ဒါနနဲ့ပါတ်သက်ပြီးပြောရမယ်ဆိုရင်
အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် အရိယာပုဂ္ဂိုလ်တွေသိတဲ့
ဒါနရဲ့တန်ဖိုးနဲ့ လူပုဂ္ဂိုလ်တွေသိတဲ့ ဒါနရဲ့တန်ဖိုးဟာ.. အင်မတန်မှ ကွာခြားပါတယ်။
သီလ၊ သမာဓိ၊ ပညာတွေ ကွာခြားလေလေ.. လုပ်ဆောင်ပြုမူနေတဲ့ ကုသိုလ်အလုပ်တွေရဲ့အပေါ်မှာ
ထားရှိတဲ့ မြင့်မြတ်တဲ့စိတ်ထားတွေ.. တန်ဖိုးထား သိမြင်ပုံတွေဟာလည်း
ကွာခြားသွားမှာပါ။ ဒီလိုပါပဲ.. ငယ်ငယ်တုန်းက သိခဲ့တဲ့ဒါနတန်ဖိုးနဲ့..
အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ဘုရားရှင်ရဲ့အဆုံးမတွေ လေ့လာမိသလောက် သိရှိရတဲ့
တန်ဖိုးဟာလည်း ကွာခြားသွားမှာပါပဲ။ ငယ်စဉ်အခါတုန်းကတော့ ဒါနရဲ့အဓိပ္ပါယ်ဆိုတာ..
သူများကိုပေးကမ်းတာလောက်ပဲ ထင်မိခဲ့တယ်။ သူ့ကိုကျွေးတယ် ပေးတယ်ဆိုရင် ဒါနပေါ့။
ငါဒီလိုကျွေးလိုက်လို့ သူလည်း ငါ့ကိုတစ်လှည့်ပြန်ကျွေးဖို့ဆိုပြီး စိတ်ထဲမှာ
မှတ်ယူထားတယ်ပေါ့။ ငါ့တုန်းကကျွေးရတယ်.. သူ့အလှည့်ကျတော့ ငါ့ကိုမကျွေးတော့ဘူး..
နောက်တစ်ခါကျရင် သူ့ကိုဘာမှ မကျွေးတော့ဘူးဆိုတဲ့ စိတ်မျိုးတွေရှိခဲ့ပါတယ်။ အော်..
ခုအချိန်ခါပြန်တွေးကြည့်တော့ ဒါဟာ အကျိုးမျှော်တဲ့ဒါနပဲ.. နိဗ္ဗာန်ကို
မရောက်နိုင်ပါလား.. ဘုရားရှင် သာဓုမခေါ်ပါလားဆိုပြီး အဓိပ္ပါယ် ပေါက်လာမိပါတယ်။
အချို့လူတွေက
ဒါနကိုပေါ့ပေါ့လေးပဲ တွေးကြတယ်။ ဒါနနဲ့ နိဗ္ဗာန်မရောက်နိုင်ဘူး၊ သီလနဲ့
နိဗ္ဗာန်မရောက်နိုင်ဘူးဆိုတဲ့ ဘုရားအဆုံးမတွေနဲ့ ဆန့်ကျင်တဲ့စကားတွေလည်း
ကြားမိပြန်ပါသေးတယ်။ တကယ်တော့ ဒါနကိုပါယ်တာဟာ ဘုရားကိုပါယ်တာနဲ့ အတူတူပါပဲ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး(၄၅)၀ါ ကာလပါတ်လုံး ဟောကြားခဲ့တဲ့တရား တော်တွေထဲမှာ
တစ်လုံးတစ်ပါဒမှ ပြစ်ပယ်ထားသင့်တဲ့အရာ၊ ထုတ်ပယ်သင့်တဲ့အရာ၊ အကျိုးမရှိတဲ့အရာဆိုတာ
တစ်ခုမှမရှိပါဘူး။ ဒါန၊ သီလ၊ ဘာဝနာဆိုတာတွေဟာ ဘုရားရှင်ရဲ့အဆုံးမတွေဖြစ်တဲ့အတွက်
နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ အဆုံးမတွေပါပဲ။ “တကယ်တော့
ဒါနက နိဗ္ဗာန်မရောက်နိုင်တာ မဟုတ်ပါဘူး.. ဒါနကိုပြုတဲ့သူတွေရဲ့ ဒါနအပေါ်မှာထားရှိတဲ့
သံသရာလည်စေနိုင်တဲ့ စိတ်ထားတွေကသာ နိဗ္ဗာန်ကို မရောက်စေနိုင်တာပါ။”
ဒါနပြုရာမှာ သံသရာကိုလည်စေတဲ့ဒါနနဲ့ သံသရာကိုပြတ်စေတဲ့ဒါန ဆိုပြီးတော့
နှစ်မျိုးရှိပါတယ်။ ဒီလှူရတဲ့ ဒါနကုသိုလ်ကို အကြောင်းပြုပြီး နောက်ဘ၀မှာ
နတ်သားဖြစ်ရပါလို၏.. ဘာဖြစ်ရပါလို၏ ညာဖြစ်ရပါလို၏ဆိုတဲ့ ဆုတောင်းတွေနဲ့ပြုတဲ့ဒါနဟာ
သံသရာလည်စေတဲ့ဒါနတွေပါပဲ။ “သံသရာမလည်တဲ့ဒါန
ဆိုတာကတော့.. လှူဒါန်းလိုက်ရတဲ့ဒါနကို အကြောင်းပြုပြီး မအို၊ မနာ၊ အသေရာဖြစ်တဲ့
နိဗ္ဗာန်မြတ်ကို ရောက်စေနိုင်သော မဂ်ဥာဏ်ဖိုလ်ဥာဏ်၏ အထောက်ပံ့ဖြစ်ရပါစေဆိုရင်တော့
သံသရာမလည်တဲ့ ဒါနပါပဲ။”
သံသရာမလည်စေဘဲ
သံသရာပြတ်အောင်ပြုတဲ့ဒါနဟာ ဘုရားရှင်သာဓုခေါ်တဲ့ဒါနပါပဲ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး လောကအလယ် ပွင့်ထွန်းပေါ်လာတယ်ဆိုတာလည်း အို၊ နာ၊
သေအရပ်ကို အမြဲသွားနေကြတဲ့ သတ္တ၀ါအားလုံးကို မအို၊ မနာ၊ မသေရာ အမြတ်နိဗ္ဗာန်မြတ်ကို
လမ်းညွှန်ပေးဖို့ပါပဲ။ ဒီတော့ မိမိလှူလိုက်တဲ့ဒါနကို အကြောင်းပြုပြီး မအို၊ မနာ၊
မသေရာဖြစ်တဲ့ အမြတ်နိဗ္ဗာန်ကို ရည်ညွှန်းကုသိုလ်ပြုလိုက်တာဟာ ဘုရားရှင်ရဲ့အဆုံးမနဲ့
ထပ်တူပါပဲ။ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက်
ဘုရားရှင်ရဲ့အဆုံးမနဲ့ ထပ်တူဖြစ်အောင် လှူဒါန်းပေးကမ်းတတ်ဖို့ဟာ အင်မတန်
အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်လှူလိုက်ရတဲ့ ဒါနအလှူကိုအကြောင်းပြုပြီး
နောက်ဘ၀ နောက်ဘ၀ တွေလိုချင်တယ် ဆိုသေးရင်တော့ ခေါင်းတွေပြောင်းဖို့အတွက်
ခေါင်းအသစ်ရဖို့ကို ငွေနဲ့ပေးဝယ်နေသလိုပါပဲ။ နောက်တစ်ဖန် အို၊ နာ၊ သေဖို့အတွက်ကို
ငွေနဲ့ပေးဝယ်နေတာနဲ့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ ကိုယ်လှူလိုက်ရတဲ့ အလှူဟာလည်း
သာသနာပအလှူနဲ့ ထပ်တူဖြစ်သွားမှာပါ။ ဒီလိုမျိုးခေါင်းအသစ်တွေ
ဖြစ်စေချင်တဲ့ဒါနတွေကြောင့်လည်း.. ဒါနကို သံသရာရှည်တယ်ဆိုပြီးတော့ ယူဆကြတာပါ။
တကယ်တော့ ဒါနကသံသရာရှည်တာ မဟုတ်ပါဘူး.. ကိုယ်ကသာသံသရာကိုရှည်အောင်
ဆွဲဆန့်လိုက်တာပါ။ သံသရာမဆွဲဆန့်မိစေဖို့ ဒါနပန်းကို မဂ်ပန်းအဖြစ်
လန်းနိုင်ဖို့လိုအပ်ပါတယ်။ ကိုယ်လှူတဲ့ဒါနကို အကြောင်းပြုပြီး
မဂ်ဥာဏ်ရဲ့အထောက်ပံ့တွေ ဖြစ်ဖို့လိုပါတယ်။ ခုတော့ဒါနကို အကြောင်းပြုပြီး
အရောင်းဝယ်တွေ လုပ်လာကြပါတယ်။ ဒီအလှူလှူလိုက်ရင် င့ါအတွက် ဘာရမလဲ.. ငါ့နာမည်လေး
သတင်းစာမှာပါမလား.. ငါလှူလိုက်လို့ငါ့ကိုများ သူတော်ကောင်းလို့ လူအထင်ကြီးကြမလား..
ဆိုပြီး ဒါနကိုအကြောင်းပြုပြီး ရောင်းကြ၀ယ်ကြတယ်..။ နာမည်တစ်ခုလိုချင်လို့
ဒါနပြုတယ်.. ကျော်ကြားချင်လို့ ဒါနပြုတယ်.. လူအထင်ကြီးချင်လို့ ဒါနပြုတယ်ဆိုတဲ့
အလှူတွေဟာ ဘုရားရှင်ရဲ့ အဆုံးမနဲ့အင်မတန်မှ ဆန့်ကျင်တဲ့ အရောင်းအ၀ယ် အလှူတွေပါပဲ။
ဒါမို့လို့လည်း ဆရာတော်အရှင်ဇ၀နက.. “မျှော်လင့်ချက်ဖြင့်
ပေးကမ်းလျှင် အမြတ်ရဖို့ အရောင်းဝယ်လုပ်ခြင်းဖြစ်၏.. မျှော်လင့်ချက်မပါဘဲ
ပေးကမ်းလျှင် ကိလေသာကုန်ရာ နိဗ္ဗာန်ရဖို့ ဒါနပါရမီဖြည့်ဆည်းခြင်းဖြစ်၏” လို့
ဆုံးမထားပြန်တာပါ။ သာသနာအတွက် တကယ်လိုအပ်တဲ့နေရာ.. တကယ်လိုနေတဲ့နေရာ..
အထောက်ပံ့ဖြစ်မယ့်နေရာတွေအတွက် လှူမှသာ တကယ်ကို သာသနာပြုရာရောက်သလို
သာသနာ့အကျိုးကိုလည်း ဆောင်ရာရောက်ပါတယ်။
သာသနာအကျိုးဆောင်ရာရောက်တာနဲ့
ပတ်သက်လို့ ဘုရားရှင်လက်ထက်တော် အခါတုန်းက လှူတန်းမှုနဲ့ဆိုင်တဲ့ သဒ္ဓါတရားမှာ
အင်မတန်မွန်မြတ်တဲ့ အနာထပိဏ်ရဲ့ လှူတန်းမှုကတော့ သာဓုခေါ်စရာပါပဲ။
ဘုရားရှင်သတင်းသုံးရာ ဇေတ၀န်ကျောင်းတော်ဆိုတာတော့ လူတိုင်းကြားဖူးမယ်ထင်ပါတယ်။
ဇေတ၀န်ကျောင်းဆိုတော့ ဇေတမင်းသားဆိုတဲ့ပုဂ္ဂိုလ်ကလှူခဲ့လို့
ဇေတ၀န်ကျောင်းတော်သတ်မှတ်တယ်လို့ အများက ထင်ကြပါလိမ့်မယ်။ တကယ်တော့ အနာထပိဏ်က
လှူဒါန်းခဲ့တာပါ။ အနာထပိဏ်ဟာ ဇေတမင်းသားဆိုတဲ့ပုဂ္ဂိုလ်ဆီက
ဇေတမင်းသားပိုင်တဲ့မြေကို (၁၈)ကုဋေပေးဝယ်ခဲ့ရတာပါ။
(၁၈)ကုဋေပေးဝယ်တဲ့မြေထဲမှာ
ခြေဖ၀ါးတစ်နေရာစာလောက်သူ့အလှူပါဝင်ဖို့အတွက် ဇေတမင်းသားက
တောင်းဆိုပြီး..
ကျောင်းရဲ့နာမည်ကို သူ့အမည်တပ်ပေးဖို့အထိ အနာထပိဏ်ဆီက တောင်းဆိုခဲ့တာပါ။ ဒီလို
တောင်းဆိုမှုတွေကို စိတ်ကလေးတစ်ချက်မှ မငြိုငြင်ပဲနဲ့ ကြည်ကြည်ဖြူဖြူနဲ့ကို
ဇေတ၀ဏ၀ိဟာရ(ဇေတမင်းသားရဲ့ဥယျဉ်ကျောင်း) ဆိုပြီးနာမည်ထိုးပေးခဲ့ပါတယ်။ နောက်ပြီး..
ဇေတမင်းသားလို ပုဂ္ဂိုလ်မျိုးက ဘုရားရှင်သီတင်းသုံးရာ ကျောင်းတောင်ကြီး
ဆောက်လုပ်လှူဒါန်းတဲ့အခါမှာ တတပ်တအား ပါဝင်ခဲ့တယ်ဆိုပြီးတော့တောင် အနာထပိဏ်က
သာဓုခေါ်ခဲ့ပါသေးတယ်။ အင်မတန်မှ ကြည်ညိုလေးစားစရာပါပဲ။ ဒါမို့လို့လည်း
လူပင်သေးသွားသော်လည်း နာမည်ကတော့ ဘယ်တော့မှ မသေနိုင်လောက်တဲ့အထိ ကျန်ရစ်နေခဲ့တယ်
ထင်ပါ့။
ကျွန်တော်တို့တွေ ယခုအချိန်ခါမှာ
ဒီလိုမျိုးစိတ်ထားတွေနဲ့ လှူဒါန်းမှုတွေဟာ အင်မတန်မှရှားလာပါတယ်။
နာမည်ထိုးပေးမယ်ဆိုရင် ပိုလှူချင်ကြတယ်၊ လူအထင်ကြီးမယ့်
လူအများသိမယ့်နေရာဆိုပိုလှူချင်ကြတယ်၊ ဘုရားတည်မယ်ဆိုရင်
ဘယ်လောက်ကုန်ကုန်ဆိုတဲ့လူတွေ ရှိကြတယ်။ တကယ့်လိုအပ်တဲ့နေရာ၊ တကယ့်သာသနာအတွက်
အကျိုးရှိမယ့်နေရာ၊ အနာဂါတ်လူငယ်တွေအတွက် ရင်ထဲမှာ ဘုရားတည်ပေးရမယ့် နေရာတွေကျတော့
စိတ်အားထက်သန်စွာနဲ့ လှူတဲ့သူတွေ ရှိတော့ရှိပေမယ့်.. အင်မတန်ရှားကြပါတယ်။ တကယ်တော့
အကယ်လိုအပ်တဲ့နေရာကိုလှူတယ်ဆိုတာ မရှိတဲ့သူတွေကို ကိုယ့်ရှိတဲ့ငွေလေးနဲ့
မျှဝေသုံးဆောင်ခွင့် ပေးလိုက်တာပါပဲ။ မရှိတဲ့သူတွေဆိုတော့ ကိုယ့်အပေါ်ပြန်ပြီး
ရပါစေဆိုတဲ့ မျှော်လင့်ချက်ကလည်း အလိုလို ပျောက်ပြီးသားဖြစ်နေပါတယ်၊
ငါကောင်းစားဖို့ နာမည်ကြီးဖို့ဆိုတာတွေလည်း စိတ်ထဲမှာ မရှိတော့ပါဘူး။
တကယ်လိုအပ်နေတဲ့သူတွေ သုံးဆောင်တာကိုကြည့်ပြီး ၀မ်းမြောက်မိတဲ့အတွက်
လှူဒါန်းမှုတွေမှာ ကုသိုလ်တွေ တိုးပွားပြီးရင်း တိုးပွားလာရပါတယ်။
ငါလှူတဲ့အလှူလေးကြောင့် သူတို့လေးတွေ အဆင်ပြေသွားကြပြီ၊
စိတ်ချမ်းသာသွားကြပြီဆိုပြီး ထပ်တူဝမ်းမြောက်ပေးလိုက်တာဟာ ဒါနအစစ်ပါပဲ..
ဒီဒါနကိုမှ နိဗ္ဗာန်ကိုရည်စူးလိုက်ပြီဆိုရင်တော့ မဂ်ပန်းတွေ
မုချမသွေလန်းရတော့မှာပါပဲ..။ ဒါနပြုသူအားလုံး မဂ်ပန်းတွေ လန်းသည်ထက်
လန်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း….
မောင်ကောင်း
No comments:
Post a Comment