သာမညဖလ အခါတော်နေ့ တရားတော်ကို www.shwepyithu.blogspot.com တွင် နာကြား ကြဖို့ တိုက်တွန်းပါရစေ။
“ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ” သင့်တင့်လျောက်ပတ်တဲ့
အခါမှာ သူတော်ကောင်း တို့၏ တရားတော်ကို နာကြားခြင်းသည် ကောင်းမြတ်သော
မင်္ဂလာတရားဖြစ်ကြောင်း ဘုရားရှင်က မင်္ဂလသုတ်မှာ ဟောကြားထားပါတယ်။
တရားနာကြားတဲ့ အခါမှာလည်း ပုဂ္ဂိုလ်မရွေး၊
ဂိုဏ်းမရွေးပဲ
တရားတော်ကို နားကြားသင့်ပါတယ်။ အမှန်တော့ မြတ်စွာဘုရား၏ တရားတွေကို
နာကြားရာမှာ ဟောတဲ့ပုဂ္ဂိုလ် အဆင့်အတန်းကို ရွေးချယ်နေဖို့
အကြောင်းမရှိပါဘူး။ “ခုဇ္ဇုတ္တရာ” ကျွန်မကြီးရဲ့ ဟောပြောချက်ကို သခင်မ
“သာမာဝိတီ” နဲ့ ရံရွှေတော်တွေ ရိုသေ၊ လေးစားမှု အပြည့်နဲ့ နာယူကြတဲ့
အကြောင်းတွေကို အားလုံး သိရှိပြီး ဖြစ်မှာပါ။ အချို့ကျတော့လဲ တရားနာဖို့
မလိုပါဘူး။ တရားဆိုတာ ရင်ထဲရှိရင် ပြီးရောလို့ ပြောတတ်ကြပါတယ်။
တရားအလုပ်ဆိုတာ တရားမရှိသေးလို့ လုပ်နေကြတာ၊ တရားရှိပြီးသား လူက လုပ်စရာ
မလိုဘူး လို့လဲ ပြောကြပါတယ်။ ဒါတွေက ပညာမရှိလို့ ပြောထွက်ကြတာပါ။ အင်မတန်
မှားယွင်းပါတယ်။ တရားနာခြင်းကြောင့် လက်တွေ့မှာပဲ အကျိုးကျေးဇူး
တွေရရှိပါတယ်။
(၁) အသုတံ သုဏာတိ = မကြားဘူးတဲ့ စကားကို ကြားရခြင်း။
(၂) သုတံ ပရိယောဒါပေတိ = ကြားဖူးတဲ့ စကားကိုလဲ ထပ်မံကြား၍ ရှင်းလင်းစွာသိရခြင်း။
(၃) ကင်္ခံဝိဟနတိ = ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။
(၄) ဒိဋ္ဌိံဥဇုံ ကရောတိ = အယူဖြောင့်မှန်အောင် ပြုပြင်နိုင်ခြင်း။
(၅) စိတ္တံသီဒတိ = စိတ်နှလုံးကြည်ခြင်း။
“သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်တက်၊ ဖြောင့်မတ်ယူမြင်၊
စိတ်ကြင်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။”
(ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ )
နံပါတ်(၃)
နဲ့ နံပါတ်(၄)တို့မှာ ပြဆိုထားတဲ့ စကားဟာ “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ” ကို
တရားနာခြင်း ဖြင့် ရှေဦးစွာ အကြမ်းပယ်ခွာ နိုင်တယ်ဆိုတဲ့ စကားမျိုးနှင့်
အဓိပ္ပါယ်တူပါတယ်။ ဒါ့ကြောင့် ကျေးဇူးတော်ရှင်
မိုးကုတ်ဆရာတော်ဘုရာကြီးက “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ”ကို တရားနာခြင်း၊
တရားဆွေးနွေးခြင်း ဆိုတဲ့ “သိမှု” ဖြင့် ရှေးဦးစွာ ခွာထားရမယ်။
ဒုတိယအဆင့်ကတော့ “ကျင့်မှု” ဖြင့် ခွာရမယ်။ တတိယအဆင့်ကတော့ မဂ်ဉာဏ်ဆိုတဲ့
“ပယ်မှု” ဖြင့် ခွာရမယ်လို့ ဟောကြား သတိပေးတော် မူခဲ့ပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း
တရားကို မြတ်စွာဘုရားလောင်းနှင့် ပစ္စေကဗုဒ္ဓါ အလောင်းတို့မှ တပါး၊ အခြားသော
အဂ္ဂသာဝကအလောင်း၊ မဟာသာဝကအလောင်း တွေဟာ တရားနာမှုနှင့် ကင်းပြီး မဂ်ဉာဏ်၊
ဖိုလ်ဉာဏ်ကို မရနိုင်ကြပါ။
တရားနာပေမဲ့ တရားမရနိုင်တဲ့ အကြောင်း ငါးပါးရှိပါတယ်။
(၁) တရားတော်ကို မထီမဲ့မြင်ပြုခြင်း။
(၂) တရားဟော ပုဂ္ဂိုလ်အား မထီမဲ့မြင်ပြုခြင်း။
(၃)
မိမိကိုယ်ကိုမိမိ မထီမဲ့မြင်ပြုခြင်း။ (ငါက နုပါသေးတယ်။ ငယ်ပါသေးတယ်။
စာလည်း ကောင်းကောင်းမတတ်၊ အိမ်ယာထောင်တဲ့ လူ့ဘောင်ကိုလဲ မစွန့်နိုင်…
စသဖြင့် မထီမဲ့ပြုခြင်း ဖြစ်ပါတယ်)။
(၄) ပျံ့လွင့်တဲ့ စိတ်၊ မတည်ကြည်တဲ့ စိတ်ဖြင့် တရားတော်ကို နာခြင်း။
(၅) မသင့်မတင့်တဲ့ အကြောင်းဖြင့် နှလုံးသွင်းခြင်း။
အထက်ပါ
၅ ချက်နှင့် တရားမနာမိကြဖို့ သတိပေးပါရစေ။ အထူးသတိပေးလိုသည်မှာ-
တရားနာကြားရုံနှင့် တရားမရနိုင်ပါ။ တရားနာကြားလို့ ရရှိလိုက်တဲ့၊
သိလိုက်တဲ့ အသိပေါ်မှာ လက်တွေ့ကျင့်သုံး မှသာလျှင် မဂ်တရား၊ ဖိုလ်တရား
ရနိုင်မှာပါ။ ဘုရားရှင်က ကိုယ့်ဘေးနား မှာ ရှိနေပေစေ မိမိကိုယ်တိုင်
ကျင့်ကြံအားထုတ်မှု မရှိသ၍ တရားမရနိုင်ပါဘူး။
ထို့ကြောင့်
တရားမှန်ကို ရှာဖွေခြင်း၊ တရားနာခြင်း၊ သူတော်ကောင်းထံ ဆည်းကပ်ခြင်း၊
ဆွေးနွေးခြင်း၊ တရားတော်ကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်း ပြုလုပ်ကြပါရန်
တိုက်းတွန်းအပ်ပါတယ်။
No comments:
Post a Comment