
လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။ မည်သူကမျှ ယင်းတို့ကို ဆက်ဆံရန် မ၀ံ့ကြ။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။
လူတော်များသည် ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်သဖြင့် လူတိုင်းက သူတို့ကို နှစ်သက်ကြ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။
ပညာရှိများမှာမူ ကျေးဇူးရှင်တို့အား စိတ်၏ချမ်းသာမှုကို ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။
(The Foolish, The Clever, The Wise by Charles Akara)
ကျေးဇူးဟူသော
စကားကို ဆိုလိုက်သည်နှင့် ကျေးဇူးတရား၊ ကျေးဇူးရှင်၊ အကျိုးကျေးဇူး
စသည်တို့ကို ပြေးမြင်မိကြတတ်ကြ၏။ အနောက်တိုင်းယဉ်ကျေးမှုမှာလည်း thank you
ကျေးဇူးတင်ပါတယ် ဟု အမြဲတမ်းလို ပြောကြသည်ကို ကြားနေရ၏။
အနောက်တိုင်းမှာတော့ တသီးတသန့် ကျေးဇူးတော်နေ့ အဖြစ်သတ်မှတ်ကာ
ကျင်းပကြသည်ကို တွေ့ရ၏။ ကျေးဇူးဆိုသည်မှာလည်း အကျိုးပြုမှု၊ ကူညီမှု၏ ရလာဒ်
ဟူသော အကျိုးတရားတစ်ခုပင် ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း၌ လူတစ်ယောက်က
လူတစ်ယောက်ကို ကျေးဇူးပြုခြင်းသည် အကျိုးပြုခြင်းပင် ဖြစ်၏။
ကျေးဇူးပြုခံရသည့် ပုဂ္ဂိုလ်သည် မိမိအပေါ်ကျေးဇူးပြုလာသူကို အလွန်ပင်
တန်ဘိုးထားတတ်ကြ၏။ ကျေးဇူးကန်းလျှင်တော့ အလွန်ပင် စက်ဆုတ်ရွံရှာကြ၏။
ကျေးဇူးမတင်သော်လည်း ကျေးဇူးကိုတော့ မကန်းဖို့ အထူးလိုအပ်၏။
မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာလည်း လူတစ်ဦးနှင့် တစ်ဦး
ကူးလူဆက်ဆံကြရာမှာ ကျေးဇူးတရားကို အလေးထားဆက်ဆံတာကို တွေ့ရ၏။ ဤသည်မှာ
မြန်မာတို့၏ ယဉ်ကျေးမှုတစ်ရပ်ဟုပင် ဆိုနိုင်၏။ မြန်မာတို့သည် မိမိအပေါ်
တင်ရှိသည့် ကျေးဇူးကို မမေ့တတ်ကြ၊ ကျေးဇူးတရားကို သိတတ်ကြ၏။
လူအဖွဲ့အစည်းမှာ ကျေးဇူးတရားကို မသိတတ်ကြသူများ
အနည်းအကျဉ်းရှိနိုင်ငြားသော်လည်း မြန်မာပြည်သားတို့သည် ကျေးဇူးတရားကို
အလွန်တန်ဖိုးထားကြသည်မှာတော့ မည်သူမျှ မငြင်းနိုင်ပေ။
စိတ်ဓာတ်ယဉ်ကျေးသူမှန်လျှင်
ကျေးဇူးတရားကို သိတတ်ကြပါ၏။ ဤကျေးဇူးတရားကို တန်ဖိုးထားတတ်မှု၊
ကျေးဇူးတရားကို သိတတ်မှု တို့သည် လူ့ယဉ်ကျေးတို့၏ ကောင်းမွန်သည့် စိတ်ထား
သဘောတရားကို ဖော်ထုတ်ပြသရာလည်း ရောက်ပါသည်။ လူ့လောကမှာ ကျေးဇူးတရားနှင့်
ကင်းသူဆိုတာတော့ မရှိပေ။ သို့သော် သူတစ်ပါး၏ ကျေးဇူးတရားကို သိတတ်ဖို့၊
ကျေးဇူးတုံ့ပြန်ဖို့ လိုအပ်သော်လည်း ကျေးဇူးတုံ့ပြန်ရမည့် လုပ်ရပ်သည်
တိုင်းပြည်နှင့် အမျိုးဘာသာ၊ သာသနာအတွက် တစ်စုံတရာ ထိခိုက်စေမည့်
မတော်မတရား လုပ်ရပ်မျိုးဖြစ်လျှင် ကျေးဇူးတုံ့ပြန်ရမည့်သူအတွက်
အလွန်တရာဆိုးလှပါသည်။ ထိုအခြေအနေမျိုးမှာ တစ်စုံတရာကျေးဇူးမဆပ်တာက
ပို၍ကောင်းသေး၏။ ဥပမာ လူဆိုးသူခိုး သို့မဟုတ် မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားသူ တစ်ဦးက ပေးကမ်းပြုစုမှုကို လက်ခံရယူမိသည့်
သူတစ်ယောက်သည် မိမိကျေးဇူးပြုခံရတာနှင့် မမျှလှသည့် တုံ့ပြန်ပေးဆပ်မှုများ
ပေါ်ပေါက်လာနိုင်၏။ ထိုအချိန်မှာ မိမိကိုယ်ကို မလွှဲသာမရှောင်သာဘဲ မသမာသည့်
လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လာ၏။ ယင်းအခြေအနေမျိုးမှာ ဆုပ်ရင်လည်း ဆူး၊
စားရင်လည်း ရူးသည့် ပဒိုင်းသီးကို မျိုချနေသည်နှင့်တူ၏။ ထို့ကြောင့်
တကယ်မလိုအပ်ပါက မကြာခဏ အကူအညီတောင်းခံတာမျိုးကိုလည်း သို့မဟုတ်
မိမိသူတစ်ပါး ကျေးဇူးတရားပိအောင်လုပ်တာမျိုးတွေကို ထည့်သွင်းစဉ်းစားသင့်၏။
လွယ်လွယ်နှင့် မပြုသင့်၊ မိမိကိုယ်ကို မိမိ တတ်နိုင်သမျှ အားကိုးပြီး
ဖြေရှင်းသင့်၏။
ဗုဒ္ဓဘာသာဝင်တို့အဖို့ကတော့
ရတနာသုံးပါး မိဘ ဆရာသမား ကျေးဇူးတရားတို့သည် တန်ဖိုးအရှိဆုံးနေရာမှာ
ထားကြ၏။ ထိုရတနာသုံးပါး မိဘ ဆရာသမားတို့၏ ကျေးဇူးတို့သည်
တန်ဖိုးမဖြတ်နိုင်သည့် အေးမြလှသည့် ကျေးဇူးတရားတို့ပင်ဖြစ်၏။
မြတ်ဗုဒ္ဓစာပေမှာလည်း ကျေးဇူးပြုခြင်းကတညု နှင့် ကတဝေဒီ- ကျေးဇူးတုံ့ပြန်ရန်
သိတတ်ခြင်းကို ဒုလ္လဘတရား ငါးပါးတို့တွင် တစ်ပါးအပါအဝင်အဖြစ် တွေ့ရ၏။ နေ့စဉ်
အသက်ရှင် လှုပ်ရှားနေရသည့် ဗုဒ္ဓဘာသာဝင်တို့အဖို့ ဒုလ္လဘတရား ငါးပါးသည်
အလွန်ပင် မှတ်သားဖွယ် ကျင့်ကြံလိုက်နာဖွယ်ကောင်းလှ၏။ ဒုလ္လဘဆိုသည်မှာ
အလွန်ရခဲလှသည့် ဖြစ်စဉ်တရပ်ပင်တည်း။
(၁) လူသားတို့သည် ဘုရားပွင့်တော်မူသည့်ကာလ သို့မဟုတ် ဘုရားသာသနာနှင့် ကြုံဖို့ရန် ခဲယဉ်းလှ၏။
(၂) သူတစ်ပါးကို သဘောပေါက် နားလည်အောင် ဟောဖော်ညွှန်ပြတတ်သည့် ပုဂ္ဂိုလ်မျိုးလည်း ကြုံဖို့ အလွန်ခဲယဉ်း၏။
(၃) သူတစ်ပါးဟောကြားပြသ ဆိုဆုံးမသည့် တရားဓမ္မသြဝါဒကို ထောင်တတ်သည့် နား သောတ ရှိဖို့လည်း အလွန်ခက်ခဲလှ၏။
(၄) တဖန် တရားဓမ္မသြဝါဒကို ကိုယ်တိုင် ကျင့်ကြံအားထုတ်ဖို့ ခက်ခဲလှ၏။
(၅) ကျေးဇူးပြုခြင်းနှင့် ကျေးဇူးတရား တုံ့ပြန်တတ်ရန်လည်း အလွန်ပင် ခက်ခဲလှ၏ ။
ရခဲ
ကြုံခဲလှသည့် တရားတို့ကို သိရှိနားလည်ပြီး လက်တွေ့ဘဝနှင့် ကိုက်ညီအောင်
ကြိုးစားရမည်ဖြစ်၏။ လသာတုံး ဗိုင်းငင်၊ အချိန်ရှိခိုက် လုံ့လစိုက်၊
ဆိုသည့်အတိုင်း မိမိ၏ အသက်နှင့် အချိန်လေးကို ဂရုစိုက်ပြီး အရေးပါ
အရာရောက်အောင် တန်ဖိုးရှိအောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်၏။ မှန်ပါသည်။
မိမိတို့ ယခုခေတ်ကာလ သက်မှတ်ထားသည့် အသက်ပိုင်းခြားအလိုက် မိမိတို့
နေရမည့်အချိန်ကလေးကို ခန့်မှန်းတွက်ချက်ကာ ဘဝအမြတ်ကို ထုတ်ယူသင့်၏။
အသက်အပိုင်းအခြားအလိုက် လုပ်သင့်သည့်လုပ်ငန်းများ အကျိုးရှိရှိ
အသုံးချနိုင်ရန် အချိန်ဇယားဆွဲ၊ အချိန်ကာလပိုင်းခြား သတ်မှတ်လုပ်ဆောင်လျှင်
ပို၍ကောင်း၏။ အချိန်သည် အသက်ပင် ဖြစ်၏။ အချိန်သည်လည်း အသက်တမျှ
အသုံးချတတ်သူအတွက် အလွန်တန်ဖိုးရှိလှ၏။ အသိအလိမ္မာ၊ အတတ်ပညာနှင့် ပစ္စည်းဥစ္စာ
ရှာဖွေစုဆောင်းရန် အချိန်ကာလ စောနိုင်လေလေ အကျိုးရှိလေလေ ဖြစ်မည်ထင်၏။
လက်တွေ့ကျကျ စတင်လုပ်ဆောင်ရန်ကာလသည် ယခုလက်ရှိ ပစ္စုပ္ပန်အချိန်ကာလပင် ဖြစ်၏။
ငယ်ရွယ်နုပျိုစဉ်ကာလသည် တက်ကြွထက်မြက်လှသဖြင့် အလွန်အရေးကြီးပါ၏။
ရုပ်ပိုင်းဆိုင်ရာ
ယိုယွင်းစပြုလာပြီး မျက်စိမှုန် ခါးကိုင်း နားထောင်သည့် ဇရာအိုဘဝ
နေဝင်ချိန်ကာလ အထိ လုပ်သင့်သည့် လောကီ လောကုတ္တရာ ကြီးပွားရေး
လုပ်ငန်းများကို မစောင့်သင့်။ မိုးလွန်မှ ထွန်ချသည့် အဖြစ်မျိုးကို
နှမြောတသ နောင်တရသည့် အဖြစ်မျိုးကို မလုပ်သင့်၊ မိုးရွာတုန်း ရေခံ၊
လသာတုန်း ဗိုင်းငင်ခြင်းသည် ရခဲလှသည့်တန်ဖိုးကြီးမာလှသည့် အချိန်ကာလများကို
အမိအရ မှန်ကန်စွာ အသုံးချခြင်းပင် ဖြစ်၏။ ထို့ပြင် အကျိုးရှိသော
စကားများကို လမ်းညွှန်ပြသ ဆိုဆုံးမတတ်သည့် ကျေးဇူးရှင်များနှင့်
တွေ့ရဆုံရခြင်းသည် အလွန် ရခဲလှ တန်ဖိုးကြီးမားလှပါ၏။ မိမိတို့ ကိုယ်တိုင်
နားထောင်တတ်သည့် နားရှိရမည် ဆိုရာဝယ် သူတစ်ပါးဟောပြောဆုံးမ မှုသည်
တကယ်အကျိုးလို၍ ဆုံးမသလော သို့မဟုတ် ပျက်စီးရာပျက်စီးကြောင်းကို
ပြောနေသလောဆိုတာကို ကွဲပြားစွာသိဖို့ တန်ဖိုးရှိလှသည့် စာအုပ်စာပေနှင့်
ဘဝအသိဥာဏ်တို့ အထူးလိုအပ်လှ၏။ မိမိတို့ကိုယ်တိုင်
အတွေ့အကြုံဗဟုသုတအရည်အချင်းရှိလျှင် မှားယွင်းသောအတွေးအခေါ် ဟောပြောမှု
မြှူဆွယ်မှုတို့ကို ချက်ခြင်းလက်မခံဘဲ ဥာဏ်နားဖြင့် နားထောင် အသိဥာဏ်ဖြင့်
ဆုံးဖြတ်ကာ သူတစ်ပါး၏ နှတ်ဖျားပေါ်မှာ ဘယ်သောအခါမှ လမ်းမဆုံးနိုင်တော့ပေ။
ထို့ကြောင့် သူတစ်ပါး စကားကို မှန်ကန်စွာ နားထောင်တတ်ရန်
အမှန်းအမှန်ခွဲခြားသိမြင်နိုင်ရန် မိမိသာလျှင် အဓိက အရေးကြီးလှ၏။
အသိနှင့်
လုပ်ဆောင်ချက်သည် ဟန်ချက်ညီရန် အလွန်အရေးကြီးလှ၏။ အသိကို အလုပ်ဖြင့်
လက်တွေ့ကျင့်စဉ်ဖြင့် အကောင်ထည်ဖော်မှသာလျှင် မိမိတို့ လိုလားအပ်သည့်
အသီးအပွင့်များ ခံစားရမည်ဖြစ်၏။ ကိုယ်တိုင်အားထုတ်မှုမရှိပါက သဘောတရား
သီအိုရီများသည် လက်တွေ့ဘဝတွင် ထင်သလောက် အသုံးကျလိမ့်မည် မဟုတ်။ သဘောတရား
အသိတရားလောက်ဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်အားထုတ်မှု
လက်တွေ့လုပ်ဆောင်မှုသည် သူတစ်ပါးအတွက်မဟုတ် မိမိအတွက် မိမိသာလုပ်ဆောင်ရမည့်
အရေးကြီးသော လမ်းစဉ်တစ်ခုပင်ဖြစ်၏။ မိမိကိုယ်တိုင်သိမြင်သဘောပေါက်ကာ
ကိုယ်တိုင်အားထုတ်မှုမှ သီးပွင့်လာသည့် အကျိုးကျေးဇူးများကို ခံစားကာ
မိမိပြုလုပ်ခဲ့သည့် ကျေးဇူးဂုဏ်များကို အောက်မေ့တသ အမှတ်ရလျှက်
ဘဝပျော်ရွှင်ကြည်နူးလန်းဆန်း အထက်တန်းကို လျှောက်လှမ်းနိုင်မည်မှာ
ဧကန်ပင်ဖြစ်၏။
စာဖတ်သူတို့သည်
ကိုယ်တိုင်ဥာဏ်ဖြင့်သဘောပေါက်နားလည်ကာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များနှင့်
ကျေးဇူးရှိသည့်ပုဂ္ဂိုလ်များကို မှန်ကန်သော နည်းလမ်းများဖြင့်
ကျေးဇူးတုံ့ပြန်နိုင်လျှင် အပြန်အလှန် ကျေးဇူးတင်ကာ ကြည်နူးဝမ်းသာ
စိတ်ချမ်းသာကြမည်သာဖြစ်၏။ ကျေးဇူးရှင်များကို နှတ်၏စောင့်မခြင်း၊ ကိုယ်၏
စောင်မခြင်းများဖြင့်လည်း ကျေးဇူးဆပ်နိုင်၏။
အပြန်အလှန်ကျေးဇူးတုံ့ပြန်ခြင်းဖြင့် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သည့်
ကျေးဇူသစ္စာတရားကို အောက်မေ့တသ သတိရလျှက် ကိုယ်စီကိုယ်စီ အလိုညီကာ
စွမ်းဆောင်နိုင်ကြပါစေ ဟု ဆန္ဒပြုရင်း…။
မေ့သားလှဆိုဒ်မှ တစ်ဆင့်ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
No comments:
Post a Comment