မန္တလေးမြို့
အနောက်ပြင် မစိုးရိမ်တိုက်သစ် ဆရာတော်ထံ ပညာရည်နို့ သောက်စို့ရန်
သွားရောက်လျှောက်ထားသောအခါ ဆရာတော်သည် “နေစရာ မရှိဘူး၊ လှေခါးတက်မှာ
အိပ်နိုင်လား”ဟု မေးပါသည်၊ ထိုအခါ မိမိသည် အိပ်နိုင်ကြောင်း လျှောက်ထားပြီး
နောက်နေ့မှစ၍ မစိုးရိမ်တိုက်သစ် ဆရာတော်ထံ၌ ၁၀-နှစ်ထိ ပညာရည်နို့
သောက်စို့ နေထိုင်ခဲ့ပါသည်။
ဆရာတော်သည် ပညာရည်နို့ သောက်စို့သည့်အခါ နေရာရရေးသည် အဓိကမဟုတ် ပညာရရေးသည်သာ အဓိကဖြစ်ကြောင်း မိန့်ဆိုလိုရင်း ဖြစ်ပေသည်။
ဆရာတော်သည်
ရောက်လာကြသော စာသင်သားများကို ဒီပုဂ္ဂိုလ် တကယ် စာလိုချင် မလိုချင်
သိရအောင်ဆိုသည့်သဘောဖြင့် နေ့စဉ်နေ့တိုင်း စာဝါကို ဆိုခိုင်းပြီး
လေ့လာနေလေ့ရှိပေသည်၊ စာဆိုခိုင်းလို့ အဆင်မပြေလျှင်ကား ခေါင်းကို
ဖနောင့်နဲ့ ပေါက်လေတော့သည်။ ၇-ရက်လောက် စာဝါဆိုခိုင်းပြီး
တကယ်လိုချင်သည့်ပုဂ္ဂိုလ်, ဒဏ်ခံနိုင်သည့် ပုဂ္ဂိုလ်တို့သည် ဆက်လက်၍
မြဲသွားကြပေသည်၊ မလိုချင်သည့် ပုဂ္ဂိုလ်၊ ဒဏ်မခံနိုင်သည့် ပုဂ္ဂိုလ်တို့သည်
၇-ရက်အတွင်းမှာ ပြန်ပြေးကြပေသည်။
၂။ မစွဲရဘူး ရန်ဖြစ်တတ်တယ်
မင်းတို့ ဒီမှာ လာပြီး စာသင်ကြတဲ့အခါမှာ လူမျိုးစွဲ မပြောရဘူး၊ ဒေသစွဲ မပြောရဘူး၊ ဂိုဏ်းဂဏစွဲ မပြောရဘူး၊ ပြောရင် ရန်ဖြစ်တတ်တယ်။
လူမျိုးစွဲဆိုတာ-မင်းတို့
ရခိုင်က ဘယ်လို၊ မင်းတို့ ကချင်က ဘယ်လို၊ မင်းတို့ ကရင်က ဘယ်လို၊ မင်းတို့
ရှမ်းက ဘယ်လို၊ မင်းတို့ ဗမာက ဘယ်လို-စသည်ဖြင့် လူမျိုးစွဲ မပြောရဘူး၊
ဒါတွေစွဲပြီး ပြောဆိုရင် ရန်ဖြစ်တတ်တယ်။
ဒေသစွဲဆိုတာ-မင်းတို့
အောက်သားက ဘယ်လို၊ မင်းတို့ အထက်သားက ဘယ်လို၊ မင်းတို့ ရွှေဘိုသားက
ဘယ်လို-စသည်ဖြင့် ဒေသစွဲ ပြောဆိုရင်လဲ ရန်ဖြစ်တတ်တယ်။
ဂိုဏ်းဂဏစွဲဆိုတာ-မင်းတို့ ရွှေကျင်က ဘယ်လို၊ မင်းတို့ သုဓမ္မာက ဘယ်လို-စသည်ဖြင့် ဂိုဏ်းဂဏစွဲ ပြောဆိုရင်လဲ ရန်ဖြစ်တတ်တယ်။
ဒါကြောင့် မင်းတို့ ဒီမှာ စာလာသင်ကြတဲ့အခါမှာ လူမျိုးစွဲ မပြောရဘူး၊ ဒေသစွဲ မပြောရဘူး၊ ဂိုဏ်းဂဏစွဲ မပြောရဘူး။
အဲဒါ မှတ်ထားကြ။
၃။ အကျင့်ကောင်းသာ ယူခဲ့ပါ
မင်းတို့ ဒီမှာ စာလာသင်ကြတဲ့အခါမှာ ကောင်းတဲ့အကျင့်တွေသာ ယူလာခဲ့ပါ၊ မကောင်းတဲ့အကျင့်တွေဆို ယူမလာပါနဲ့။
မင်းတို့
နေထိုင်ခဲ့တဲ့ နေရာက အကျင့်ကောင်းတွေကို ယူလာခဲ့ပါ၊ တို့ကို လာပြောပါ၊
တို့-ကျင့်သုံးကြည့်မယ်၊ ကောင်းရင် ဆက်သုံးမယ်။ မကောင်းတဲ့ဟာဆို ဒီကျောင်းက
တိုက်ပေါက်မှာ ထားခဲ့ပါ၊ အထဲကို ယူမလာပါနဲ့။
ဒီတိုက်က
ထွက်သွားတဲ့အခါမှာလဲ ကောင်းတဲ့အကျင့်တွေကိုသာ ယူသွားပါ၊ မကောင်းတဲ့
အကျင့်တွေဆို ဒီကျောင်းက တိုက်ပေါက်မှာပဲ ထားခဲ့ပါ။ အပြင်ကို ယူမသွားပါနဲ့။
၎။ ကုန်နိုင်သလောက်သာ ခတ်သောက်ပါ
မင်းတို့
သောက်ရေသောက်တဲ့အခါ ငါ ကြည့်ကြည့်နေတယ်၊ တချို့က ရေခွက်နဲ့ ခတ်တာက
အပြည့်ပဲ၊ ပြီးတော့ သောက်တဲ့အခါကျတော့ နဲနဲပဲ သောက်တာတွေ့ရတယ်၊ မကုန်တော့
သွန်ပစ်တာ တွေ့ရတယ်၊ သွန်ပစ်တော့ ဘာဖြစ်လဲဆိုတော့ အလကား ဖြစ်ကုန်တာပေါ့၊ ငါ
ခတ်ရတာတော့ မဟုတ်ပါဘူး၊ မင်းတို့ဘဲ ခတ်ရတာပဲ၊ မင်းတို့ပဲ ပင်ပန်းတာ။ ဒါ
ဘာမှလဲ အကျိုးမရှိဘူး၊ ရေတွေ အလကား ဖြစ်သွားတာပဲ၊ ဒါကြောင့် ရေသောက်တဲ့အခါ
ကုန်နိုင်သလောက်သာ ခတ်ပါ၊ မဝသေးရင် ပြန်ခတ်သောက်ပေါ့၊
၅။ မလုပ်ရဘူး
မင်းတို့
ကျောင်းပေါ်ကနေ အောက်ကို တံတွေး ထွေးတာတို့၊ အမှိုက်ပြစ်ချတာတို့ မလုပ်ရဘူး၊
လုပ်လို့ အောက်က သွားနေတဲ့ လူတယောက်ယောက်ပေါ်ကျမယ်ဆိုရင် အဲဒါ ရန်ဖြစ်မယ်၊
စကားများမယ်။ အဲဒီတော့ တံတွေးထွေးဘို့အတွက် ပုံးတစ်ပုံးထဲ သဲထည့်ပြီး အပြင်
ဝရံတာမှာ ထားပါ။ အမှိုက်ပြစ်ဘို့အတွက်လဲ အမှိုက်ပုံး တစ်ပုံး ထားပါ။
အဲဒီမှာ တံတွေးထွေးမယ် အမှိုက်ပြစ်မယ်ဆိုရင် အဲဒါ ရန်ဖြစ်စရာအကြောင်း
မရှိတော့ဘူး။
၆။ စာပဲလုပ်ခိုင်းမှာ
“မင်းတို့
ဒီကိုလာတာ အလုပ်လုပ်ဘို့ လာတာ မဟုတ်ဘူး၊ စာလုပ်ဘို့ လာတာ၊ ဒါကြောင့် ငါက
မင်းတို့ကို အလုပ်မခိုင်းဘူး၊ စာပဲ လုပ်ခိုင်းမှာ”။
မစိုးရိမ်တိုက်သစ်
ဆရာတော် အုပ်ချုပ်သည့် ကျောင်းဆောင်များ၌ နေထိုင်ကြသော စာသင်သားတို့သည်
ဝါဆိုပြီးနောက်ပိုင်း လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်နေ့တိုင်း ငယ်-လတ်-ကြီး
သမားများ စာဖြေကြရသည်။
လပြည့် လကွယ်နေ့တိုင်း စာချတန်း သမားများ စာဖြေကြရသည်၊
ဖြေဆိုရသည့်စာများက
၁၅-ရက် တပတ်စာ သင်ကြားထားပြီးတဲ့အထဲကပဲ ၁၀-ပုစ္ဆာ မေး+ဖြေရတာ ဖြစ်ပြီး
တစ်ပုစ္ဆာလျှင် ၄-မှတ်နှုံး ရ,ရမည် ဖြစ်သည်၊ အမှတ် ၄၀-မရလျှင် နောက်ထပ်
စာမေးပွဲ မဖြေမချင်း စာဒဏ် ထမ်းဆောင်ရပါသည်၊ နောက်တစ်ကြိမ် စာဖြေလို့
သတ်မှတ်ချက် အမှတ်ရလျှင် စာဒဏ်မှ လွှတ်ပါသည်၊ မရလျှင်ကား ဆက်လက်၍ စာဒဏ်
ထမ်းဆောင်ရပါသည်။
စာဒဏ်သည်ကား
အများ အနားယူချိန် နေ့လည် ၁၂း၀၀ မှ ၁း၀၀ နာရီအထိ ဆရာတော်သီတင်းသုံးသည့်
(အများအားဖြင့်) ဓမ္မဒါယာဒ-ကျောင်းသို့ သွားပြီး ဆရာတော် သီတင်းသုံးသည့်
ကုဋင်ခြေရင်း၌ စာအံနေရခြင်း ဖြစ်ပေသည်၊ စာအံသံ မကြားပါက ဆရာတော်သည်
ခြေထောက်ဖြင့် ကုဋင် ကြမ်းပြင်ကို ဆောင့်လိုက်ပြီး “ဟေ့ကောင် စာအံ” ဟု
သတိပေးပါသည်။
၇။ မျက်စိဖြင့် မြင်အောင်ကြည့်ပါ
မင်းတို့
ကျောင်းတစ်ကျောင်းမှာ သံဃာ ၁၅၀-ရှိတယ် ဆိုရင် မျက်လုံးပေါင်း ၃၀၀-ရှိတယ်၊
အဲဒီ မျက်လုံး ၃၀၀-နဲ့ မြင်အောင်မကြည့်လို့ အခုလို ဖြစ်ရတာ-ဟု
အမိန့်ရှိပါသည်။
အကြောင်းကား
ဆရာတော်အုပ်ချုပ်သည့် ကျောင်းအသီးသီး၌ နေထိုင်ကြသော သံဃာတော်တို့သည်
ညနေ-၆း၀၀ နာရီထိုးလျှင် ဘုရားဝတ်ပြုကြရပေသည်။ ထိုသို့ ဘုရားဝတ်ပြုသည့်အခါ
တာဝန်ရှိ အလဲ့ကျ စာချဘုန်းကြီးများက သံဃာစစ်ကြရပေသည်၊ အကယ်၍
အကြောင်းကိစ္စရှိလို့ ဘုရားဝတ်ပြု မလိုက်နိုင်လျှင် ထိုသံဃာစစ် ဘုန်းကြီးထံ
အကြောင်းကြားသွားကြရမည် ဖြစ်ပါသည်၊ သို့မဟုတ်-တဆင့်ခံ
အကြောင်းကြားခိုင်းထားရမည် ဖြစ်ပါသည်၊ အကြောင်းမကြားဘဲ ဘုရားဝတ်ပြု
မပါခဲ့လျှင် ထိုဘုရားဝတ်ပြု မလိုက်သော သံဃာ နေထိုင်သော ကျောင်းမှ
တစ်ကျောင်းလုံးရှိ သံဃာများသည် နောက်နေ့နံနက် စောစော အိပ်ရာထ၍ (တစ်ရက်)
ဘုရားဝတ်ပြုကြရပေသည်၊ ထိုနေရာသို့ ဆရာတော်ကြီးကိုယ်တိုင်လဲ ကြွရောက်၍
ဘုရားဝတ်ပြုပါသည်။ ဘုရားဝတ်ပြု ပျက်ကွက်သော သံဃာသည်ကား တစ်လ-လုံးလုံး
ဆရာတော် သီတင်းသုံးသည့် ကျောင်းသို့ နံနက်စောစောသွား၍ ဆရာတော်နှင့်အတူ
ဘုရားဝတ်ပြုရပါသည်။
ထိုကဲ့သို့
ကျောင်းရှိသံဃာ အားလုံး တစ်နံက် စောစောထ၍ ဘုရားဝတ်ပြုခိုင်းရခြင်းနှင့်
ပျက်ကွက်သည့်ပုဂ္ဂိုလ် တစ်လလုံးလုံး နံက်စောစော ဘုရားဝတ်ပြုရခြင်းသည်
“ဘုရားဝတ်ပြု ပျက်ကွက်သည့်ပုဂ္ဂိုလ်ကို မျက်လုံးပေါင်း ၃၀၀-ဖြင့်
မြင်အောင်မကြည့်လို့ နှင့် ပန်ကြားရမည့်ပုဂ္ဂိုလ်ကို မပန်ကြားဘဲ
သွားသည့်အတွက်ကြောင့် ဖြစ်သည်”ဟု အမိန့်ရှိပါသည်။
“လူငယ်ဆိုတာ
လူကြီးဆီ မလာချင်ကြဘူး၊ အဲဒီတော့ ဘုရားဝတ်ပြု မလိုက်နိုင်လို့
တိုင်ကြားစရာရှိလျှင် ငါ့ဆီ လာစရာ မလိုပါဘူး၊ ဘုရားဝတ်တက်စစ်တဲ့ ပုဂ္ဂိုလ်ထံ
ပြောသွားရင် ရတာပါပဲ၊ ဒါကိုမှ မပြောရင်တော့ မင်းတို့ ဘုရားဝတ်ပြုဒဏ်
ထမ်းရမှာပဲ။” ဟုလဲ အမိန့်ရှိပါသည်။
၈။ လေ့လာထားပြီး ဆရာတော်ကြီး
ဆရာတော်သည်
မိမိထံ ရောက်ရှိလာသော စာသင်သားများအား တစ်ယောက်ချင်းစီ၏ အကျင့်စရိုက်
အကြောင်းခြင်းရာ အလုံးစုံကို သိအောင် လေ့လာ စုံစမ်းထားလေ့ရှိပေသည်။
သံဃာတပါးပါးက သံဃာတပါးပါး၏ အကြောင်းခြင်းရာကို ဆရာတော်ထံ လျှောက်ထားလျှင်
ဆရာတော်က “မင်းက ဘယ်ကနေ မြင်တာလဲ, ဘာလုပ်ရင်း မြင်တာလဲ” စသည်ဖြင့်
မေးမြန်းပြီး လာရောက်လျှောက်ထားသူအား ပြန်လွှတ်လိုက်ပေသည်၊ ထို့နောက်
လျှောက်ထားတိုင်တန်းခံရသူကို လေ့လာ စုံစမ်းနေလေ့ရှိပေသည်၊
တိုင်တန်းထားသည့်အတိုင်း တွေ့လျှင်ကား တစ်ကြိမ်တစ်ခါဖြင့် အရေးမယူသေး၊
သတိပေးရုံမျှ ပေးပေသည်။ နှစ်ကြိမ် သုံးကြိမ် တွေ့လျှင်ကား ထိုသံဃာ၏
အာမခံပုဂ္ဂိုလ်ကို ခေါ်ယူ၍ အပ်နှံလိုက်လေတော့သည်။ ထိုပုဂ္ဂိုလ်၏ အာမခံ
ပုဂ္ဂိုလ်က တိုက်ထဲနေထိုင်ခွင့် အာမ,မခံတော့ဘူးဆိုလျှင် ထိုပုဂ္ဂိုလ်
တိုက်ထဲ၌ နေထိုင်ခွင့် မရှိတော့ပေ။
အကယ်၍
တိုင်တန်းခံရသူက တိုင်တန်းထားသည့်အတိုင်း မဟုတ်လျှင် တိုင်တန်းသူကို
ဆရာတော်က ဒီပုဂ္ဂိုလ် လိမ်တတ် ညာတတ်တဲ့သူ-ဟု အသိအမှတ်ပြုထားလိုက်ပေသည်။
နောက်နောင် ထိုပုဂ္ဂိုလ်ပြောလျှင်ကား အယုံအကြည် မရှိတော့ပေ။
၉။ အာဏာကုန် ပေးထားသော စနစ်
မစိုးရိမ်တိုက်သစ်
ဆရာတော်အုပ်ချုပ်သည့်ဘက်၌ နေထိုင်ကြသော စာသင်သားတို့သည်
ဝါဆိုတော့မည်ဆိုလျှင် ငယ်-လတ်-ကြီး သမားများက စာချတန်းသမားများ (သို့မဟုတ်)
စာချဘုန်းကြီးများထံ လျှောက်ထား၍ အာမခံ ၂-ပါးစီ ရှိမှ တိုက်ထဲ
နေထိုင်ခွင့် ရှိပေသည်။ အာမခံ ၂-ပါးမရှိလျှင် တိုက်ထဲ နေထိုင်ခွင့် မရှိပေ။
ထိုသို့အာမခံရှိပြီး ဆက်လက်နေထိုင်ကြတဲ့အခါမှာ ငယ်-လတ်-ကြီး သမားများကို
စာချတန်းသမားများနှင့် စာချဘုန်းကြီးများက အုပ်ချုပ်ထားပေသည်။
စာချတန်းသမားများနှင့် စာချဘုန်းကြီးများကိုကား နာယကဆရာတော်များက အုပ်ချုပ်ထားပေသည်။
နာယက ဆရာတော်များကိုကား မဟာနာယက ဆရာတော်ကြီးက အုပ်ချုပ်ထားပေသည်။
အကယ်၍
ငယ်-လတ်-ကြီး စာသင်သား တပါးပါးကို အပြစ်ရှိ၍ နှင်ထုတ်လိုလျှင်
စာချတန်းသမားများနှင့် စာချဘုန်းကြီးများက နှင်ထုတ်ပိုင်ခွင့် ရှိပေသည်၊
ထိုစာချတန်းသမားနှင့် စာချဘုန်းကြီးတို့ နှင်ထုတ်လိုက်သော ငယ်-လတ်-ကြီး
တပါးပါးကို နာယကဆရာတော်များနှင့် မဟာနာယက ဆရာတော်တို့က လက်ခံပိုင်ခွင့်
မရှိပေ။ (ငယ်-လတ်-ကြီး သမားများအတွက် စာချတန်းသမားများနှင့်
စာချဘုန်းကြီးများကို အာဏာကုန် လွှဲထားခြင်း ဖြစ်ပေသည်)။
နာယကဆရာတော်များက
နှင်ထုတ်လိုက်သော ငယ်-လတ်-ကြီး သမားများကို မဟာနာယက ဆရာတော်က
လက်ခံပိုင်ခွင့် မရှိပေ၊ သို့သော် စာချတန်းသမားများနှင့်
စာချဘုန်းကြီးများထဲမှ အာမခံပေးမည့်ပုဂ္ဂိုလ် ရှိလျှင်ကား ဆက်လက်၍
နေထိုင်ခွင့် ရှိပေသည်။
မဟာနာယက
ဆရာတော် နှင်ထုတ်လိုက်သော ပုဂ္ဂိုလ်ကို စာချတန်း သမားများနှင့် နာယက
ဆရာတော်တို့က အာမခံလျှင်ကား ဆက်လက် နေထိုင်ခွင့် ရှိပေသည်။
ဆိုလိုသည်ကား အနီးကပ်နေထိုင်ရသည့် ပုဂ္ဂိုလ်များကို အာဏာကုန် အပြည့်ပေးထားခြင်း ဖြစ်သည်။
အောက်အဆင့်က နှင်ထုတ်ပြီးသား ပုဂ္ဂိုလ်ကို အထက်အဆင့်က ဆရာတော်များက ဗီတိုအာဏာဖြင့် လက်ခံပိုင်ခွင့် မရှိပေ။
အထက်အဆင့်က နှင်ထုတ်ထားပြီးသား ပုဂ္ဂိုလ်ကိုကား အောက်အဆင့်က အာမခံရလျှင် ဆက်လက်၍ နေထိုင်ခွင့် ရှိပေသည်။
၁၀။ ကဲ ငါ့ကို ယုံအောင်လိမ်စမ်း
ဆရာတော်ထံ
မှီတင်းနေထိုင်ကြသော စာသင်သားများထဲမှ အပတ်စဉ် စာမေးပွဲလဲ ခဏခဏ ကျ၊ စာဝါလဲ
ခဏခဏ ပျက်ကွက်လေ့ရှိသော အချို့သော စာသင်သားတို့သည် အကြောင်းတခုခုဖြင့်
အပြင်ကို သွားလို၍ လာရောက်လျှောက်ထားသောအခါ (မှန်ကန်သော အကြောင်းအရာပင်
ဖြစ်စေကာမူ) ဆရာတော်က “ကဲ ငါ့ကို ယုံအောင် လိမ်စမ်း”ဟု ပြောဆိုလေ့
ရှိပေသည်။ “မင်းတို့က သေပြီးသား အဖိုး အဖွားတွေကိုလဲ ၂-ခါပြန် ၃-ခါပြန်
သေခိုင်းပြီးတော့ ရွာပြန်ကြတာ”ဟု ပြောဆိုလေ့ ရှိပေသည်။ စည်းကမ်းပျက်သော
ပုဂ္ဂိုလ်ကိုကား ဘုရားလာပြောတောင် ငါ-မလွတ်ဘူး-ဟု အမိန့်ရှိပေသည်။
၁၁။ ဆရာတော်ဘုရား၏ စရဏအား
ဆရာတော်သည်
နေ့စဉ်နေ့တိုင်း ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ရွတ်၊ ပုတီး စိပ်၊ သောက်တော်ရေ
လဲခြင်းတို့ကို (အဓိဋ္ဌာန်သဘောဖြင့်) ပြုလုပ်လေ့ရှိပေသည်။ အဓိဋ္ဌာန်သည်ကား
ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ အခေါက်ရေပေါင်း ၈၄၀၀၀ ရအောင်၊ ပုတီးအပတ်ရေပေါင်း ၈၄၀၀၀
ရအောင်၊ ရေတော်ခွက်ပေါင်း ၈၄၀၀၀ ရအောင် ပြုလုပ်လေ့ရှိပေသည်။ တနေ့ထဲ
အပြီးလုပ်သည်မဟုတ်၊ တနေ့ နဲနဲ နဲနဲနှင့် ပြုလုပ်လေ့ရှိပေသည်၊
ဆရာတော့်အိပ်ရာ ခေါင်းအုံးဘေးနားမှာ ဘောလ်ပင်တို့ ခဲတံတို့ ၁၀-ချောင်းလောက်
ချထားပြီး ပဋ္ဌာန်းရွတ်လိုက် တခါပြီးလျှင် တချောင်းရွှေ့လိုက်နဲ့
ပြုလုပ်လေ့ရှိတာကို တွေ့ရပေသည်။ ပုတီးစိပ်သည့်အခါမှာလဲ ထိုနည်းတူ
တပတ်ပြီးလိုက် တချောင်းရွှေလိုက်နဲ့ ပြုလုပ်လေ့ရှိပေသည်။ ဘုရားသောက်တော်ရေ
တင်သည့်အခါမှာကား ပလပ်စတစ်ချိုင့် တခုထဲကို ခွက်ရေ ဘယ်လောက်ဟု
ထည့်မှတ်ထားလေ့ရှိပြီး ပူဇော်လေ့ရှိပေသည်။
အထက်ပါ
ဝတ်တရားများကို နေ့စဉ်နေ့တိုင်း ကျောင်းစဉ် (မိမိနှင့် ဆက်စပ်သည့်
ဓမ္မဒါယာဒကျောင်း, ဓမ္မဘာဏကကျောင်း, ဓမ္မသီတဂူကျောင်း, ဓမ္မဝေဒဂူကျောင်းသို့)
သွား၍ ပြုလုပ်လေ့ရှိပေသည်။ ယခုအခါမှာကား ဆရာတော်နှင့် ဆက်စပ်သည့်ကျောင်း,
ဆရာတော်၏တပည့် နာယကဆရာတော်တို့ ကျောင်းသို့ သွားရောက်၍ ပြုလုပ်နေလိမ့်မည်ဟု
မြင်ယောင်မိပါသည်။
၁၂။ ဟိတ်ဟန် မရှိ၊ ပကတိ ရိုးရှင်းစွာ သွားလာ၊ နေထိုင်၊ ပြောဆို၊ လုပ်ကိုင်သူ
ဆရာတော်သည်
သင်္ကန်းဝတ်ရုံသည့်အခါ များသောအားဖြင့် အဝါဖြော့ကို ဝတ်ရုံလေ့ရှိပြီး
ပုခုံးပေါ်မှာလဲ အဝါဖြော့ သင်းပိုင်အဟောင်းကို တင်၍ သွားလာလေ့ ရှိပေသည်။
နေပူသည့်အခါ ထိုသင်္ကန်းဟောင်းကို ခေါင်းပေါ်တင်၍ အသုံးပြုသလို ချောင်းဟန့်ပြီး ချွဲသလိပ် ထွေးလိုလျှင်လဲ ထိုသင်္ကန်းဟောင်းဖြင့်ပင် အသုံးပြုလေ့ရှိပေသည်။
ဆရာတော်သည်
သာရေး နာရေးကိစ္စရှိ၍ သီလပေးပြီး ပရိတ်ရွတ်ခါနီး တရားဟောခါနီးအခါမှာ
အမြဲတမ်း ပြောဆိုလေ့ရှိသော စကားမှာ---“အေး အခု ပရိတ်ရွတ်တော့မယ် ၊ တရား
ဟောတော့မယ်၊ ပရိတ်ရွတ်နေတုန်း တရားဟောနေ တုန်း စကားမပြောပါနဲ့၊ မနာချင်ရင်
အခုကတဲက ထသွားပါ၊ ပရိတ်ရွတ်နေတုန်း တရားဟောနေတုန်း စကားပြောရင် ဒီက
ထွေးခံနဲ့ ကောက်ပေါက်မှာ”ဟု ပြောဆိုလေ့ရှိပါသည်။
ဆရာတော်သည်
တနေရာမှ တနေရာသို့ သွားသည့်အခါမှာ ဖြစ်စေ, ကျောင်းပေါ်သို့ မတက်ခင်
ကျောင်းအောက်သို့ မဆင်းခင် ဖြစ်စေ ကြိုတင်ပြီး ချောင်းဟန့်လေ့ရှိပေသည်၊
ကျောင်းပေါ်တက်သည့်အခါ ကျောင်းပေါ်မှ ပြန်ဆင်းသည့်အခါမှာ ဆိုလျှင်ကား
ချေသံပြင်းပြင်း နင်းပြီး တက်လေ့ ဆင်းလေ့ ရှိပေသည်။ အကြောင်းမှာကား ဆရာတော်
လာနေသည်ကို တပည့်များကို သိစေလိုပြီး ရှောင်စရာရှိရင် ကြိုတင်
ရှောင်ထားနိုင်စေဖို့ ဖြစ်ပေလိမ့်မည်။ အချို့သော ဆရာများကား တပည့်တွေ မသိအောင် လာပြီး ချောင်းမြောင်းလေ့ ရှိပေသည်။ ဆရာတော်သည်ကား ထိုသို့မဟုတ်ပေ။
“မင်းတို့
အလုပ်လုပ်ကြတဲ့အခါမှာ ကောင်းအောင်လို့ လုပ်ကြတာပဲ၊ ဒါပေမဲ့ တခါတရံ
မကောင်းတာ ဖြစ်ရင်လဲဖြစ်သွားမှာပဲ၊ ကိစ္စ မရှိဘူး၊ အများက ကောင်းတယ်လို့
ပြောလာခဲ့ရင် မင်းတို့ လုပ်တာပဲ၊ အများက မကောင်းဘူးလို့ ပြောလာခဲ့ရင်တော့
ငါလုပ်တာလို့ ပြောမယ်၊ ငါ ညံ့လို့ပေါ့-ကွ”ဟု အမိန့်ရှိပေသည်။ ဤဟာကို
ကြည့်သောအားဖြင့် ဆရာတော်သည် လူကြီးပီသသူ, ခေါင်းဆောင် ပီသသူ,
ခေါင်းခံရဲသူ, ဖြစ်ပေသည်။ အချို့ကား အလုပ်မလုပ်ပဲ နေရာ ယူချင်သူ ဖြစ်ပြီး၊ ဆရာတော်သည်ကား အလုပ်လုပ်ပေမယ့် နေရာ မယူသူ ဖြစ်ပေသည်။
မင်းတို့ အသက်ကြီးလာရင် လူကြီးတော့ ဖြစ်လာမှာပဲ အဲဒီအခါမှာ လူကြီးပီသအောင် နေတတ်ဖို့ အခုကတဲက အကျင့်လုပ်ထားကြရမယ်။ဟု အမိန့်ရှိပေသည်။
မင်းတို့
ဘုရားဝတ်ပြုတဲ့အခါ, စာဝါလိုက်တဲ့အခါ တွေမှာ အမြဲတမ်း ပုံသေနေရာမှာ နေရမယ်။
အစား ဝင်မနေရဘူး၊ ဒါမှ နေရာ လစ်လပ်ရင် ဘယ်သူမပါဘူးဆိုတာ တမ်းသိမှာ-ဟု
အမိန့်ရှိပေသည်။
မင်းတို့ ညနေ စာဝါနားချိန် အပြင်သွားကြတဲ့အခါမှာ လမ်းအပြည့် မသွားကြနဲ့၊ လမ်းအပြည့်သွားတာ ဘုန်းကြီးနဲ့ နွားပဲ ရှိတယ်။ မင်းတို့ လမ်းအပြည့်သွားတော့ လူတွေ သွားစရာ လမ်းမကျန်တော့ဘူး။
နောက် မင်းတို့လာတာမြင်လို့ လူတွေက ရှောင်ရှောင်သွားကြတယ်၊ မင်းတို့ကို ကြည်ညိုလို့ ရှောင်သွားတယ် ထင်မနေနဲ့၊ မြွေလိုပဲ မင်းတို့ကို ရွံကြောက်ကြီး ဖြစ်နေတာ။ ရွံလို့ ကြောက်လို့ ရှောင်သွားတာ။ဟု အမိန့်ရှိပေသည်။
တချို့ကိုယ်တော်တွေ
ဆေးလိပ် သောက်ကြတယ်၊ ကိုယ်ကြိုက်လို့ ကိုယ်သောက်တာ၊ သောက်ပါ။ ဒါပေမဲ့
လူတွေလို လမ်းလျှောက်ရင်း ဆေးလိပ်ကို လက်ကြားညှပ် လပ်ယား လပ်ယားလုပ်ပြီး
မသောက်ရဘူး၊ ကြည့်လို့ မြင်လို့လဲ မကောင်းဘူး၊ ကိုယ့်နေရာမှာ
ကိုယ်ကြိုက်သလောက် သောက်ပေါ့၊ သောက်လို့ မင်းတို့ ဖင်ကနေ
အငွေ့ထွက်အောင်သောက် ကိစ္စမရှိဘူး၊ ဆေးလိပ်သောက်လို့ အငွေ့နဲ့ ကျောင်းကြီးမှ
ပျံတက်ချင် ပျံတက်သွားပါစေ ကိစ္စမရှိဘူး၊ ကိုယ့်နေရာမှာပဲ ကိုယ်သောက်ပါ။
ည
၉-နာရီ စာဝါပြီးတဲ့အခါ တချို့ အပြင်သွားကြတယ်၊ ပွဲသွားကြည့်ကြတယ်၊
ကိုယ်ကြိုက်လို့ ကိုယ်သွားတာ သွားပေါ့၊ ဒီတိုက်ထဲမှာမှ ပြန်မအိပ်ချင်နေ၊
ကြိုက်တဲ့နေရာ အိပ်ခဲ့အိပ်ခဲ့ ကိစ္စမရှိဘူး၊ အေး နောက်နေ့မနက်
စာဝါချိန်မှာတော့ ရှိရမယ်၊ မရှိရင်တော့ ဒဏ်ပဲ။ နောက်တခု မင်းတို့
အပြင်ပွဲသွားကြည့်ရင်း ရန်မဖြစ်ခဲ့နဲ့ ရန်ဖြစ်ခဲ့ရင်တော့ ဒီတိုက်ထဲကို
ပြန်ဝင်မလာရဘူး၊ ကိုယ့်အိပ်ရာလိပ် ကိုယ်ယူပြီး အပြင်သွားပေတော့။
မင်းတို့
ကလေးမလေးတွေတွေ့ရင် ပြောင်လား နောက်လား မလုပ်နဲ့၊ မင်းတို့ အမ, နှမကို
သူများက ပြောင်လား နောက်လား လုပ်ရင် မင်းတို့ကြိုက်မလား၊
မင်းတို့မကြိုက်ရင် သူများလဲ ကြိုက်မှာမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့
ကလေးမတွေကို မြောင်လား နောက်လား မလုပ်ရဘူး၊ အေး ကြိုက်ရင်တော့ လိုက်ပြော၊
ဒါက တမျိုး။
ဤကား
ဆရာတော် ဆိုဆုံးမခဲ့သော များစွာသော သြဝါဒထဲမှ အနည်းငယ်မျှသာ ဖြစ်ပေသည်။
ထိုသြဝါဒများကို ဆိုဆုံးမခဲ့သော ဆရာတော်သည်ကား အခု သက်တော် ( ၈၀ )
ပြည့်မြောက်မည့် မစိုးရိမ်တိုက် သုံးတိုက်တို့၏ အဓိပတိ မဟာနာယက ဆရာတော်
ဖြစ်တော်မူသော အတုယူထိုက်စွာ လေးစားလိုက်နာထိုက်စွာ စံပြုထိုက်စွာသော
မြတ်ဆရာတော် ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-ပင် ဖြစ်ပေတော့သည်။
အစဉ်ထာဝရ ရိုသေလေးစားလျက်
တပည့်
ဓမ္မသာမိ (မော်လူး)
မင်္ဂလာရာမကျောင်းတိုက်
ဝါရှင်တန် ဒီစီ၊ အမေရိကန် နိုင်ငံ။
No comments:
Post a Comment