မြန်မာလ ၁၂လရှိရာ သီတင်းကျွတ်လသည်
ခုနှစ်ခုမြောက်လဖြစ်သည်။ ဥတုသုံးပါးရှိရာ မိုးဥတုတွင်ပါဝင်သည်။
သီတင်းကျွတ်လကို ရှေးအခါက သန်တူလဟုခေါ်ဝေါ်ကြသည်။ သံတူလ အဓိပ္ပာယ်မှာ
ဝဿာနမိုးဥတုကို “သန်”ဟူ ၍ရှေးကခေါ်ဝေါ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီ
ကျမ်း၌ဆိုသည်။ အချို့ပညာရှင်တို့က “သန်” ဟူသောပုဒ်သည် တိဗက်စသော
ဘာသာတို့မှလာသော ဝေါဟာရဖြစ်သည်။ “ကောက်စပါး” ဟုအဓိပ္ပာယ်ရသည်။ “တူ”ပုဒ်သည်
အနီးစပ် ဆုံး“ထူ”ပုဒ်နှင့်တွဲယူရမည်ဟုဆိုသည်။ ထောင်သည်၊ မတ်သည်
ဟုအဓိပ္ပာယ်ဆောင်သည်။
ထို့ကြောင့်သန်တူလသည်
ကောက်စပါးပင်များ ထောင်မတ်လာသောကာလဟု အဓိပ္ပာယ် ဟုယူဆကြသည်။
ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်သည်မှာ ၀ါဆိုလပြည့်နေ့ မှစ၍
ဝါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)၊ သီတင်းသုံးရာ ကျွတ်သောကြောင့် “သီတင်းကျွတ်လ”
ဟူ၍ခေါ်ဆိုသည်ဟုဆို၏။ ရှေးမြန်မာဘိုးဘွားများလက်ထက်ကတည်းက သီတင်းကျွတ်
လပြည့်နေ့တွင် ဆီမီးထွန်းခြင်း၊ ဘုရားစေတီများကို မီးပူဇော်ခြင်း၊
မိဘဘိုးဘွားဆရာသမားတို့ကို အာမိသ၀တ္ထုဖြင့် ကန်တော့ခြင်းစသော ပူဇာစ
ပူဇနေယျာနံ မင်္ဂလာ၊ ဂါရ၀၊ နိဝါတ မင်္ဂလာ အမှုတို့ကို နှစ်စဉ်ပြုလုပ်ကြပါသည်။
သီတင်းကျွတ်လပြည့်နေသည်
ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့လည်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့
ကြွမြန်းဆင်းသက်တော်မူသည့် နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ်
သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားရှင်အား
ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည်
ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည်
မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို
ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့
သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု
သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ လည်းကျင်းပကြသည်။ တစ်နည်းဆိုလျှင်
သီတင်းကျွတ် လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ
လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက
ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်းတန်းဖြင့်
ဆင်းသက်တော်မူသည်။ ထိုသို့နတ်ဗြဟ္မာများခြံရံလိုက်ပါ ၍ ဆင်းသက်တော်မူလာသည့်
ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိတင့်တယ်ပြည့်စုံသော အသရေတော်ကို
ဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊
ဘုရားဖြစ်ချင်စိတ်တွေပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့ကြောင့်
“ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည်
ဝါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော
သံဃာတော်အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့်
အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့ အထိဝါဆိုကြသည့် သံဃာများသည်
အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးလည်းရရှိကြသည်။
အချုပ်အားဖြင့်ဆိုရသော်..
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက
ပြောကြားပါရန် အချင်းချင်းဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊
ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြားပြီးမြောက်
အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ
သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင်
ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့်
ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့ ဘုရားရှင်အား
အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆုပန် သောနေ့စသော
ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင်ဖြစ်ပါသည်။
No comments:
Post a Comment