Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, January 23, 2013

သတိပဋ္ဌာန်နှင့် ၀ိပဿနာ

သတိပဋ္ဌာန်ဆိုသည်ကား သတိဖြင့်လျှောက်ရမည့်လမ်းကြောင်းဟု အဓိပ္ပါယ်ရသည်။ သမာဓိကျင့်စဉ်ကိုဖြစ်စေ၊ ပညာကျင့်စဉ်ကိုဖြစ်စေ၊ မည်သည့်ကျင့်စဉ်ကို ကျင့်စေကာမူ သတိဖြင့်သာ ကျင့်သုံးရမည်ဖြစ်သည်။ သတိ၏အဓိပ္ပါယ်ကို အဘိဓမ္မာ-အဋ္ဌကထာ၌ သုံးမျိုးဖွင့်ပြကြသည်။

(၁)စိတ်ကိုတစ်ခုတည်းသောအာရုံ၌ စွဲမြဲစွာထားနိုင်သော သတ္တိအထူးရှိသည်။ (အပိလာပန)
(၂)စိတ်ထဲ၌ ရှုတ်ထွေးခြင်း၊ ထိုင်းမှိုင်းခြင်းတို့ကို ဖယ်ရှား၍ ငုတ်နေသော သဘာဝ လက္ခဏာတို့ကို ဖေါ်ထုတ်နိုင်သော စွမ်းရည်သတ္တိအထူးလည်းရှိသည်။ (အသမ္မောသန)
(၃) စိတ်ကို စောင့်ရှောက်ထိမ်းသိမ်းနိုင်သော သတ္တိအထူးလည်းရှိသည်။ (အာရက္ခ)


     ယောဂီပုဂ္ဂိုလ်သည်သမထကမ္မဋ္ဌာန်းကိုပဲကျင့်သည်ဖြစ်စေ၊ ၀ိပဿနာကမ္မဋ္ဌာန်းကိုပဲ ကျင့်သည်ဖြစ်စေ သတိဖြင့်သာ စတင်ကျင့်သုံးရမည်ဖြစ်သည်။ ဆိုလိုသည်ကား စိတ်တည်း ဟူသော နွားရိုင်းကို ကာယဟူသောတိုင်ငုတ်၌ သတိဟူသောကြိုးဖြင့်ချည်၍ ၀ီရိယဟူသော ကြိမ်လုံးဖြင့် ရိုက်နှက်ရမည်ဖြစ်သည်။ ယောဂီပုဂ္ဂိုလ်ကား နွားကျောင်းသား၊ စိတ်ကနွား၊ သတိက ကြိုး၊ ၀ီရိယက ကြိမ်လုံးဖြစ်သည်။ (မဟာသတိပဋ္ဌာနသုတ်အဋ္ဌကထာ)
      ဤ၌ ကာယဟူသည် ရူပကာယ၊ နာမကာယဟူ၍ နှစ်မျိုးရှိသည်။ ရူပကာယ၌ ထွက်လေ၀င်လေ (သို့) ဓာတ်လေးပါးတို့သည် ကမ္မဋ္ဌာန်းအားထုတ်ရာ၌ အဓိကကျသော ကမ္မဋ္ဌာန်းအာရုံ ကာယတို့ဖြစ်ကြကုန်၏။ နာမကာယ(mental body)၌ ဝေဒနာ၊ စိတ်၊ စေတသိက်၊ အားလုံးတို့ပါဝင်ကြသည်။ ဤကာယနှစ်မျိုးစလုံးအပေါ်၌ အသေးစိပ်ရှုပုံကို မဟာသတိပဋ္ဌာနသုတ်၌ အခန်းပေါင်း-၁၃-ခန်းတို့ဖြင့် အသေးစိပ် ဗုဒ္ဓရှင်တော် ဟောကြားထားခဲ့ပါသည်။မဟာသတိပဋ္ဌာနသုတ္တန်၊ အာနာပါနအခန်း၌ သုံးသပ်နည်း-၄-ပါး ဖေါ်ပြထားသည်ကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက ၅-မျိုးထပ်မံ၍ အသေးစိပ်ဖွင့်ပြထားလေသည်။ ၀ိသုဒ္ဓိမဂ်ကျမ်းသည် ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ကျမ်းဖြစ်သည်။ ယောဂီတိုင်းလေ့လာသင့်သော ကျမ်းတစ်ခု ဖြစ်သည်။ ၀ိသုဒ္ဓိမဂ်၌ ဖေါ်ပြထားသော အာနာပါနရှုနည်း ၅-မျိုးတို့တွင် ဂဏနာနည်းမှာ (counting method) ကလေးသူငယ်များပင်လျှင် ကျင့်သုံးနိုင်သော နည်းတစ်ခုဖြစ်သည်။ ဝေဒနာနုပဿနာခန်း၌ ဝေဒနာသုံးမျိုး၊ စိတ္တာနုပဿနာခန်း၌ စိတ်-၁၆-မျိုးတို့ကို အသေးစိပ်ဟောကြားတော်မူထားပါသည်။ ဓမ္မာနုပဿနာခန်း၌ နီဝရဏခန်း၊ ခန္ဓာခန်း၊ အာယတနခန်း၊ ဗောဇ္ဈင်ခန်း၊ သစ္စာခန်းဟူ၍ ၅-ခန်းခွဲခြားကာ ဟောကြားတော်မူထား ပါသည်။ ဤ၌ အံ့သြဖွယ်ကောင်းသည်မှာ သတိပဋ္ဌာန်လေးပါး၏အဆုံးဝယ် သစ္စာလေးပါးဖြင့် နိဂုံးချုပ်ထားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိပဋ္ဌာနသုတ်၏ လမ်းညွှန်ချက်အတိုင်း လိုက်ပါအားထုတ်နိုင်လျှင် သစ္စာဉာဏ်သို့ ဆိုက်ရောက်နိုင်ကြောင်း လွယ်ကူစွာ သိရှိနိုင်ပါသည်။မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန်စံခါနီး ကုသိနာရုံ၌ အရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့သော စကားတစ်ခွန်းရှိပါသည်။
“ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ”တိ။ (ပရိနိဗ္ဗာနသုတ်)
      ဤနေရာ၌ ဆိုလိုသည်မှာ ပိဋကတ်သုံးပုံသည် ကျွန်ုပ်တို့၏ ဆရာသမားဖြစ်သည်ဟု မှတ်ယူနိုင်ရမည်။ ခံယူနိုင်ရမည်။ မဟာသတိပဋ္ဌာနသုတ်ကို စံထား၍ ပိဋကတ် သုံးပုံ၏စုဝေးရာ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာကို၎င်း၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာကြီး၏ မှီခိုရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကို၎င်း၊ ကမ္မဋ္ဌာနာစရိယဆရာများနှင့် ယောဂီပုဂ္ဂိုလ်များအားလုံး ဆရာအဖြစ်ဖြင့် မှီခိုသင့်ကြပါသည်။ ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ်၌ ကာယေ ကာယာနုပဿီ ၀ိဟရတိ-ဟု မြတ်ဗုဒ္ဓ ဟောတော်မူပါသည်။ ဤ၌ ကာယဟူသောပုဒ်ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ပထ၀ီကာယ၊ အာပေါကာယ၊ တေဇောကာယ၊ ၀ါယောကာယ အစရှိသည်ဖြင့် ရုပ်တို့၏အစုအပေါင်းကို အစိပ်စိပ်ခွဲ၍ရှုရန် ဖွင့်ပြထားပါသည်။ ပထ၀ီကာယံ အနိစ္စတော အနုပဿတိ - ပထ၀ီဓာတ် တို့၏အစုအပေါင်းကို အနိစ္စမြင်အောင်ရှုရမည်ဟု ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌  ဟောတော်မူ ထားသည်ကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက (၁) အနိစ္စ၊ (၂) အနိစ္စလက္ခဏာ နှစ်မျိုးထပ်မံ၍ ဖွင့်ဆိုပြပါသည်။ အနိစ္စဟူသည် ခန္ဓာငါးပါး (အနိစ္စန္တိ ခန္ဓပဉ္စကံ)၊ သို့ဖြစ်ခြင်းကြောင့် အနိစ္စလက္ခဏာကို ရှုလိုသော ယောဂီပုဂ္ဂိုလ်သည် ခန္ဓာငါးပါး တစ်ပါးပါးကို မြင်အောင်ရှေးဦးစွာရှုရမည်ဖြစ်သည်။ ခန္ဓာတစ်ပါးပါး၌ သတိဖြင့် စိတ်ကို စွဲမြဲစွာချည်နှောင်ထားနိုင်ပါလျှင် ထိုခန္ဓာ၌ရှိနေသာ လက္ခဏာနှစ်မျိုး (၁) သဘာဝလက္ခဏာ၊ (၂) သာမညလက္ခဏာတို့ကို အလိုအလျှောက် တွေ့မြင်လာလိမ့်မည်ဖြစ်ပါသည်။ သဘာဝလက္ခဏာဟူသည် ခန္ဓာတစ်ခုစီ၏ ကိုယ်ပိုင် လက္ခဏာဖြစ်သည်။ သာမညလက္ခဏာဟူသည် ရုပ်နာမ် ခန္ဓာအားလုံးနှင့်ဆိုင်သော လက္ခဏာဖြစ်ပါသည်။ သာမညလက္ခဏာဟူသည် အခြားမဟုတ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာတို့ပင် ဖြစ်သည်။ ထို့ကြောင့် သတိ၏အရေးပါအရာရောက်ပုံမှာ  စိတ်ကို ခန္ဓာတစ်ခုခုပေါ်၌ စွဲမြဲစွာချည်နှောင်ထားနိုင်ခြင်း၊ ထို့ပြင် ခန္ဓာ၌ ငုတ်နေသော လက္ခဏာနှစ်မျိုးကို ဖေါ်ထုတ် ပေးလိုက်ခြင်းတို့ပင်ဖြစ်သည်။ ဤနေရာ၌ ယောဂီပုဂ္ဂိုလ်တို့သည် အနိစ္စနှင့်အနိစ္စလက္ခဏာတို့ကို ကွဲကွဲပြားပြား နားလည်ဘို့ရန်လိုအပ်ပါသည်။ အနိစ္စဟူသည် ခန္ဓာ၊ အနိစ္စလက္ခဏာဟူသည် ဥပ္ပါဒ-ဖြစ်ပေါ်လာခြင်း၊ ၀ယ-ပျက်စီးသွားခြင်း၊ အညထတ္တ-ဖေါက်ပြန်ပြောင်းလဲသွားခြင်းတို့ပင် ဖြစ်ပါသည်။ ဤအချက်ကို ၀ိသုဒ္ဓိမဂ်က ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်၌ ယဒနိစ္စံ တံ ဒုက္ခံ-ဟု ဟောကြားတော်မူထားသောကြောင့် ခန္ဓာ၏အနိစ္စသဘော လက္ခဏာ သုံးချက်သည်ပင်လျှင် ဒုက္ခလက္ခဏာဖြစ်ပါသည်။ ယံ ဒုက္ခံ တဒနတ္တာ-ဟု ဟောတော်မူထားသောကြောင့် အနိစ္စ ဒုက္ခဖြစ်နေသော ခန္ဓာသည်ပင်လျှင် အနတ္တဖြစ်ပါသည်။ အနိစ္စကို နိစ္စသို့၊ ဒုက္ခကို သုခသို့၊ မည်သည့်တန်ခိုးရှင်မျှ ပြောင်းပြန် မလှန်နိုင်သောကြောင့် အနတ္တဖြစ်ပါသည်။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့်ခန္ဓာ၊ ခန္ဓာငါးပါးနှင့် အနိစ္စ-ဒုက္ခ-အနတ္တတို့သည် အတူတူပင်ဖြစ်ပါသည်။ ထို့ကြောင့် သစ္စာနှင့်ဝိမုတ္တိကို ရှာဖွေလိုသော ယောဂီပုဂ္ဂိုလ်သည် သတိပဋ္ဌာန်နှင့် ၀ိပဿနာကို စနစ်တကျ အားထုတ်တတ်ဘို့ တတ်ကျွမ်းသောဆရာတို့ကို ယုံကြည်စိတ်ဖြင့် ချဉ်းကပ်ခြင်းသည် ပထမဖြစ်ပါသည် (သဒ္ဓါဇာတော ဥပသင်္ကမတိ)။ သင်ယူခြင်းသည် ဒုတိယ၊ တတ်ကျွမ်းသောဆရာတို့ကို မေးမြန်းခြင်းသည် တတိယ၊ ကျင့်ကြံအားထုတ်ခြင်းသည် စတုတ္ထဖြစ်ပါသည်။သင်ယူရာ၌ အထိုက်အလျှောက် ဓမ္မဉာဏ်ကို ရနိုင်ပါသည်။ ဤဉာဏ်အဆင့်ကို သုတမယဉာဏ်ဟု ခေါ်ပါသည်။ (သောတာဝဓာနေ ပညာ သုတမယဉာဏံ)
           ဆရာတို့ထံမှ သင်ကြား၍ရခဲ့သောပညာကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် လေးနက်စွာ တွေးတောဆင်ခြင် သုံးသပ်သဖြင့် ဖွင့်ဖြိုးလာသောဉာဏ်ကို စိန္တာမယဉာဏ်ဟုခေါ်ပါသည်။ သင်ယူခြင်း တွေးတောကြံစည်ခြင်းဖြင့် ရရှိသောအသိဉာဏ်ကို ခန္ဓာ၌သွင်း၍ ကရဇကာယ၌ ဉာဏ်သွင်း၍ ဆင်ခြင်သုံးသပ်သဖြင့် ရရှိလာသောဉာဏ်အဆင့်ဆင့်တို့ကို ဘာဝနာမယဉာဏ်ဟုခေါ်ပါသည်။ ဘာဝနာမယဉာဏ်အမျိုးအစားတို့ကို ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဉာဏ်စဉ်-၁၂-ပါးဟု ဖေါ်ပြထားပါသည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ သုတမယ ဉာဏ်မှစ၍ရေတွက်လျှင် ဉာဏ်စဉ်အားလုံး ၇၃-ပါးတို့ကို ဖေါ်ပြထားပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းကြောင်းတို့ဖြင့် ရေပြင် မြေပြင် ဝေဟင်မှာ ခရီးသွားကြသောပုဂ္ဂိုလ်တို့သည် မိမိ၏ခရီးပန်းတိုင်သို့ လမ်းမှားသို့မရောက်မကွေ့ကောက်ပဲ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ဘို့ရန် မြေပေါ်ကို ကောင်းစွာမတ်ရပါသည်။ လမ်းပျက် တံတားပျက်တို့ကို ရှောင်ရပါသည်။ ထို့အတူပင် သစ္စာလမ်းကြောင်း ၀ိမုတ္တိလမ်းကြောင်း နိဗ္ဗာန်လမ်းကြောင်း ကောင်းကောင်းကြီးဖြောင့်စေဘို့ ၀ိပဿနာလမ်းစဉ်၏ အပြစ်များ ဖြစ်သော ဥပက္ကိလေသ-၁၀-ပါးတို့ကိုလည်း လေ့လာရှောင်ရှားသင့်ပါသည်။ ယခုအကြမ်းပြင်းမျှ ဖေါ်ပြခဲ့သော သစ္စာတရား ၀ိမုတ္တိတရားတို့ကို ရှာဖွေသော လမ်းကြောင်းကြီး၌ သတိသည်သာလျှင် ပဓာနဖြစ်ပါသည်။ သတိတစ်လုံးကို နှုတ်လိုက်လျှင် သီလ သမာဓိ ပညာအားလုံးကိုပါ ပယ်နှုတ်ပြီးသားဖြစ်နေပေလိမ့်မည်။ သီလ သမာဓိ ပညာ ဤသုံးပါးသည်ပင်လျှင် မြတ်ဗုဒ္ဓ၏သာသနာဖြစ်ပါသည်။ သမာဓိဈာန်အိမ်၊ ၀ိပဿနာဉာဏ်အိမ်ကြီးတစ်ခုခုကို တည်ဆောက်မည်ဆိုလျှင် သတိသည် အခြေခံအုတ်မြစ်ဖြစ်ရပါသည်။ ထို့ကြောင့် သတိသည်သာလျှင် နိဗ္ဗာန်သို့သွားရာ တစ်ခုတည်းသော လမ်းကြောင်းကြီးဖြစ်ပါသည်။

“ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ”

သီတဂူဆရာတော်
--------------------------------------------

မှီငြမ်းကိုးကားသောကျမ်းစာရင်းများ-
၁။ မဟာသတိပဋ္ဌာနသုတ် - မဟာဝဂ္ဂ-ဒီဃနိကာယ်
၂။ မဟာပရိနိဗ္ဗာနသုတ် - မဟာဝဂ္ဂ-ဒီဃနိကာယ်
၃။ နိဒါန၀ဂ္ဂသံယုတ် - သံယုတ္တနိကာယ် (ပ)
၎။ စင်္ကီသုတ် - ဗြဟ္မဏ၀ဂ်-မစ္ဇျိမနိကာယ်
၅။ ၀ိသုဒ္ဓိမဂ် - ၁ / ၂

မှတ်ချက်။    ။ ပရတော အဿုတွာ ပဋိလဒ္ဓပညာ အတ္တနော စိန္တာဝသေန နိပ္ဖန္နတ္တာ စိန္တာမယာ။
                 ပရတော သုတွာ ပဋိလဒ္ဓပညာ သုတ၀သေန နိပ္ဖန္နတ္တာ သုတမယာ။
                 ယထာ တထာ ၀ါ ဘာဝနာဝသေန နိပ္ဖန္နာ အပ္ပနာပ္ပတ္တာ ပညာ ဘာဝနာမယာ။

No comments:

Post a Comment