ညနေဆည်းဆာအချိန်
ကျွန်တော်နေသောမြို့ကလေးသည် ရာသီဥတုမျှတစွာဖြင့် ပကတိနေ၍ကောင်းသော
ချိန်ခါမျိုးဖြစ်သည်။ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ လမ်းလျှောက်ရင်း
သူငယ်ချင်းသုခဆီ သွားခဲ့လိုက်သည်။
“ သူငယ်ချင်းလာ ထိုင်ကွာ၊ တီးသောက်ဦး “
“ တီးသောက်ဦးဆိုမှ ငါက အညာသားဆိုတော့ ချိုချိုလေးမှ ကြိုက်တာနော် “
“အေး မင်းအကြိုက်ချိုချိုလေးပါကွာ။ ဒါပေမယ့် အညာသားမလို့ အချိုကြိုက်တာလား တဏှာခိုင်းလို့ ကြိုက်တာလားကွ”
သူငယ်ချင်းသုခကအမှတ်တမဲ့ပြောလိုက်ပေမယ်လို့
ရင်ထဲမှာ အတွေးများစွား ချက်ခြင်းဝင်လာမိတယ်။ ၀င်လာသော အတွေးများဖြင့်
သူငယ်ချင်းသုခကို ဖွင့်ဟမိခဲ့ပါတယ်။ ငါတို့ရဲ့အလိုဆန္ဒ တပ်မက်မှုတွေဟာ
ဘယ်လိုအခြေအနေမျိုးမှ တင်းတိမ်တယ်မရှိဘူး။ ဒီအရာလေးကို လိုချင်တယ်၊
ရတော့လည်း ထပ်လိုချင်သေးတာပဲ။ ထပ်ရရင် ထပ်လိုချင်ဦးမှာပဲ။ တဏှာက
အတော်ကြောက်စရာကောင်းတာပဲကွာ။ ဒါကြောင့်လည်း ဘုရားရှင် မိန့်တော်မူခဲ့တယ်။
ဦနောလောကော အတိတ္တောတဏှာ ဒါသော -
လူတွေဟာ အလိုပြည့်တယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ အမြဲရုပ်လျော့နေတယ်။
ဘာကြောင့်လဲဆိုတော့ တဏှာရဲ့ကျေးကျွန်တွေ ဖြစ်နေလို့တဲ့။ လူတွေ လူတွေ
သေသာသွားကြ တယ်။ အလိုပြည့်ပြီးမှ သေတဲ့လူလို့မရှိပါဘူး။ တစ်သံသရာလုံးက
ငါတို့ကို နိုင်လာတဲ့ တဏှာကို ပြန်နိုင်အောင် ကြိုးစားနေ သင့်တယ်။
ဒါပေမယ့်လည်း ပုထုဇဉ်ဆိုတော့ အလိုဆန္ဒဆိုတာတော့ ရှိနေမှာပဲ။ ဒါကို
အပြစ်တစ်ခုလို့ သတ်မှတ်မရရင် တောင် ကိုယ်ရဲ့အလိုဆန္ဒက သူတစ်ပါးကို
မထိခိုက်မိလို့လိုတယ်။ အလိုဆန္ဒဆိုပေမယ့် ကိုယ့်ဘ၀တိုးတက်ဖို့၊
ကိုယ့်ပတ်ဝန်းကျင်တိုးတက်ဖို့၊ ကုသိုလ်တရားတွေဖြစ်ဖို့ဆိုတဲ့
အလိုဆန္ဒတွေတွေတော့ ရှိနေရမယ်။ ရှိလည်းရှိသင့်တယ်။ ဒီနေရာမှာ တဏှာနဲ့ ဆန္ဒကို
ကွဲပြားစွာ သိဖို့တော့လိုတယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့တရားတွေဟာ
သံသရာရှည်စေတဲ့ လည်စေတဲ့တရားတွေပဲ။ ဆရာတော်ဦးကောသလ္လရဲ့
တရားသိမ်းလင်္ကာလေးကလည်း သိပ်မှတ်သား ဖို့ကောင်းတယ်။ အရှည်တွင်သံသရာ
အချည်ကတော့တဏှာ- သံသရာရှည်အောင် ချည်နှောင်ထားတာက တဏှာဆိုတဲ့ ကြိုးပဲ။
သံသရာကိုတိုအောင်ဖြတ်၊ တဏှာကိုသေအောင်သတ်ပါတဲ့။ ဒီလောဘတရားတွေကို
တဏှာတွေလျော့နည်းအောင်၊ ပါးအောင်၊ သောအောင်ကလည်း တဏှာကိလောသာရဲ့အပြစ်ကို
သိအောင်ကြိုးစားကြရမှာ။ တဏှာက ဘယ်လောက် တောင် ဆိုးသလဲဆိုရင်-
“ ပြင်ပဥစ္စာ၊ မဟုတ်စွာသေး
ကာယအဆင်း ကိုယ်အတွင်းဝယ်
မွေးညင်းဆံစု ရုပ်ဝတ္ထု၌
တစ်ခုခုထပ် စွဲကပ်စွန်းငြိ
ဇောဝီထိဖြင့် စုတိပုဂ္ဂိုလ်
ထိုထိုပိုးလောက် စားသောက်ပြန်ကာ
ဖြစ်တတ်စွာဟု ကျမ်းလာမုခ ဤသို့ပြ၏”
မဃဒေ၀လင်္ကာမှာ
ဆိုထားတယ်။ အပြင်ပိုင်းဖြစ်တဲ့ ရတနာရွှေငွေ ဆွေမျိုးသားချင်း
ပေါင်းဖော်သင်းပင်ဆိုတာကို အသာထား၊ မိမိ၏ ခန္ဓာကိုယ်ကိုကြည့်ပြီး
ငါ့အသားလေးက ၀င်းနေတာပဲ၊ သွားလေးတွေက လှလိုက်တာ ညီညာဖြူဖွေးလို့ စသဖြင့်
ကိုယ်ကိုယ်ကို နှစ်သက်သောသဘောနဲ့ စွဲလန်းပြီးသေသွားလျှင်
ဒီခန္ဓာကိုယ်ကိုပြန်ပြီး မှီတွယ်စားသောက်ရသော
ပိုးလောက်လန်းဘ၀သို့ရောက်ရလေသည်။ အရှင်ဇ၀န(မေတ္တာရှင်) စာအုပ်မှာ
အဲလိုဖတ်လိုက်ရတယ်။ တော်တော်လေး ကြောက်စရာကောင်းတယ်နော်။ နောက်ပြီးဆရာတော်
မိန့်နေကြစကားကို အရမ်းသဘောကျမိတယ်။ လိုချင်လျှင် ဆင်းရဲသည် မလိုချင်လျှင် ချမ်းသာသည်ဆိုတာ။
လိုချင်တယ်ဆိုတာမှာ ဘယ်အရာကိုပဲလိုချင်လိုချင် လောဘနဲ့လိုချင်ရင်
သမုဒယသစ္စာဖြစ်မယ်။ သမုဒယသစ္စာရှိနေသမျှလည်း ဒုက္ခချည်းပဲ။ ဒုက္ခဖြစ်ရင်
ဆင်းရဲမယ်။ ဒုက္ခသစ္စာဆိုတာကလည်း သမုဒယကို အရင်းခံတယ်။
သမုဒယကြောင့် ဒုက္ခဖြစ်ရသည်လို့ သိနားလည်သွားသည်နှင့် သမုဒယမှန်သမျှကို
ပယ်သတ်ရင် ချမ်းသာသွားတာပါပဲ။ တဏှာကိုဖြစ်စေတဲ့ ကာမဂုဏ်အာရုံတွေဆိုတာလည်း
အသားမကပ်တဲ့အရိုးလိုပဲ။ နှစ်ရှည်ကြာစွာ စွန့်ပစ်ထားတဲ့ ကျွဲရိုး၊
နွားရိုးတွေဟာ လဟာပြင်မှာစွန့်ပစ်ထားတာဖြစ်တော့ အသားလုံးဝမရှိတော့ဘူး။
အရသာဘယ်လိုမှ ပေးနိုင်စွမ်းမရှိတော့ဘူး။ သို့သော် ခွေးငတ်တစ်ကောင်အတွက်တော့
အဲဒီအရိုးဟာ ရွှေအိုးကြီး ကောက်ရသလိုပဲ။ အဲဒီခွေးငတ်ဟာ အရိုးကိုချီပြီး
ကျကျနန၀ပ်ပြီးတော့ တအားခဲတော့တာပဲ။ အရိုးမှာ အရသာမရှိပေမယ်လို့
ခွေးငတ်ရဲ့ခံတွင်းကထွက်လာတဲ့ အာရေတွေဟာ အရိုးကထွက်လာတဲ့အရသာလို့
သူထင်နေတော့ တာပဲ။ အာရေနဲ့ထိတွေ့ပြီးထွက်လာတဲ့ ညှီဟောက်တဲ့အနံ့ကလည်း
ခွေးရဲ့ရမ္မက်ကို စွဲမက်စေပြီးတော့ ဒီအရိုးခဲရတာကိုပဲ မော်တပြုံးပြုံး
ပျော်မဆုံးဖြစ်နေတော့တာပဲ။ ကာမဂုဏ်တရားတွေဆိုတာလည်း ဒီအရိုးလိုပဲ။
ကာမဂုဏ်တွေရဲ့အတွင်းမှာ ကိုယ်ထင်သလို သာယာဖွယ် ဘာမျှမရှိတော့ဘူး။ မိမိတို့
ပုထုဇဉ်များဟာလည်း ကိလေသာအရေကို အကောင်းထင်ပြီး သာယာနေတော့ပဲ။ အဲဒါကြောင့်
ကာမဂုဏ်တရားတွေ အထပ်ထပ်ခံစားရင် တဏှာတွေ တလိမ့်လိမ့်တိုးနေတော့တာပဲ။
အေးဟုတ်တယ်သူငယ်ချင်း။
တဏှာနဲ့ ဒိဋ္ဌိဆိုတာကလည်း သမီးယောက်ဖလိုမျိုးပဲ။ တစ်ယောက်နဲ့တစ်ယောက်
အမှီသဟဲပြုနေကြတာ။ အခုပဲကြည့် ငါက အညာသား၊ ချိုချိုလေးမှဆိုတော့ ငါဆိုတဲ့
ဒိဋ္ဌိနဲ့ ချိုတာကြိုက်တဲ့တဏှာက တစ်ခဏအတွင်းမှာ အတူပူးတွဲပါသွားတယ်။ အဲတော့
ဒိဋ္ဌိကို အရင်ကင်းအောင်လုပ်ပြီး တဏှာကိုပြတ်အောင် ဖြတ်မှ တော်မယ်သူငယ်ချင်း။
သူတိုက်တဲ့ တီးကို တစ်ချက်မော့ရင်း၊ ရင်ထဲမှာတော့ အမေးတစ်ခုပေါ်လာတာနဲ့ မဆိုင်းမတွပင် မေးလိုက်မိပါတယ်။ ဒိဋ္ဌိဆိုတာ ဘာကြောင့်ဖြစ်ရတာလဲ။
ဒိဋ္ဌိဆိုတာမှာ
သမ္မာဒိဋ္ဌိ(မှန်ကန်သောအမြင်)၊ မိစ္ဆာဒိဋ္ဌိ(မှားယွင်းသောအမြင်)ဆိုပြီးရှိတယ်။
ဒီနေရာမှာ ဒိဋ္ဌိဆိုတာ မိစ္ဆာဒိဋ္ဌိကို ပြောတာပဲ။ ဒိဋ္ဌိဖြစ်ကြောင်းက
ရှစ်မျိုးရှိတယ်။
ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ၊ သညာ တက္ကော အယောနိသော။
ဒုမ္မိတ္တော ပရတော ဃောသော၊ ဒိဋ္ဌိဋ္ဌာနာနိ အဋ္ဌဓာ။
၁။ ခန္ဓာ၏ သဘောကို မသိခြင်းကြောင့် ဒိဋ္ဌိဖြစ်သည်။
၂။ အ၀ိဇ္ဇာ(သိသင့်တာကိုမသိတာ၊ မသိသင့်တာကို သိတာ)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
၃။ ဖဿ(တွေဆုံမှု)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
၎။ သညာအမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ်သည်။
၅။ ၀ိတက်(ကြံစဉ်မှု)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
၆။ နှလုံးသွင်းမှားမှုကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
၇။ မိတ်ဆွေမှားနှင့် ပေါင်းမိ၍လည်း ဒိဋ္ဌိဖြစ်သည်။
၈။ မှားယွင်းသောတရားကို နာရသောကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
သူဋ္ဌေးသမီး
ပဋာစာရီ စိတ်ဖောက်ပြန် ရူးရအောင် ဖန်တီးခဲ့တာ တစ်ခြားမဟုတ်ဘူး။
ဒိဋ္ဌိဝိပလ္လာသကြောင့်ပဲ။ ငါ့လင်၊ ငါ့သား၊ ငါ့အဖေ၊ ငါ့အမေ၊ ငါ့အစ်ကို အဖြစ်
အမှတ်မှားလေသောကြောင့် ငိုတောင်မငိုနိုင်တော့ပဲ ရယ်ပြီး အ၀တ်မပါ ဗလာတည်းနဲ့
အထိန်းမဲ့ စိတ်ဝေဒနာရှင်ကြီးအဖြစ်ကို ရောက်ရတာပေါ့။ ဒါကြောင့်ဘုရားရှင်က
မိန့်တယ်။ ၀ဇ္ဇာနံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ ပရမာနိ
- အပြစ်တကာ အပြစ်တို့တွင် မိစ္ဆာဒိဋ္ဌိ(မှားယွင်းသောအမြင်)သည်
အပျက်စီးဆုံးသော ဘေးအန္တရာယ်ဖြစ်၏။ ဒီဒိဋ္ဌိနဲ့ တဏှာဆိုတဲ့ သံသရာကို လည်စေတဲ့
ရှည်စေတဲ့တရားတွေကို အပြီးသတ် ချေမှုန်းနိုင်ဆိုလို့
တစ်ခုပဲရှိတယ်သူငယ်ချင်း။ ဒါကလည်း ထာဝရ ဖြောင့်ဖြူးနေသော လမ်းပဲ။ အဲဒါကတော့
မဂ္ဂင်ရှစ်ပါးဆိုတဲ့ လမ်းပဲ။ သစ္စာတရားတော်၊ ၀ိပဿနာတရားတော်တွေကို
ဟောကြားလာခဲ့သော ဘုရားရှင်ပေါင်းကလည်း ဂင်္ဂါဝါဠုသဲစုမက တော့ဘူး။ တို့တစ်တွေ
ခုချိန်ထိ တဏှာရဲ့ကျေးကျွန်တွေ ဒိဋ္ဌိရဲ့အစေအပါးတွေ မဖြစ်သင့်တော့ဘူး။
လူဘ၀ရလာပြီး ဗုဒ္ဓရဲ့သစ္စာတရားတော်များကို
သံဃာတွေအရှင်မြတ်များရဲ့ကျေးဇူးတော်ကြောင့် နာကြားခွင့်လည်းရနေပြီ။
ပြေးထွက်ဖို့ လမ်းကလည်း သာနေပြီ။ ပြေးထွက်ဖို့ လမ်းက သာနေလျက်နဲ့
ပြေးမထွက်ရင်တော့ တို့လောက်မိုက်တာ ရှိတော့မှာ မဟုတ်ဘူး။
အပြစ်ဖုံးတာ အ၀ိဇ္ဇာ၊ တဏှာညွှတ်စေမှု
ကံသင်္ခါရပြစ်ချမှု၊
ရလေဘ၀တစ်ခု။ လို့လယ်တီဆရာတော်ဘုရားကြီးကလည်း မိန့်ကြားခဲ့တယ်။
ကိုယ်လုပ်နေတဲ့အလုပ်က အပြစ်လို့ကလည်းမသိ၊ သိသင့်တဲ့
ဗုဒ္ဓအဆုံးအမတွေကျတော့လည်းမသိဘဲ အ၀ိဇ္ဇာတွေဖုံးလွှမ်းတယ်။ တဏှာကိလေသာ
တရားတွေကိုလည်း ထန်းလှီးသလိုလဲ စဉ်ဆက်မပြတ်လှီးနေတယ်။ ဘယ်လိုလဲဆိုတော့
ထန်းလှီးသမားဟာ ထန်းရည်ရရှိဖို့ နေစဉ် ပါးပါးချင်းလှီးလိုက်
ကြပ်ကလေးစီးလိုက်နဲ့ ဘ၀၀မ်းစာအတွက် ကြိုးစားနေတယ်။ ပုထုဇဉ်လူသား တွေဟာလည်း
အဲလိုပဲကာမဂုဏ်တရားတွေကို နေစဉ်နဲ့အမျှခံစားပြီး တဏှာတွေ အဆက်မပြတ်ဖြစ်ပြီး
အနမတဂ္ဂသံသရာ တွင်းကျင်လည်နေကြရတယ်။ အဲလိုတဏှာတွေ နေစဉ်တိုးနေတော့ ကာယကံမှု၊
ဝစီကံမှုတွေတွေ နေ့စဉ်ပြုနေတယ်။ နေ့စဉ်အမှုတွေ ပြုနေတော့ တဏှာတွေ
ထပ်ခါတလည်းလည်းတိုး၊ တိုးတာအပြစ်လို့မသိအောင် အ၀ိဇ္ဇာကဖုံး
မဆုံးလှတဲ့သံသရာမှာ ဘ၀အသင်္ချေတွေရနေတော့တာပဲ။ တဏှာဆိုတဲ့ ကိလေသာဝဋ်၊
ကံသင်္ခါရဆိုတဲ့ ကမ္မ၀ဋ်၊ ရလာတဲ့ ဘ၀တစ်ခုဆိုတဲ့ ၀ိပါက၀ဋ်ဆိုပြီး
ဝဋ်သုံးပါးကျင်လည်နေကြရတယ်။ ကိလေသာဝဋ်၊ ကမ္မ၀ဋ် ဆိုတဲ့ သမုဒယသစ္စာ၊
ဝိပါက၀ဋ်ဆိုတဲ့ ဒုက္ခသစ္စာကနေ လွတ်ကင်းအောင် ဇွတ်အတင်း
ရုန်းထွက်နိုင်ကြဖို့ကလည်း မဂ္ဂသစ္စာဆိုသော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို
ကျင့်ကြံလျှောက်လှမ်းရင်းမှသာလျှင် နိရောဓသစ္စာဆိုတဲ့ မအိုရာ၊ မနာရာ၊
မသေရာဖြစ်တဲ့၊ ကိလေသာအပေါင်းတို့ ငြိမ်းရာသိမ်းရာဖြစ်တဲ့ အမြိုက်နိဗ္ဗာန်ကို
ရနိုင်ရောက်နိုင်မှာဖြစ်တယ်။
သူငယ်ချင်းနှစ်ယောက်
တီးကိုယ်စီသောက်ရင်း ကျွန်တော်ရင်ထဲမှာတော့ အတွေးများစွာရိုက်ခတ်နေပါတယ်။
ကျွန်တော်၏နှလုံးသားထက်မှာလည်း ဒီလမ်းကလေးကို လျှောက်လှမ်းဖို့
ဆန္ဒတွေဖြစ်နေလား ဆိုတာထက် ဖြောင့်ဖြူးနေသော လမ်းကလေးကို လျှောက်လှမ်းဖို့
ခြေလှမ်းများစွာကို ရင်ထဲမှာ မွေးဖွားလိုက်ပါသည်။ တီးခွက်ကို အသာချရင်း
ခြေစုံကိုရပ် သူငယ်ချင်းကိုနှုတ်ဆက်ခဲ့ပါသည်။ ကျွန်တော်နှလုံးသားထက်မှ
အတွေးများစွာသည် ပြောင်းလဲ သည်ဖြစ်စေ၊ မပြောင်းလဲသည်ဖြစ်စေ၊ အသိတရားများစွာ
တိုးလာသည်ဖြစ်စေ၊ သေချာသည်မှာ ကျွန်တော်လျှောက်လှမ်းသော လမ်းကလေးမှာ ထာဝရ
ဖြောင့်ဖြူးနေသော၊ မဖောက်မပြန်မှန်ကန်နေသာ သစ္စာတရားပင် ဖြစ်ပါသည်။
ဝိမုတ္တိရသမှ ပြန်လည်ကူးယူမျှဝေသည်
No comments:
Post a Comment