လွန်လေပြီးသော
နှစ်ပေါင်း ၂၅၀၀ ကျော်၊ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ၀ိသာခါဆိုသည့်
ပုဗ္ဗာရုံ ကျောင်းအမကြီးအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပြီးဖြစ်သည်။ ပုဗ္ဗာရုံ
ကျောင်းအမကြီး၏ စွမ်းဆောင်ချက်များ၊ အလှတရားများစွာထဲမှ အစိတ်အပိုင်းတစ်ခုကို
ဖော်ပြချင်ပါသည်။ မိဂါရမာတာဆိုသော ဘွဲ့အမည်ပင်ဖြစ်ပါ၏။ ဒီဘွဲ့လေးကို
မည်သို့ရရှိခဲ့တယ်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသလို
မှတ်သားဖွယ်လည်းကောင်းပါသည်။
အဖိုးအနဂ္ဃထိုက်တန်သော
မဟာလတာ ၀တ်စုံတန်ဆာကြီး ပြီးစီးသည့် တန်ဆောင်မုန်းလပြည့်နေ့၊ ထိုနေ့သည် ၀ိသာခါ
သတို့သမီးလောင်း၏ ယောင်နောက်ဆံထုံးပါဆိုသလို လင်သားအိမ်သို့ လိုက်ရမည့်နေ့ဖြစ်၏။
ဖခင်ဓနဉ္စယ သူဋ္ဌေးကြီး သည် သမီးအား သြ၀ါဒအမှာစကား (၁၀)ချက် ပေးလေ၏။ (၁)
အိမ်တွင်းကမီးကို အပြင်သို့ မထုတ်ဆောင်ရ။ (၂) အပြင် ပကမီးကို မိမိအိမ်တွင်းသို့ မသွင်းဆောင်ရ။
(၃) ပြန်ပေးသော သူတို့အားသာ ပေးရမည်။ (၄) ပြန်မပေးသောသူတို့အား မပေးရ။ (၅)
ပေးသော်လည်းကောင်း၊ မပေးသော်လည်းကောင်း ပေးရမည်။ (၆) ချမ်းသာစွာ နေထိုင်ရမည်။ (၇)
ချမ်း သာစွာ အိပ်ရမည်။ (၈) ချမ်းသာစွာ စားရမည်။ (၉) မီးကို ရိုသေစွာ
ပြုစုလုပ်ကျွေးရမည်။ (၁၀) အိမ်တွင်းနတ်တို့ကို ရှိခိုးရ မည်ဟူ၍ ဖြစ်၏။
နောက်
ကောသလမင်းကြီးနှင့် မှူးမတ်တို့အလယ်တွင် သူကြွယ်ရှစ်ယောက်အဖွဲ့ ဖွဲ့ပေး၍ နောင်
သမီးမှာ အပြစ်တစ်စုံတစ် ရာ ရှိလာခဲ့သော် ထိုသူကြွယ်ရှစ်ဦးတို့က စုံစမ်းစစ်ဆေး
ဖြေရှင်းပေးရန် အပ်နှံခဲ့၏။ သာကေတမှ သာဝတ္ထိအသွား လမ်း တစ်လျှောက်တွင်
အစစအရာရာအဆင်ပြေစေရန်လည်း အကွက်စေ့စေ့ စီမံပေးလိုက်လေ၏။ ၀ိသာခါ ရောက်ရှိသော
ပထမဆုံးနေ့မှာပင် ရရှိလာသော လက်ဆောင်ပဏ္ဏာတို့ကို တစ်ဦးမှ အခြားတစ်ယောက်သို့ ဤသူမှ
ထိုသူ့ထံသို့ စသဖြင့် အဆင့်လွှာအလိုက် ထိုက်တန်စွာ သင့်လျော်စွာ ပြန်လည်လှူဒါန်းသော
ဒါနသင်္ဂဟအမှုကို ပြုခဲ့၏။ ညဥ့်ဦးယံအချိန်တွင်ကား ၀ိသာခါ၏ အာဇာနည်မြည်းမတစ်ကောင်
မီးဖွားရာအဆင်မပြေသည်ကို သောတာပန် အရိယာပီပီ၊ မိန်းမသားဆန်ဆန်
ကိုယ်တိုင်ကြပ်မတ်ကာ သူနာပြုစိတ်ဓာတ် အပြည့်ဖြင့် ပြုစုခဲ့လေသည်။ (ဤအကြောင်းအရာကား
ယောက္ခမနှင့် ချွေးမကြား ပြဿနာ၏ အစဖြစ်ပါ၏။)
မိဂါရသူဋ္ဌေး
ဦးစီးကျင်းပသည့် ခုနှစ်ရက်မြောက်နေ့ မင်္ဂလာဧည့်ခံပွဲတွင်ကား သူဋ္ဌေး၏
အထူးဧည့်သည်တော်များ ရောက်ရှိ လာကြ၏။ ထိုသူများမှာ သူဋ္ဌေးကြီးကိုယ်တိုင်
ကိုးကွယ်သော တက္ကတွန်းများပင်ဖြစ်ပါသည်။ (တက္ကဒွန်းဟုလည်း ရေးပါ သည်။
တက္က-ကြံစည်ခြင်း၊ ဒွန္န- နှစ်မျိုးနှစ်ခွ။ အမှားကို အမှန်ဟု ကြံဆ၊ အမှန်ကို အမှားဟု
ကြံဆ နှစ်ဋ္ဌန နှစ်ခွ အကြံလွဲသူ၊ အယူမှားသူ)။ သူဋ္ဌေးကြီးသည် စင်စစ် သာဝတ္ထိပြည်၌
ဘုရားရှင် သီတင်းသုံးသော်ငြား တက္ကတွန်းများကို အရိယာများဟု
ယုံမှားကိုးကွယ်နေသူဖြစ်၏။ ရဟန္တာများကို ဖူးမျှော်ဖို့ သမီးကို ခေါ်စေခိုင်းသောအခါ
သောတာပန် အရိယာဖြစ်ပြီးသော ၀ိသာခါအဖို့ နှလုံးမသာယာ စက်ဆုပ်ရွံရှာစွာဖြင့် ထွီဟု
ပြောကာ မိမိအခန်းသို့ ပြန်ခဲ့လေသည်။ ဤသည်မှာ ယောက္ခမနှင့် ချွေးမကြား ပြဿနာ၏
ဒုတိယအချက်ဖြစ်၏) မိဂါရသူဋ္ဌေးအဖို့ တက္ကတွန်းများကို နားလည် အောင် အကြိမ်ကြိမ်သာ
တောင်းပန်ခဲ့ရလေသည်။
သူဋ္ဌေးကြီးသည်
ထိုအကြောင်းအရာနှင့်ပတ်သက်၍ ချွေးမကို ဆုံးမရန် ကြံစည်နေစဉ် အကြောင်းအရာတစ်ခု
ထပ်မံပေါ်လာလေ၏။ ၀ိသာခါသည် ယောက္ခမမှာ အယူလွဲသော်ငြားလည်း ဂါရ၀တရားရှေ့ထား၍
ပြုမူဆက်ဆံနေထိုင်သူ ဖြစ်၏။ တစ်နေ့၌ ၀ိသာခါသည် ယောက္ခမသူဌေးကြီးအား
နေရာထိုင်ခင်းများ သေချာကျနစွာ စီမံပေးပြီး ရွှေခွက်တွင် ဃနာနိှု့ဆွမ်းထည့်၍ပြုစုနေစဉ်
မထေရ်တစ်ပါး ဆွမ်းခံကြွလာသောအခါ သူဌေးကြီး မြင်နိုင်စေရန် ဘေးတွင်
အသာဖယ်ပေးလိုက်သည်။ သူဋ္ဌေးကြီးသည် သံဃာတော် ဆွမ်းရပ်နေသည်ကို မိုက်မဲစွာ မမြင်ဟန်
ပြုလေသောကြောင့် ၀ိသာခါက ယောက္ခမသူဌေးကြီး ကြားလောက်အောင် မထေရ်အား
လျှောက်ထားပုံမှာ “ကန်တော့ ဆွမ်းပါဘုရား၊ တပည့်တော်မရဲ့ ယောက္ခမကြီးဟာ
အစာဟောင်းများကိုသာ စားသုံးနေတာပါဘုရား”ဟု လျှောက်ထားခဲ့လေသည်။ ဤသည်ကိုကြား၍
သူဋ္ဌေးကြီးသည် အပြင်းအထန် ဒေါသများ ချောင်းချောင်းထခဲ့ပြီး ပြဿနာ၏ တတိယ
အကြောင်းရင်းလည်း ဖြစ်လာခဲ့လေသည်။ စင်စစ် သူဋ္ဌေးကြီးအနေဖြင့် ၀ိသာခါက သူ့ကို အညစ်ကြေးများစားသူ၊
မစင်စားသူဟု စောင်း၍ပြောသည်ဟု တွေးမိသောကြောင့် ဒေါသမာန်ဟုန်
ပြင်းလေခြင်းလည်းဖြစ်၏။
ထိုဒေါသနှင့်ပင်
ဝိသာခါကို နှင်ထုတ်လေသည်။ သို့သော် နှင်ထုတ်မည့်သူ တစ်ယောက်မှ မရှိချေ။
ဝိသာခါ၏ဖခင် ဓနဉ္စယ သူဋ္ဌေးကြီး၏ စီစဉ်မှုအတိုင်းဆောင်ရွက်ရန် အကျိုးအကြောင်းပြောကြသောအခါ
ယောက္ခမနှင့် ချွေးမကြား အထက်ပါ စွဲချက်များနှင့်အတူ အိမ်တွင် သူကြွယ်ရှစ်ဦးတို့က
စစ်ဆေးမှုများပြုလုပ်၍ ဆုံးဖြတ်ပေးရလေတော့သည်။ ၀ိသာခါ၏ ဖြေရှင်းချက်များမှာ
အရိယာသူတော်ကောင်းတို့ပီပီ မှတ်သားဖွယ်၊ လေးစားဖွယ်၊ အတုယူဖွယ် ကောင်းလှပါပေ၏။
မစင်စားသည်ဟု သူဌေးကြီး၏စွပ်စွဲချက်နှင့်ပတ်သက်၍ ၀ိသာခါ၏ဖြေရှင်းချက်မှာ “ယခုဘဝ
ဤခန္ဓာကိုယ်ဖြင့် ကုသိုလ် ကောင်းမှုအဟောင်းများ၏ အကျိုးကိုသာ
ခံစားနေရခြင်းဖြစ်သည်ကို အကြောင်းပြု၍ အစာဟောင်းများကိုစားသည်ဟု
ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်” ဟူ၍ ဖြစ်သည်။
ဒုတိယ
စွပ်စွဲချက်မှာ “၀ိသာခါသည် ဤအိမ်ကို ရောက်ရှိတဲ့နေ့မှာပင် သူ၏ခင်ပွန်းအပေါ်
ရှိတယ်ဟုပင် အမှတ်မထား၊ အရပ်တစ်ပါးသို့ သွားနေခဲ့ပါတယ်” ဟု ဆိုလေသည်။ ဤသည်ကို
ပြန်လည်ဖြေရှင်းသည်မှာ အာဇာနည်မြည်းမ သားဖွားမှုကိစ္စဖြစ်ပေါ်၍ သားဖွားခြင်းကိစ္စ
အဆင်မပြေသောကြောင့် အဆင်ပြေစေရန် အစေခံများနှင့်အတူ ပြုစု စောင့်ရှောက်နေသည်
သာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့၏။ အကြောင်းအရာနှစ်ခုလုံး ၀ိသာခါ နိုင်သောအခါ
သူကြွယ် ရှစ်ဦးတို့က “နောက်ထပ် စွဲချက် တင်စရာရှိသေးလား”ဟု မေးသောအခါ
မိဂါရသူဋ္ဌေးမှာ စွဲချက်တင်သည်ထက် ဘ၀င် မကျသောအချက်များကို ဆက်၍မေးလေ၏။ ဤသည်မှာ
ဖခင်ဓနဉ္စယသူဋ္ဌေးကြီး၏ ဆုံးမသြ၀ါဒများပင်ဖြစ်သည်။ မိဂါရ သူဋ္ဌေးကြီးသည်
အိမ်တွင်းမှမီး၊ အပြင်မှမီး စသည်တို့ကို တိုက်ရိုက်အဓိပ္ပါယ် ဖော်ညွှန်းကာ
ဘ၀င်မတွေ့ခြင်း သာဖြစ်သည်။
ဝိသာခါ၏
ဖြေရှင်းချက်များမှာ-
(၁)
အိမ်အတွင်း၊ မိသားစုအတွင်းမှ လျှို့ဝှက်အပ်သော အကြောင်းရာများကို အစေခံများထံ
မသယ်ဆောင်ရပါ။ မပြော ရပါ။ ပြောလျှင် စကားသည် တစ်ဆင့်ထက်တစ်ဆင့် ကျယ်လာပြီး
ခိုက်ရန်ငြင်းပွားမှုများ ဖြစ်တတ်သောကြောင့်ဖြစ်၏။
(၂)
ပထမစကား၏ အပြန်လှန်အားဖြင့် အပြင်စကားကို အတွင်းသို့ မသယ်လာခြင်းသာ ဖြစ်၏။
(၃)
မိမိအိမ်မှ ငှားရမ်းသွားသော ပစ္စည်းဥစ္စာ အသုံးဆောင်များကို ပြန်လည်အပ်နှံသူတို့ထံသာ
နောက်ထပ် ငှားရမ်းရမည်။ (၄) မိမိအိမ်မှ ငှားရမ်းသွားသော ပစ္စည်းဥစ္စာ အသုံးအဆောင် များကို
ပြန်လည်မအပ်နှံသူတို့ထံ မငှားရမ်းရ။
(၅)
ချို့တဲ့ နွမ်းပါးသော ဆွေမျိုး မိတ်သင်္ဂဟတို့ မိမိတို့ထံရောက်လာကြလျှင်မှု
ပြန်လည်ပေးဆပ်နိုင်ရန် စွမ်းသည်ဖြစ်စေ၊ မစွမ်းသည် ဖြစ်စေ ပေးရမည်။
(၆)
ယောက္ခမယောက်ျား ယောက္ခမမိန်းမတို့အား အရိုသေပေးရမည်။ (ယဉ်ကျေးမှု အတိုင်းဖြစ်၏။)
(၇)
ယောက္ခမများနှင့် လင်ယောက်ျားတို့ထက် အလျင်ဦးစွာ မစားအပ်၊ သူတို့ကို
ပြုစုလုပ်ကျွေးခြင်း၊ ခဲဖွယ်ဘောဇဉ်တို့ ပေးခြင်းရှိမရှိ၊ လုံလောက်ခြင်းရှိမရှိ
စိစစ်ပြီးမှ မိမိက စားသုံးရမည်။
(၈)
ယောက္ခမများနှင့် လင်ယောက်ျားတို့ထက် အလျင်ဦးစွာ မအိပ်ရ။ သူတို့အတွက် သင့်လျော်ရာ
ဝတ်ကြီးဝတ်ငယ် ပြုပြီး မှ အိပ်ရမည်။
(၉)
ယောက္ခမများနှင့် လင်ယောက်ျားတို့အား မီးပုံကြီးကဲ့သို့လည်းကောင်း၊
နဂါးမင်းကြီးကဲ့သို့လည်းကောင်း အောက်မေ့ ကာ အရိုသေပြု ကြည့်ရှုစောင့်ရှောက်ရမည်။
(တကယ်တော့ ဘုရားရှင်လက်ထက် အိမ်ရှင်မများ လိုက်နာကျင့်သုံးမှု များသည်
လူမှုရေးစည်းကမ်းကောင်းများပင် ဖြစ်ပါသည်။)
(၁၀)
ကိုယ့်အိုးကိုယ့်အိမ် နေချိန်မှစ၍ မိမိအိမ်သို့ ကြွရောက်လာသော သံဃာတော်များကို
ကိုယ့်အိမ်မှာရှိသော ခဲဖွယ် ဘောဇဉ်တို့မှ တတ်အားသရွေ့ လှူဒါန်းပြီးမှသာ
စားသုံးသင့်သည်- ဟူ၍ ဖြစ်ပါသည်။
ထိုသို့
ရှင်းလင်းဖြေကြားပြီးနောက် မိဂါရသူဋ္ဌေးကြီးသည် အိမ်တွင်းစစ်ဆေးမှု ရှုံးခဲ့ရလေသည်။
သို့သော် ၀ိသာခါက ဖြေကြားပြီး၍ အသိမ်မွေ့ဆုံးပြောကာ အိမ်မှထွက်ခွါရန်
ပြင်ဆင်လေတော့သည်။ မိဂါရသူဋ္ဌေးလည်း အကြောင်းများစွာနှင့် တကွ စဉ်းစားမိသောအခါတွင်
“သမီးဝိသာခါ ဖခင် မသိခဲ့လို့ အဆင်အခြင်မဲ့စွာ ပြေဆိုမှားခဲ့ပါတယ်၊ သည်းခံပါသမီး”
ဟု တောင်းပန်ရလေတော့သည်။ ဖခင်၏ ရင်တွင်းမှ တောင်းဆိုချက်နှင့်အတူ ၀ိသာခါ၏
တုန့်ပြန်စကားမှာ “ဖခင်၊ သည်းခံသင့်သောအရာကို အစောကတည်းက သည်းခံခဲ့ပါတယ်။ သမီးဟာ
မြတ်စွာဘုရားရှင်သာသနာမှာ မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားရှိတဲ့အမျိုးရဲ့
သမီးဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်သာသနာတော်မှ ရဟန်းသံဃာ တော်များနှင့်
ဘယ်လိုမှကင်းကွာ၍ မဖြစ်နိုင်ပါဘူး။ အကယ်၍ သမီးအလိုကျ ရဟန်းသံဃာတွေကို
ပြုစုလုပ်ကျွေး ခွင့်ရမယ်ဆိုရင် သမီး ဒီအိမ်ကြီးမှာ ဆက်နေပါမယ်။ ဒီလိုမှ
မဟုတ်ရင်တော့ ဒီစံအိမ်ကြီးမှာ သမီး ဆက်နေဖို့ အကြောင်းမရှိ ပါဘူး”လို့
ပြောကြားခဲ့ပေသည်။။
သည်းခံခဲ့ခြင်းဆိုသည်မှာ
ယောက္ခမအယူအဆ အမြင်နှင့် မိမိအယူအဆ အမြင်အပေါ်၌ ခြားနားမှုကို သည်းခံခဲ့ခြင်းကို
ဆိုလိုပေသည်။ သာသနာတော်မှာ သက်ဝင်ယုံကြည်မှုမှာတော့ သည်းခံမှု၏အခြား သည်းမခံနိုင်သော
ဓမ္မသဘောကို ထုတ်ဖော်ခဲ့ခြင်းဖြစ်၏။ ဤစကားသည် တစ်နည်း သောတာပန်တို့၏ ဂုဏ်ရည်ကိုလည်း
ထုတ်ဖော်သော စကားဖြစ်ပါ သည်။ မည်သည့်အကြောင်းကြောင့်မှ ဗုဒ္ဓ၏အဆုံးအမကနေ
သွေဖီမည်မဟုတ်၊ ဖယ်ရှားပေးမည်မဟုတ်ဟု ဆိုလိုက်ခြင်း ပဲဖြစ်၏။ နောက်ဆုံး
တင်ပြလိုက်တဲ့စကားကတော့ ထုတ်ဖော်ကြေငြာသလို စိန်ခေါ်မှုတစ်ရပ်လို့လည်း
ဆိုနိုင်ပါသည်။ (သို့သော် သည်းမခံနိုင်ခြင်းဆိုသည်မှာ ပြန်လည်ရန်ပြုခြင်း၊
ဒေါသဖြင့်တုန့်ပြန်ခြင်းမျိုး မဟုတ်ပေ။) ထို့ကြောင့် မိဂါရသူဋ္ဌေး လည်း
သမီးအလိုရှိတိုင်း သံဃာတော်တွေကို ပြုစုလုပ်ကျွေးရန် ခွင့်ပြုစကားဆိုရ၏။ (ဤတွင်
ကိုယ်တိုင် လုပ်ကျွေးပြု စုမည်ဟု ၀န်ခံခြင်း မဟုတ်သေးပေ။)
ဝိသာခါလည်း
ချက်ခြင်းအကောင်အထည်ဖော်ကာ ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား ဆွမ်းစားဖိတ်ကြား၍
တစ်ကြိမ် တစ်ခါမျှ မဖြစ်ဘူးသော၊ မရှိခဲ့ဘူးသော အိမ်တွင်
စည်ကားလျှက်ရှိနေပေပြီ။ ဆွမ်းအမှုကိစ္စတို့အား ကိုယ်တိုင်ပြင်ဆင်ပြီး ချိန်တွင်
ပူဇော်ဖွယ်အမှု အစုစုအားလုံး ပြင်ဆင်ပြီး၍ ယောက္ခကြီးကိုယ်တိုင်ကိုယ်ကျ
ပြုစုလုပ်ကျွေးဖို့ အကြောင်းကြားစေ ၏။ တက္ကတွန်းများလည်း ရှိနေသည်ဖြစ်သောကြောင့်
သူဋ္ဌေးကြီးမှာ ငါ့သမီးပဲ ပြုစုပါဟုသာ နှစ်သိမ့်စကားဆိုရ၏။ နောက် တစ်ကြိမ်
ဆွမ်းအမှုပြီးပါပြီ၊ တရားနာကြွရောက်ပါလို့ ဖိတ်ကြားတော့ မိဂါရသူဋ္ဌေးလည်း မည်သို့မျှ
မနေသာတော့ပေ။ သို့သော် တက္ကတွန်းများ၏ အကြံအစည်အရ တရားနာရာတွင် လိုက်ကာကန့်၍သာ
နာစေ၏။
တက္ကတွန်းများအဖို့
မြတ်စွာဘုရားရှင်၏ တင့်တယ်သောအဆင်းအားမြင်လျှင် သူတို့ စားပေါက်ပိတ်မည်စိုး၍
ခြားနား လိုက်ခြင်းဖြစ်သည်။ အမှန်စင်စစ်ကား လစန္ဒာသည် ကောင်းကင်ထက်၌
သူ့လမ်းကြောင်းနှင့်သာ တည်သည်။ လူတိုင်းအဖို့၌ကား ငါ့အထက်၌တည်၏ဟု
ထင်ရသကဲ့သို့ပင်အနန္တစကြ၀ဠာ ဝေးကွာသော်ငြား ဘုရားရှင်၏ တရားဟောစိမ့်သော အသံသည်
မိမိနားတွင် ကပ်၍ဟောသကဲ့သို့ရှိသည်ကို တက္ကတွန်းတို့ သိမည်မဟုတ်ပေ။ ဘုရားရှင်၏
ဒေသနာအဆုံးမှာ မိဂါရသူဋ္ဌေးလည်း မည်သို့မျှ ကန့်လန့်ကာတစ်ဖက်၌ မနေနိုင်တော့ဘဲ
ထွက်လာကာ ဘုရားရှင်အား ရှိသေစွာ ရှိခိုးလျှောက်ထားတော်မူလေသည်။ မိဂါရသူဋ္ဌေးမှာကား
သောတာပတ္တိဖိုလ်၌ တည်ရှိသွားသောကြောင့် ဖြစ်ပါသည်။
ရန်သူကို
မိတ်ဆွေအဖြစ် ပြောင်းလဲလိုက်သော စွမ်းရည်၊ မိုက်မဲသူကို လိမ္မာသူအဖြစ်
ပြောင်းလဲပေးလိုက်သောစွမ်းရည် တို့ကို အထင်သား တွေ့မြင်နိုင်ပါ၏။
အသက်ရွယ်ပဓာနမဟုတ် ပညာဉာဏ်သာ ပဓာနကျသည်ကို မိဂါရသူဋ္ဌေးကြီး ကောင်းစွာ
သဘောပေါက်လေပြီ။ အယူလွဲမှုတွေ၊ ဆရာအမှားကို ယုံကြည်ကိုးကွယ်မှုတွေ၊ လွဲချော်ကောက်ချက်ချမှုတွေ
ဖြင့် မိမိကို တိုက်ခိုက်လာသော သူဋ္ဌေးအား ၀ိသာခါ မည်သို့မျှ
ပြန်လည်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ကိုယ့်အလုပ်ကို လုပ်သွား ခြင်းဖြစ်သည်။ သဒ္ဓါ၊ သတိ၊
ဝီရိယ၊ ပညာ အတွဲညီစွာ ဆောင်ရွက်သွားခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ
တိုက်ခိုက်ခြင်းမဟုတ်ဘဲ တရားသဘောအရ တိုက်ခိုက်ခြင်းဖြစ်သည်။ (အမှန်သမားများသည်
မကောင်းသူကို မတိုက်ခိုက်ပါ။ မကောင်းမှုကိုသာလျှင် တိုက်ခိုက်ပါသည်။ တစ်ဖက်က
ပြန်ကြည့်လျှင် အမှားသမားများသည် ကောင်းသူကို တိုက်ခိုက်ရင်း ကောင်းမှုကိုပါ
တိုက်ခိုက်ကြလေသည်။)
နောက်နေ့မှာလည်း
ယောက္ခမအမျိုးသမီး သောတာပတ္တိဖိုလ်၌ တည်ခဲ့ပါသည်။ ကောက်နေသူအား ဖြောင့်အောင်၊ မှားနေ
သူအား မှန်အောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။ အမှောင်မှ အလင်းသို့၊ အရှုပ်မှအရှင်းသို့
ဖော်ဆောင်နိုင်ခဲ့ပါသည်။ မိဂါရသူဋ္ဌေးကြီး၏ ဘုရားရှင်ခြေတော်အစုံကို ဦးတိုက်၍
လျှောက်ထားသည်မှာ ဤသို့ပင်ဖြစ်ပါ၏။ သောဟံ အဇ္ဖ ပဇာနာမိ ယတ္ထ ဒိန္နံ မဟပ္ဖလံ။ အတ္ထာယ ၀တ
မေ ဘဒ္ဒါ၊ သုဏိသာ ဃရမာဂတာ-ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်
လွန်လေပြီးသော ကာလပတ်လုံး အဘယ်မည်သော အလှူခံပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည်
ကြီးမြတ်၏ဟု မသိခဲ့ပါဘုရား။ ယခုမူ (ချွေးမကိုအမှီပြု၍) သိခဲ့ရပါပြီဘုရား။
အလုံးစုံသော အပါယ်ဆင်းရဲမှလည်း လွတ်မြောက်ခဲ့ရပါပြီဘုရား။ တပည့်တော်၏ ချွေးမ
ရောက်လာသည်ကား အလုံးစုံသော ချမ်းသာစီးပွား ဖြစ်ဖို့ရန် အလို့ငှာ ရောက်လာခဲ့ခြင်း
ဖြစ်ပါတော့တယ်ဘုရား။ ဟူ၍ဖြစ်၏။ (ဓမ္မပဒအဋ္ဌကထာ၊ ပုပ္ဖ၀ဂ်၊ ၀ိသာခါဝတ္ထု)
မိဂါရသူဋ္ဌေးကြီးသည်
မြတ်စွာဘုရားရှင်၏ ရှေ့တော်မှောက်မှာပင် ၀ိသာခါအား ကျေးဇူးအထူးရှိသော
မျက်လုံးများဖြင့် ကြည့်လျှက် မိဂါရမာတာ- ချစ်သမီးဟာ ဒီနေ့ကစပြီး ငါရဲ့ မိခင်ပါပေ
ဟု ထုတ်ဖော်ပြောကြားခဲ့ပေသည်။
သတ္တ၀ါအပေါင်း
ရေလိုအေး၍ ပန်းလိုမွှေးကြပါစေ။
အမောင်(ရေနံ့သာ)
No comments:
Post a Comment