မေတ္တာပို့တာ ပြောကြစို့။
မေတ္တာက ဘုန်းကြီးလည်း အင်မတန် အားကိုးတယ်။ ဆိုပါတော့လေ ဒကာ စိန်ဝင်းက
ဘုန်းကြီးကို တမင်တော့ ပို့ချင်မှပို့မယ်။ မြင်တယ်ဆို မေတ္တာရောက်နေပြီ။
ဘုန်းကြီးကလည်း ဒကာ စိန်ဝင်းကို မြင်တယ်ဆိုရင် မေတ္တာရောက်နေပြီ။
တမင်ပို့တာတောင် မဟုတ်သေးဘူး။ ဒီတော့ စကားပြောတို့ ဘာတို့မှာ အမှား
ပြောလည်း သည်းခံတယ်။ အမှန်ပြောလည်း လက်ခံတယ်။ မေတ္တာဟာ ဒီလောက် သတ္တိရှိ တယ်။
ဗုဒ္ဓမြတ်စွာတို့လို
အလေ့အထရပြီးသား ပုဂ္ဂိုလ်တွေရဲ့ မေတ္တာဟာ အလွန်ကို ကြီးကြီးကျယ်ကျယ် သတ္တိ
ရှိတယ်။ နာဠာဂီရိဆင်ကြီးက ဗုဒ္ဓမြတ်စွာကို နင်းသတ်ဖို့ရန် ခါတိုင်း
အရက်တစ်လုံး တိုက်တဲ့ဥစ္စာ ၁၆-လုံး လောက် တိုက်ပြီးတော့
ဘုရားကြွလာမယ့်လမ်းကို လွှတ်ထားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာဟာ ဟန်ဆောင် မေတ္တာ
မဟုတ်ဘူးလေ၊ အင်မတန်ကြီးကျယ်တဲ့ မေတ္တာနဲ့ အာရုံပြုပြီးတော့ နေလိုက်တာ၊
ဒီနားလည်းရောက်ရော တစ်ခါတည်း ဒူးတုပ်ပြီးတော့ ဆင်တုပ်ပေါ့လေ။
ဆင်တုပ်-တုပ်ပြီးတော့ နေရှာတယ်။ မေတ္တာဟာ အဲဒီလောက် သတ္တရှိတယ်။ အဲဒီလောက်
စွမ်းတယ်။ စေတနာရဲ့ သတ္တိရှိသလိုပေါ့။
မေတ္တာဟာ
မေတ္တာစစ်မှ ကောင်းတယ်။ စာသင်သားဘဝတုန်းက ဘုန်းကြီးက ဆွမ်းဟင်းမရဘူး။
မေတ္တာကိုတော့ သိပ်ယုံကြည်တယ်။ ဘုန်းကြီးက ညကျတော့ ဆွမ်းခံလမ်းက အိမ်တွေကို
မှန်းပြီးတော့ မေတ္တာ ပို့တယ်။ ဘာဖြစ်လို့ ပို့တုန်းလို့မေးရင် ဆွမ်းဟင်းလေး
ဘာလေး ရအောင်လို့ ပို့တာဘဲနော်။ မေတ္တာပို့တယ်။ မနက်ဖြန်ကျတော့ တစ်ခါတစ်ရံ
ဆွမ်းလောင်းတတ်တဲ့ သူက ဆွမ်းဟင်းလောင်းတယ်။ ငါ့မေတ္တာတော်တော် စူးရှာတာဘဲ။
နောက်တစ်ရက်ကျတော့ အဲဒီအိမ်က မလောင်းဘူး။ ဘုန်းကြီးက ငါ့မေတ္တာနှယ် ဘယ့်နှယ်
ဖြစ်သွားပါလိမ့်။ ဘယ်နှယ်မှ မဖြစ်နဲ့လေ၊ ငါကလည်း သူတို့ ချမ်းသာစေဖို့ထက်
ငါချမ်းသာစေဖို့က အရေးကြီး တဲ့မေတ္တာ၊ ဘယ်လို စူးမှာတုံးလို့။ အဲဒီလို
အနေမျိုးနဲ့ ဖြေခဲ့တယ်လေ။
မေတ္တာဟာ
တကယ့်စေတနာနဲ့ပို့တဲ့ မေတ္တာဖြစ်ရမယ်။ တစ်ခါတုန်းက နွားမကြီးက နွားကလေးကို
နို့တိုက်နေတယ်။ နို့တိုက်နေတဲ့ ဥစ္စာဟာ သားကလေးအပေါ်မှာ မေတ္တာ
အင်မတန်ကြီးကျယ် မနေပေဘူးလား။ အဝေးက လှံနဲ့လှမ်းပြီးတော့ ထိုးတာ၊ လှံရွက်ဟာ
ထန်းရွက်လိုဘဲ လျှောကျသွားတယ်၊ မစူးဘူး။ ဒါမေတ္တာ ရဲ့အစွမ်းနော်၊
မေတ္တာအစွမ်း။ ခုနကလိုပေါ့လေ၊ မရိုးမသား ဆိုရင်တော့လည်း ဘုန်းကြီးလို
ဖြစ်ချင် ဖြစ်မှာပေါ့။ ရိုးရိုးသားသားနဲ့ မေတ္တာတွေဟာ တော်တော်စွမ်းပါတယ်။
တော်တော့ကို စွမ်းပါတယ်။
အမျှဝေတယ်ဆိုတာ-
အမျှဝေတယ်ဆိုတဲ့
ဥစ္စာက ဒီလို၊ ဘုန်းကြီးတို့ စာထဲမှာ ပတ္တိဒါန၊ ကိုယ်ရတဲ့ အလှူဒါနကို
ကိုယ်ပြုတဲ့ အလှူဒါနကို သူတို့လည်းဘဲ ကိုယ်ကုသိုလ်ရသလို ရကြပါစေတော့လို့
ဆိုတာကို အမျှဝေတယ်လို့ ခေါ်တယ်။ အဲဒီ အမျှဝေတာက အရာရာ အကြောင်းညီညွတ်မှ
အကျိုးရတယ်။
လူတစ်ယောက်
သူရဲ့ဆွေမျိုးက ဟိုဘက်ဘဝရောက်သွားပြီ၊ အိပ်မက်ကလေး ဘာလေး ပေးလို့မို့ ဘဝ
လွဲနေပြီဆိုတာလည်း သူသိပြီ။ ဒါကြောင့် သူကိုးကွယ်တဲ့ ဘုန်းကြီးကို
ပင့်ပြီးတော့ ဆွမ်းကျွေးတယ်။ ဆွမ်းကျွေး တော့ အမျှ-အမျှ လို့ဆိုတော့
ဟိုကလည်း သေသေချာချာ သာဓုခေါ်မယ်လို့ စောင့်နေတာ။ ဒါပေမယ့် ဘာမှ မရဘူး။
ထပ်ပြီးတော့ အိပ်မက်ပေးပြန်တယ်။ ခုန ဘုန်းကြီးပဲ ပင့်ပြီးတော့ ဆွမ်းကျွေး
အမျှဝေတယ်၊ မရဘူး။ တတိယ ခုလိုဘဲ အိပ်မက်ပေးဟန်တူတယ်။ တတိယအကြိမ်အမျှဝေတော့
ငါ့အတွက် ရမည့်ပစ္စည်းကို ဒုဿီလ ကြီး စားသွားပြီလို့ အိပ်မက်ပေးတယ်တဲ့။
သူကိုးကွယ်တဲ့ ဘုန်းကြီးက သီလမရှိဘူး။ သီလမရှိတဲ့သူကို လှူဒါန်း အမျှဝေတော
ဟိုမှာ အမျှမရဘူး။ သာဓုခေါ်မယ်လို့ကို စောင့်နေတာ မရဘူး။
ဘုန်းကြီးက
ဘာကို လေ့လာတုံး၊ ဘာကို ဟောတုံးဆိုရင် ပုဂ္ဂိုလ်ကိုလှူပြီးတော့ အမျှမဝေနဲ့။
ဘယ် ပုဂ္ဂိုလ်မှ စိတ်မချရဘူး။ ဒီတော့ သံဃာကိုလှူပါ သံဃဿ ဒေမ၊
ဆွမ်းတစ်အုပ်နဲ့ သံဃဿ ဒေမ လုပ်ပါ။ သံဃာ ကို လှူပြီးတော့ အမျှဝေလို့ရှိရင်
အမျှရပါတယ်။ ဒါနဲ့စပ်ပြီးတော့ ဝတ္ထုတစ်ခု ပြောမယ်။ မှတ်စရာတွေမို့လို့
အားလုံးမှတ်ရအောင်။ ဘုန်းကြီးတို့ တောင်မြို့မှာဘဲ၊ ဘုန်းကြီးတို့ အရင်က
တံတားကူးပြီးတော့ ဟိုဘက်မှာ ကျောင်းတိုက်တစ်တိုက် ရှိပါတယ်။ တောင်သမန်လို့
ခေါ်ပါတယ်။ အဲဒီကျောင်းဒကာ ကျောင်းအမကြီးတွေက အင်မတန် သူတော်ကောင်းတွေ။
ကျောင်းဒကာကြီးက အစောကြီးဆုံးတဲ့ လက္ခဏာရှိတယ်။ ကျောင်းအမကြီးက အင်မတန်
သူတော်ကောင်းတယ်။ ကျောင်းလည်း ဆောက်တယ်။ နွေအခါကျတော့ ရေအိုးတွေလည်းတည်တယ်၊
အများသောက်ဖို့။ ဒါနဲ့ သူ့ကို ကျောင်းအမကြီးဆိုတဲ့ နာမည်ထက်
ရေချမ်းအမကြီးလို့ နာမည်တွင်နေတယ်။
နောက်
ဒီဒကာမကြီး ဆုံးသွားတယ်၊ ဆုံးသွားတော့ ပထမ အသုဘပြုတဲ့ နေရာမှာ ကုသိုလ်
တွေပြုတယ်။ နောက်တစ်ခါ ရက်လည်ဆွမ်းဆိုပြီးတော့ ကျွေးတယ်။ ကျွေးတော့ ခုနက
သူကိုးကွယ်တဲ့ ဆရာတော်ကြီး ကြွလာပြီးတော့၊ တရားတွေဟောတယ်၊ ပြီးတော့
အလှူဒါနတွေကို ရေစက်ချပြီးတော့ အမျှဝေကြတယ်။ အဲဒီလို အမျှဝေပြီးတော့
ဆရာတော်ကြီး ပြန်သွားရော၊ ပြန်သွားတော့ ဘုန်းကြီးတို့နားမှာ
တံတားရှိတယ်မဟုတ်လား၊ အင်းကြီးကူးတဲ့တံတား။ တံတားကို
တော်တော်သွားမိတဲ့အခါကျတော့ ဆရာတော် ဘုရား ဆရာတော်ဘုရား လို့။ ဟဲ့
တို့ကျောင်းအမကြီး အသံပါလားလို့၊ ဟုတ်တယ်ဘုရား၊ ဟုတ်တယ်ဘုရား။
ဘာဖြစ်နေတုန်း။ တပည့်တော် သေခါနီးမှာ ဆွေမျိုးတွေက သားတွေ သမီးတွေကပေါ့လေ
ငိုကြလို့။ သေခါနီးနော် ငိုကြလို့၊ သူတို့ကို စွဲလမ်းသွားပြီးတော့
တပည့်တော် တစ္ဆေပြိတ္တာ ဖြစ်နေတယ်ဘုရား။ ကျောင်းအမကြီး သူတော်ကောင်းကြီး
တစ္ဆေပြိတ္တာ ဖြစ်နေတယ်။
သင်္ချီုင်းမှာ
လှူကြတန်းကြတုန်းက တပည့်တော် ဘာမှ မသိလိုက်ပါဘူး။ တပည့်တော်အဖော် တစ္ဆေ တွေ
က ရေတံခွန်တောင်ကို ခေါ်သွားလို့မို့ တပည့်တော် ဘာမှ မသိလိုက်ပါဘူး။
တစ္ဆေတွေကလည်း အင်မတန် ညစ်တယ်။ ဒီလို ဂုဏ်ရှိ သိန်ရှိ ကျောင်းအမကြီးက
လိုချင်ရင် ဟိုက ဆွမ်းကပ်ကြ၊ ဘာလုပ်ကြ၊ အဲဒီလို ကျွေးကြမွေးကြမို့။
သူတို့လည်း စားရသောက်ရမယ် မဟုတ်လား။ ဒီလို ဂုဏ်ရှိ သိန်ရှိ တစ္ဆေကို
ကျွတ်သွားမှာ သိပ်စိုးတယ်။ ပြိတ္တာပေါ့လေ၊ ကျွတ်သွားမှာ သိပ်စိုးတယ်။
ဒါကြောင့် ရေတံခွန်တောင် ခေါ်သွားကြတယ်။ ရေတံခွန်တောင် သက်သက်ကို
ခေါ်သွားတော့ ဒီက အလှူအတန်းတွေ ဘာမှ မသိရှာဘူး။
နောက်တော့
သူတို့က မခေါ်ခင်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့လေ၊ ဆွမ်းသွတ်မယ်လို့ဆိုတော့
အမေကြွပါ-လာပါ၊ ဖိတ်မှာပေါ့လေ၊ အဲဒါနဲ့ သူရောက်တယ်။ ကနေ့တော့ ဆရာတော်ဘုရား
ဟောတော်မူတဲ့ တရားတွေလည်း ကြားရပါတယ်၊ နာရပါတယ်၊ အမျှလည်း ရပါတယ်ဘုရား။
တပည့်တော်ခုဘဲ ကျွတ်ပါတော့မယ် ဘုရားလို့၊ အသံပျောက်သွားတာဘဲ။ ဒီတော့
အမျှဝေတာက အကျိုးရှိတဲ့သူမှာတော့ သိပ်ရှိတယ်။ အကျိုးမရှိတဲ့ သူတွေတော့
မရှိပါဘူး။
ဝတ်ကျေတန်းကျေ
အမျှဝေ၊ ပြီးတော့ တငိုငို တရီရီနဲ့ အမျှဝေ၊ စိတ်ကလည်း မပါ့တပါ။ ပြီးတော့
သားလည်းမဟုတ်၊ သမီးလည်းမဟုတ်တဲ့ လူတွေက ဝင်ပြီးတော့ အမျှဝေ။ ဟိုကလည်း
စိတ်ချမ်းသာချင်မှ ချမ်းသာမယ်။ တကယ်လို့ ပြိတ္တာ ဖြစ်နေရင်ပေါ့လေ၊
ပြီးတော့လည်း ပြိတ္တာ မဖြစ်လို့ လူ့ဘောင်ရောက် နေရင်လည်း ဒီအမျှတွေ
အပိုပါဘဲ၊ မရပါဘူး။ ဒါကြောင့် အမျှဝေတယ်ဆိုတဲ့ ဥစ္စာကလည်း အခြေအနေ
ကြည့်ပြီးတော့ အမျှဝေကြပါ။ ပြီးတော့ သံဃာကို လှူပြီးတော့မှ အမျှဝေပါ။
ပုဂ္ဂိုလ်တစ်ပါးလှူရင် ကိုယ့်ကျောင်း ထိုင်ဘုန်းကြီး ဟန်ချင်မှ ဟန်မှာပါ။
အဲဒါကြောင့်မို့လို့ ပုဂ္ဂိုလ်မရွေးပါနဲ့။ သံဃဿ ဒေမ လို့ဆိုပြီးမှ
အမျှဝေကြပါလို့ ဘုန်းကြီးက ပြောလေ့ရှိတယ်။
ဆုမတောင်းပါဘူး ဓိဋ္ဌာန်တာပါ-
ဆုတောင်းတာ
ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ဖို့ရန် ဆုတောင်းတယ်လို့ သူတို့ဆိုတယ်။ အမှန်ကတော့
တပည့်တော်ဘုရားဖြစ်ရလိုပါရဲ့လို့ ဆုမတောင်ပါဘူး။ အောက်ကျနောက်ကျ ဒီလို
မလုပ်ပါဘူး။ ဒါပေမယ့်လို့ ဗုဒ္ဓေါဟေဿံ-ငါဘုရားဖြစ်မယ်။ သတ္တဝါတွေကို
ကယ်ဆယ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးက
သာမာန်ကျွတ်တန်းဝင်ပြီးတော့ ရဟန္တာဖြစ်သွားလို့ရှိရင် ဒီသူတွေမှာ အကျိုးမဲ့
ဖြစ်မှာပေါ့။ ငါ့လို အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးက
ကိုယ်လွတ်ရုန်းသွားရင် မတရားဘူး။ လမ်းမကျဘူး။ အများကို ကယ်ပြီးတော့မှ
ဗုဒ္ဓေါ ဟေဿံ-ဘုရားဖြစ်မယ်။ ဒီလို ဓိဋ္ဌာန်တဲ့ လက္ခဏာပါ။ တစ်ခါတစ်လေ ဗုဒ္ဓေါ-
ဘုရားသည်၊ ဘဝါမိ-ဖြစ်ရပါလို၏လို့ ဒီလို ဆုတောင်မျိုးတော့ ဘယ်နည်းနဲ့မှ
မတွေ့ဘူး။
ဒါကြောင့်ဆုတောင်ဟာ
စိတ်ရဲ့အကြောင်းအရာကို ထုတ်ဖော်ပြီးတော့ ပြောတာပါ။ စိတ်ရဲ့ အကြောင်းအရာကို
ထုတ်ဖော်ပြီးတော့ ပြောတယ်ဆိုတော့ ရချင်မှလည်း ရမယ်။ တချို့ အလုပ်လုပ်မှ
ရမယ်။ ဆုတောင်းရုံနဲ့တော့ ဘယ်သူမှ မရနိုင်ဘူး။ သို့သော်လည်း
ဆုလည်းတောင်းပေါ့၊ အလုပ်လည်းလုပ်ပေါ့၊ ဘုရားဖြစ်ချင်လို့ရှိရင်
ဆုတောင်ချင်လည်း တောင်းလေ။ ဘုရားဖြစ်လောက်တဲ့ အလုပ်ကိုလည်း လုပ်ပါလေ။
အဂ္ဂသာဝက ဖြစ်ချင်လို့ရှိရင် ဆုတောင်းလည်း တောင်းပါလေ။ အဂ္ဂသာဝက ဖြစ်လောက်တဲ့
အလုပ်ကိုလည်း လုပ်ပါလေ။
ဘုန်းကြီးတို့
ဗုဒ္ဓမြတ်စွာမှာ အတူပါလာတဲ့ ယသောဓရာဟာ ဘုရားအလောင်းက ဘုရားဖြစ်ဖို့ ဆုလည်း
မတောင်းသေးဘူး။ ဗျာဒိတ်လည်း မပေးသေးဘူး။ ရသေ့က ကောင်းကင်က ပျံလာတာနော်၊
တန်ခိုး£ဒ္ဓိပါဒ်နဲ့နော်။ သူနဲ့ ဘာမှမဆိုင်ဘူး။ ဒီဘဝမှာ ဘယ်နည်းနဲ့မှ
မပေါင်းရဘူး။ အဲ ဒါပေမယ့်လို့ မြင်မြင်ချင်း သူ့မှာ ဘုရားပူဇော်ဖို့
ပါလာတဲ့ ကြာစည်း ၈-စည်းထဲက ၅-စည်းကို ရသေ့လက်ထဲ ထည့်ပြီးတော့
ဘုရားပူဇော်ပါ၊ အနေမျိုးနဲ့၊ ၃-စည်းကို သူယူပြီးတော့ ဒီပင်္ကရာ ဘုရားကို
ပူဇော်တယ်။
ဘုန်းကြီးက
ကျေနပ်လိုက်တာ၊ ကြာလှူတာတောင်မှ ဘုရားအလောင်းကို အသာပေးပြီးတော့ ၅-စည်းး
ပေးတယ်။ သူက ၃-စည်းယူပြီးတော့ ဝေတယ်။ ပြီးတော့ သူက ဘုရားအလောင်းရဲ့
အလုပ်အကျွေးဖြစ်ဖို့ရန် သူ့နှုတ်က ဆုတောင်းသလား၊ မတောင်းသလားတော့ မသိဘူး။
စိတ်က ကောင်းကောင်း ညွှန်နေတယ်။ ဗုဒ္ဓမြတ်စွာကို ကြာစည်းကို လှူပြီးတော့
ဗုဒ္ဓမြတ်စွာကပဲ ဗျာဒိတ်ပေးတော်မူတယ်။ ဒီကြာစည်းလှူတဲ့ အမျိုးသမီး က
ပါရမီကို အတူလိုက် စောင့်ရှောက်ပြီးတော့၊ ဖြည့်တဲ့ ပါရမီကို မပျက်အောင် သူက
စောင့်ရှောက်ပြီးတော့ လိုက်လာတဲ့ အမျိုးသမီး ဖြစ်လိမ့်မယ်လို့
ဗုဒ္ဓမြတ်စွာကပဲ ဗျာဒိတ်ပေးတော်မူခဲ့တယ်။ သူက ဘယ်လို ဆုတောင်း သလဲတော့
မသိဘူး။ စိတ်ကတော့ သိပ်ညွတ်သွားတယ်။
ဒါကြောင့်
ဆုတောင်းချည်းတော့ အားမကိုးနဲ့။ ဆုတောင်းချည်း အားကိုးလို့ရှိရင်
အများစုတွေဟာ ဘုရားတွေ ဖြစ်ကြမှာပေါ့၊ ဘာမှမဖြစ်ပါဘူး။ ဘုရားမပြောနဲ့၊
ဟိုဘဝ နတ်ပြည်ရောက်ဖို့တောင် ဆုတောင်းကြည့် စမ်း၊ မရပါဘူး။ အမှန်ကတော့
ဆုတောင်းဆိုတာ စိတ်ညွတ်တာပါ။ စိတ်ညွတ်တာကို နှုတ်နဲ့ ဖော်ထုတ်ပြီး
ပြောတာဘဲရှိတယ်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ အမေးအဖြေများ စာအုပ်မှ
No comments:
Post a Comment