ဆူးဖြစ်မယ့်အပင်
ငယ်ငယ်တည်းက ရှင်းထားတာကောင်းတယ် ဆိုတဲ့ စကားကို ဓမ္မဘေရီဆရာတော်ကြီးဟောတဲ့ အဇာတသတ်
အကြောင်းတွေထဲက ကြားဖူးရာကနေစပြီး ဆူးဆိုတာကို ကျွန်တော် သတိပြုမိခဲ့တာပါ။
ငယ်စဉ်တည်းက နွား ကျောင်း၊ ဆိတ်ကျောင်း လာတဲ့ ကျွန်တော့်အတွက် ဆူးဆိုတာ
ကိုယ်နဲ့တရင်းတနှီး ရှိခဲ့ဖူးပါတယ်။ အန္တရာယ်များတဲ့ ထိုဆူးတွေကို ကျွန်တော် မနှစ်သက်ဘူး။
တစ်ခါတစ်လေလည်း စဉ်းစားမိတယ်…. ဒီဆူးတွေကို ဘယ်သူများ လာချွန်ပေးသလဲ ပေါ့။
တကယ်တော့
ဆူးဆိုတာ မွေးတည်းက အချွန်ပါပြီသားပါပဲ။ သူ့ကိုလာထိတဲ့အရာတိုင်း၊
သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင် သူလုပ်နိုင်စွမ်းရှိပါတယ်။ သူတော်ပါတယ်။
အားနည်းချက်တစ်ခုပဲ ရှိတယ်။ အဲ့ဒါက ပေါက်သွားတဲ့နေရာကို ပြန်ပြီး ဖာထေးမပေးတတ်ဘူး။
အဲ့ဒါဆူးပဲ။ ဒါပေမယ့် အပ်ကတော့ ဒီလိုမဟုတ်ဘူး။ သူ့မှာလည်း ချွန်တာလေး ပါတာပဲ။
သူ့ကိုလာထိတဲ့အရာတိုင်း၊ သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင်လုပ်နိုင်စွမ်းက
သူ့မှာလည်းရှိတယ်။ သို့သော် ပေါက်သွားတာကို ပြန်ဖာပေးတတ်သလို ကွဲသွားတာကိုလဲ
ပြန်စေ့ပေးတတ်တာ သူ့အရည်အချင်းပါပဲ။ ဆူးကို လူတွေက တွေ့တာနဲ့ ကောက်ပြီး
အမှိုက်ကျင်းထဲချကြတယ်။ တံပျက်လှည်းပြီး လူသူဝေးရာမှာ စွန့်ပစ်ကြတယ်။ အပ်ကျတော့
တယုတယ ဗူးလေးတွေနဲ့ သိမ်းထားတတ်ကြတယ်။
လောကမှာ လူဆိုပြီးမွေးလာတည်းက ကိုယ်ပိုင်အရည်အချင်းတွေ၊
စွမ်းရည်သတ္တိတွေစတဲ့ အချွန်လေးတွေ ပါလာတတ်ကြတာ ချည်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။
နို့ဆာနေတဲ့ကလေးငယ် တစ်ယောက်ကို ငိုပြီးနို့တောင်းတတ်အောင် ဘယ်သူကများ
သင်ပေးလိုက်သလဲ။ အစာရအောင်ရှာတတ်တဲ့စွမ်းရည် သူ့မှာ ရှိပါတယ်။ လူမှမဟုတ်ပဲ
အခြားသော တိရိစ္ဆာန်တွေမှာလည်း သူတို့ကိုယ်ပိုင် စွမ်းရည်တွေရှိကြတာချည်းပါပဲ။
ဒါပေမယ့် လူနဲ့ အခြားသူ မတူတာက အသိဥာဏ် ပဲဖြစ်ပါတယ်။ ဆင်ကြီးတွေ
ခွန်အားတွေကောင်းကြတယ်။ ဆင်လောက် ဘယ်လူမှ ခွန်အားမကောင်းနိုင်ဘူး။ မြင်းတွေ
အပြေးသန်ကြတယ်။ မြင်းနဲ့လူ ပြိုင်ပြေးဖို့တော့ မဖြစ်နိုင်ဘူး။ ငါးတွေ
ရေကူးကောင်းကြတယ်။ ငါးလောက်တော့ လူတွေ ကြာရှည်ရေမကူးနိုင်ဘူး။ လင်းယုန် ငှက်တွေ
မျက်စိအားကောင်းကြတယ်။ အမြင့်ကနေပြီး မြေပြင်က သားကောင်ကို ရှာဖွေ နိုင်ကြတယ်။
လူတွေသူ့လောက် အမြင်အား မကောင်းဘူး။
တိရိစ္ဆာန်လောကနဲ့ယှဉ်ပြိုင်ရင်
လူဟာ အရှုံးဘက်ကများပါတယ်။ ဒါပေမယ့်လူမှာ ထူးခြားတဲ့အရာတစ်ခုက ဦးနှောက်
တနည်းအားဖြင့် အသိဥာဏ်ပဲ။ လူကတိရိစ္ဆာန်ကို အုပ်ချုပ်သွားတာ ဦးနှောက်ပဲ။ ဒါကြောင့်
အသိဉာဏ်ဟာ အရေးကြီး တယ်။ အင်အားကောင်းတဲ့ ဆင်လည်း ခိုင်းတာပဲ။ အပြေးမြန်တဲ့
မြင်းကိုလည်း လိုအပ်တဲ့နေရာတွေမှာ အသုံးချတာပဲ။ ငါးကိုလည်း ဖမ်းနိုင်တာပါပဲ။
ဒါကြောင့် ခွန်းအားထက် ဉာဏ်အားဟာ အရေးပါတယ်ဆိုတာ အရှင်းသားပေါ်လွင် လာပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့တရားတော်တွေဟာ အတွေးသက်သက်ချည်း မဟုတ်ဘူး။
အနောက်တိုင်းက ဒဿနိ ကတွေ ဘယ်လောက်ကောင်းတယ် ပြောပြော ဘုရားရှင်ဟောခဲ့တာကို
မမှီနိုင်ဘူး။ ဘာကြောင့် လဲဆိုတော့ သူတို့ကတွေး တောကြံဆပြီး ပြောတာဖြစ်ပြီး
ဘုရားရှင်ပြောကြားခဲ့တာတွေက လက်တွေ့ ကျင့်သုံးပြီးမှ ထွက်ပေါ်လာတဲ့ အမှန်တရားတွေ
ဖြစ်နေတာ ကြောင့်ပဲ။
ပညာဥာဏ်ထက်မြက်ဖို့အတွက် မြတ်စွာဘုရားရှင် ပြောခဲ့တာ ရှိတယ်။
အဲ့ဒါတွေက မှန်မှန်ကန်ကန်မြင်တတ်ဖို့နဲ့ မှန်မှန် ကန်ကန်တွေးတတ်ဖို့ပဲ ဖြစ်ပါတယ်။
မှန်မှန်ကန်ကန်နားလည်မှုကို ဘာတွေနဲ့ဖွံ့ဖြိုး အောင်လုပ်ရလဲဆိုတော့ သင်ကြားရတယ်။
နားထောင် ရတယ်၊ လေ့လာရတယ်၊ ဖတ်ရှုရတယ်၊ နှိုင်းယှဉ်ရတယ်။ ဒါကြောင့် ငယ်ငယ်တည်းက
ကျောင်းတွေ နေကြရတယ်။ ငယ်ငယ်တုန်းက ကျောင်းသွားပြီးတော့ ပညာသင်ရင်းနဲ့
ပတ်ဝန်းကျင်ကမြင်တာ ကြားတာတွေကို မှတ်သားလာကြတယ်။ ဒီလိုနဲ့ကိုယ်မှာ
အမှန်လေးတွေမြင်လာတယ်။ ပညာသင်တယ်ဆိုတာ ဘ၀နဲ့ပတ် သက်ပြီး
အမှန်မြင်လာအောင်သင်တာပါပဲ။ ဒီလိုရဖို့ အတွက် မှန်းကန်သောတွေးခေါ်မှုလိုတယ်။
စာကျက်တာတောင်မှ နည်းစနစ်တွေကို သူတစ်ပါးစီကရော ကိုယ့်ဆီကရော ယူရတာပဲ။
အလုပ်တစ်ခုမလုပ်ခင်မှာ စတင်ပြီးတွေးရတယ်။ ဒါတွေဟာ ကိုယ့်သန္တာန်မှာ ရှိတာတွေပါပဲ။
အမှန်မြင်တာနဲ့ အမှန်တွေးတာတွေ တိုးတက်လာရင် တိရိစ္ဆာန်တွေကို အုပ်ချုပ် နိုင်တဲ့
စွမ်းရည်တင် မကပဲ၊ ကိုယ့်ကိုယ်ကို ပုံစံဖော်နိုင်တဲ့ စွမ်းရည်သတ္တိပါ ရလာနိုင်ပါတယ်။
ကိုယ့်ဘ၀ရဲ့ ဗိသုကာဟာ ကိုယ်ပဲ ဆိုတဲ့စကားလည်း ရှိတာပဲလေ။ ဘ၀ကို တိုးတက်လာအောင်၊
ဆုတ်ယုတ်သွားအောင် ကိုယ်တိုင်ပဲ ဖန်တီးကြတာပါ။
ရွဲကုန်သည်ဘ၀က
ရှင်ဒေ၀ဒတ်အလောင်းတော်ဟာ သူအစပျိုး ခဲ့မိတဲ့ ဒေါသအာဃာတ တရားတွေကြောင့် သူ့ဘ၀ပုံစံ
တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတယ်။ မြတ်စွာဘုရားအလောင်းတော်နဲ့ ကြုံတဲ့ဘ၀တိုင်းမှာ
ဘုရားအလောင်းတော်ကို ဖျက်စီးတဲ့ သူအဖြစ်နဲ့ သူ့ဘ၀ကို ပုံဖော်ခဲ့တယ်။ ဒါကြောင့်ပဲ ဖျက်စီးတဲ့
သူ့တစ်ယောက်အတွက် အပျက်အစီးတွေကိုပဲ သူပိုင်ခဲ့တာပါ။ ဒါပေမယ့်
ရှင်ဒေ၀ဒတ်ကြီးမြေမမြိုခင်မှာ ဘုရားရှင်ကို တောင်းပန်ဝန်ချ ကန်တော့ခဲ့တာဟာ
သန္တိသုခကို ပိုင်ဆိုင်ဖို့ မျိုးစေ့ချခဲ့လိုက်တာပါပဲ။ အဲ့သလိုကောင်းတာလေးတစ်ခု
အစပြုခဲ့မိတာဟာ တစ်ချိန်မှာ ပစ္စေကဗုဒ္ဓဖြစ်ဖို့ ပုံဖော်လိုက်တာပဲ လို့ မြင်မိပါတယ်။
အရှင်ဒေ၀ဒတ်နဲ့ ပေါင်းမိခဲ့တဲ့ အဇာတသတ် ဘုရင်ကြီးလည်း ဖခင်ကို ပြန်သတ်ပြီး
နန်းလုမိတဲ့ အဖြစ်နဲ့ ဘ၀ကို ပုံဖော်ခဲ့တာပါပဲ။ သို့သော်
မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလ ဒေသနာတော်ကို နာကြားလိုက်ရတဲ့အချိန်မှာ သူလည်း
ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့ပြန်ပါတယ်။ မှားမိသမျှ ၀န်ချ တောင်းပန်ပြီး
အမှန်လမ်းလျှောက်လှမ်းကာ ကောင်းသောလူသား တစ်ဦးအဖြစ် ဘ၀ကို ပုံဖော်နိုင်ခဲ့ပါတယ်။
ဒါတွေကိုကြည့်လိုက်တော့
ဘ၀ဆိုတာ ကိုယ်ပုံဖော်ရင် ဖော်သလို ဖြစ်နေတာပါပဲလားလို့ မြင်လာပါတယ်။ ကောင်းချင်ရင် ကောင်းအောင် လုပ်နိုင်သလို မကောင်းချင်ရင်လည်း
မကောင်းအောင် လုပ်နိုင်တာပါပဲ။ ဒါဟာ လူသားတစ်ယောက်ရဲ့ စွမ်း ရည်ပဲ။ လူတိုင်းမှာ
ချွန်တာပါတယ်ဆိုတာ ဒါပါပဲ။ တစ်ချို့က ဆူးအဖြစ်နဲ့ ချွန်ကြတယ်။ တစ်ချို့က
အပ်အဖြစ်နဲ့ ချွန်ကြ တယ်။ ဆူးရဲ့ဘ၀က ပရမ်းပတာနဲ့ နဖားမပါတဲ့ဘ၀မို့ ဖောက်တဲ့အလုပ်ပဲ
သူလုပ်နိုင်တယ်။ ပြန်လည်ကောင်းမွန်အောင် တည်ဆောက်ရတဲ့ အလုပ်ကို မလုပ်နိုင်ခဲ့ဘူး။
အပ်ကတော့ နဖားပါတယ်။ ဒါကြောင့်တည်ဆောက်နိုင်တယ်။ တို့လူသား တွေမှာတော့
အမြင်မှန်ကန်ခြင်း၊ အတွေးမှန်ကန်ခြင်းဟာ နဖားပဲ။ သူရှိနေတာကြောင့် သူနဲ့လာသွယ်တဲ့
ကြိုးတွေနဲ့ဆက် စပ်လိုက်ပြီး အဆင်မပြေတာတွေကို ပြေအောင်လုပ်နိုင်တယ်။
ဆိုးနေတာတွေကို ကောင်းအောင်လုပ်နိုင်စွမ်းတယ်။ ဘ၀မှာ ဆူးခင်းသောလမ်း
မလျှောက်ရဖို့က ကိုယ်တိုင် ဆူးတွေမခင်းမိဖို့ပဲ လိုတာပါ။
ကောင်းတာကို နားလည်သလောက်လုပ်စမ်းပါ။ လုပ်ရင်းလုပ်ရင်းနဲ့
နားလည်လာလိမ့်မယ်။ သိသလောက်ကျင့် ကျင့်သလောက် သိလာလိမ့်မယ်
ဆိုတဲ့ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒစကားကို အမှတ်ရမိပါတယ်။ ကိုယ်ကကောင်းတာတွေကို သိသလောက် ကျင့်နိုင်ဖို့
အရေးကြီးလှပါတယ်။ ဒါမှလည်း လောကအတွက် ဆူးတစ်ချောင်း၊ ဘ၀အတွက် ဆူးတစ်ခက်
အနေနဲ့ မဖြစ်စေဘဲ နဖားပါတဲ့အပ်၊ အမြင်မှန်၊ အတွေးမှန်ပါတဲ့ လူသားတစ်ယောက် အဖြစ်နဲ့
ဘ၀ကို ပုံဖော်နိုင်ကြမှာပါ။
လောကကို အလှဆင်နိုင်ကြပါစေ။
သုခရိပ်
No comments:
Post a Comment