခက်အခဲ ပြဿနာများကို
ဖြေရှင်းနိုင်ပြီး လိုအပ်သောအကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။
အဘိဓမ္မာသဘာဝအရ ပညိနြေ္ဒစေတသိတ်နှင့်ယှဉ်၍ စီစဉ်ဆောင်ရွက်ရန်ဖြစ်ပါသည်။
ပညာစေတသိတ်ရှင်သန်အား ပြင်းစေရန် ပညာရှိသူတော်ကောင်း လူလိမ္မာများနှင့်
ပေါင်းသင်းဆက်ဆံ၍ ပညာဗဟုသုတတို့ကို ဆည်းပူးထားရပါမည်။ ထိုသို့ပညာရှိပြီး
ပညာနှင့် စူးစမ်းဆင်ခြင်တက်သော် မိမိလိုအပ်သော အကျိုးများ
ပြီးစီးစေနိုင်ပါသည်။
ဣနြေ္ဒစောင့်စည်းခြင်း၊
သက်ရှိသတ္တ၀ါတို့တွင်
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣနြေ္ဒ(၆)ပါးရှိသည်။
ပစ္စုပ္ပန်ဘ၀ နောင်တမလွန် ဘ၀သံသရာ အဆက်ဆက် ဘ၀ကောင်းကျိုးချမ်းသာများကို
ရရှိခံစားကြသောသူတိုင်း ဣနြေ္ဒ(၆)ပါးကို သူ့နေရာနှင့်သူ
ထိန်းကွပ်စောင့်စည်းတက်ရပါမည်။ အရေးကြီးသော လုပ်ငန်းကိစ္စရပ်များကို
ဆောင်ရွက်နေစဉ်အတွင်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိအာရုံတို့ကို
တပ်မက်မှုနည်းနိုင်သမျှ နည်းပါးရပါမည်။ တစ်ဘက်က ထိုအာရုံများကို
စွဲမက်လိုက်သည်နှင့် တပြိုင်နက်ထဲ မိမိလုပ်ငန်းဆောင်ရွက်မှုများအပေါ်၌
စူးစိုက်မှုအားနည်းသွားတက်၍ လုပ်ငန်းအောင်မြင်မှု နှောင့်နှေးသွားတက်ပါသည်။
တရားသဖြင့်အသက်မွေးခြင်း၊
မတရားသဖြင့်
အသက်မွေးမှုတွင် တစ်ခါတစ်ရံအကျိုးတရားကား ရလွယ်ကောင်း၏။ သို့သော်
ကြာရှည်မခံပါ။ မြန်မြန်ပျက်စီးနိုင်ပါသည်။ မတရားပြုထားက စိုးရိမ်ပူပန်ရသည်။
မိမိပြုသော မကောင်းမှုကံက တစ်ချိန်ချိန်တွင်
မကောင်းကျိုးပြန်ပေးမည်သာဖြစ်သည်။ မိမိကာယ၊ ဉာဏ လုပ်အားဖြင့်
ထိုက်သင့်သောအကျိုးအမြတ်ကိုသာ ယူရပါမည်။ အပြစ်ရှိ၍ အကောင်းကျိုးကို
ဖြစ်စေသော အကုသိုလ်လုပ်ငန်းနှင့် အနိုင်အထက်ပြု၍ မတရားပြုကာ စားသုံးခြင်း၊
ခေါင်းပုံဖြတ်အမြတ်ကြီးစားခြင်း၊ လုပ်အားစိုက်မထုတ်ဘဲ အချောင်ခိုရေသာလိုက်၍
အကျိုးအမြတ်ကို အဓမ္မရယူခြင်းသည် မတရားသော အသက်မွေးမှုများဖြစ်ကြပါသည်။
ယခင်ကောင်း၍
ယခုကောင်းသည်။ ယခုကောင်းမှနောင်ကောင်းမည်ဟု ဆိုသကဲ့သို့
ယခုပစ္စုပ္ပန်လုပ်ရပ်များက အပြစ်ကင်း၍ ကောင်းကျိုးပေးနိုင်သော
ကုသိုလ်လုပ်ငန်းများဖြစ်လျှင် နောင်အခါအကျိုးပေးရာတွင်လည်း ကောင်းကျိုးများ
ရနိုင်ပါသည်။
မမေ့မလျော့ခြင်း၊
ပညာရပ်များကို
လေ့လာဆည်းပူးနေသော ကျောင်းသား၊ ကျောင်းသူများသည် လည်းကောင်း၊
ကျွမ်းကျင်မှုလုပ်ငန်းရပ်များ စူးစမ်းရှာဖွေ မှတ်သားရသော ပညာရပ်များ၊
အသက်မွေးဝမ်း ကျောင်းပညာရပ်များကို လေ့လာနေသော
လုပ်သားများတို့သည်လည်းကောင်း၊ မိမိလုပ်ငန်းဆိုင်ရာ သင်ပြီး၊ တက်ပြီး၊
သိပြီးသောအချက်လက်များ မမေ့မလျော့စေရန် သတိမူနေစေရန် အလေ့အကျင့်
ပြုဖန်များနေရပါမည်။ ကျွမ်းကျင်မှုရှိအောင် ထပ်ခါတလဲလဲ
လေ့ကျင့်ပြုလုပ်ရပါမည်။ လောကတွင် မတက်ကျွမ်းသေးသော ပညာရပ်များ၊
နားမလည်သေးသော လုပ်ငန်းများ ဆက်လက်လေ့လာစရာ သိစရာပညာရပ်များ
များစွာရှိနေပါသည်။ ထိုအရာများကို တက်ကျွမ်းနားလည်နိုင်သမျှ
တက်ကျွမ်းနားလည်စေရန် ဂရုပြုမှတ်သားရမည်။ ပေါ့ပေါ့တန်တန် အမှုမဲ့ အမှတ်မဲ့
မနေရပါ။ အမြဲမမေ့မလျော့အောင် ကြိုးစားလေ့ကျင့် သင်ယူနေရပါမည်။
ရှင်မဟာရဋ္ဌသာရဆုံးမစာ၌ မိမိသိရှိပြီးသော ဗဟုသုတများ မမေ့မပျောက်စေရန်-
သုဏေယျ- ပညာဗဟုသုတများကို ကြားနာရမည်။
စိန္တေယျ- ကြောင်းကျိုးဆက်စပ် ကြံစည်ရမည်။
ပုစ္ဆေယျ- မှန်၊ မမှန်ပညာရှိများထံ ချဉ်းကပ်စုံစမ်းရမည်။
ဘာသေယျ- တက်ကျွမ်းသူများနှင့် ပြောဆိုဆွေးနွေးရမည်။
ဝိစာရေယျ- စေ့စပ်သေချာစွာ စီစစ်တက်ရမည်။
လိခေယျ- ရေးသားမှတ်သားရန်လိုက ရေးသားမှတ်သားရမည်။
သိက္ခယျ- လက်ထပ်သင်ကြားရန်လိုက သင်ကြားရမည်။
ဓာရေယျ- အာဂုံဆောင်ထားသင့် ဆောင်ထားရမည်။
ဤသို့လျှင်
ဘုရားရှင်ဟောကြားခဲ့သော ဂါထာတော်အရ ဆောင်ရွက်ကျင့်ကြံလုပ်ကိုင်ရမည့်
အချက်(၇)ချက်နှင့် ညီညွတ်စွာ လုပ်ကိုင်ကျင့်ကြံသော် အလုပ်ဟူသမျှ
မုချအောင်မြင်ပြီး ကြီးပွားချမ်းသာကြမည်သာ ဖြစ်ကြပါသည်။
ထို့ကြောင့် ဘုရားဟော ထို(၇)ချက်ကို သေချာစွာစဉ်းစားပြီး ကြိုးစားအားထုတ်နိုင်ကြပါစေ။
မဟာသဒ္ဓမ္မဇောတိကဓဇ
တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)
၂၀၀၈ခုနှစ်၊ သြဂုတ်လထုတ် ထေရ၀ါဒဓမ္မစာစောင် မှ ရေးသားလိုက်ပါသည်။
No comments:
Post a Comment