“ နသော ဘိက္ခဝေ သတ္တော သုလာဘရူပေါ၊ ယောန မာတာပိတဘူတ ပုဗ္ဗော
ဣမိနော ဒီဃေန အဒ္ဓုနာ။“
ရဟန်းတို့-ဤမျှရှည်လျားလှသော သံသရာကြီးအတွင်း အမိ၊ အဖ၊
မောင်ကြီး၊ မောင်ငယ်၊ ညီ၊ အစ်ကို၊ ညီမ၊ သား၊ သမီး၊ မတော်စပ်ခဲ့ဘူးသော ပုဂ္ဂိုလ်ကို
ငါဘုရား၏ ဥာဏ်တော်ဖြင့် ရှာဖွေ၍ မရခဲ့ပေ။ ( နိဒါန၊ ၀ဂ္ဂသံယုတ်ပါဠိ၊
အနမတဂ္ဂသုတ် )
မိမိတို့ရဲ့
ဘ၀သံသရာခရီးဟာ အဆုံးအစမရှိတာဖြစ်လို့ အလွန်ရှည်ခဲ့လှစွာဖြင့် ပုံစံမျိုးစုံနဲ့
ကျင်လည်ခဲ့ကြရပါသည်။ ဘ၀သံသရာဆိုတာ ခန္ဓာအစဉ်ကိုပဲဆိုလိုပါသည်။ ဒီလောက်ရှည်လျားတဲ့
သံသရာအတွင်း အလွန်များလှတဲ့ အနန္တသတ္တ၀ါတွေနဲ့ မိမိတို့တစ်တွေအားလုံး
ဆွေမျိုးတော်စပ်ခဲ့ဖူးကြပါသည်။ ဆွေမျိုးမတော်ဖူးဘူးသူ တစ်ဦး
တစ်ယောက်မျှပင် မရှိပေ။ ထို့ကြောင် အားလုံးသည် မိဟောင်း၊ ဖဟောင်း
ဆွေမျိုးတွေချည်းပါပဲလို့ မြတ်စွာဘုရားရှင် ဟောကြားခဲ့ပါသည်။
လောကမှာရှိသော
သတ္တ၀ါများအားလုံးသည် (၃၁)ဘုံအတွင်း ဗြဟ္မဘုံ(၂၀)၊ နတ်ဘုံ(၆)၊ လူ့ဘုံ(၁)၊
ငရဲဘုံ(၄)ဆိုတဲ့ (၃၁)ဘုံအတွင်း အရဟတ္တမဂ်ဖိုလ် မရမချင်း
ဘ၀ပေါင်းများစွာက ပြုလုပ်ခဲ့သော ကံပေါင်းများစွာကြောင့် ဖန်ဖန်တလဲလဲ
ဘ၀သံသရာခရီးမှာ ကကြိုးစုံအောင် သရုပ်ဆောင်ကြရပါသည်။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။ ဒီဃော ဗာလာနံ သံသာရော သဒ္ဓမ္မံ
အ၀ိဇာနံတံ။ ဆိုပြီး မြတ်စွာဘုရားရှင် ဆုံးမထားပါသည်။ အိပ်မပျော်၍
နိုးနေသောသူအတွက် ညဥ့်တာရှည်လျား၏။ ခရီးပန်းသူအတွက် ယူဇနာခရီးသည် ရှည်လျား၏။
သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးဟာရှည်လျားပါသည်။
ထို့ကြောင့် မိမိတို့ရဲ့ဘ၀သံသရာခရီးမရှည်လျားဖို့အတွက်ဆိုရင် သူတော်ကောင်းတရားကို
သိအောင်အားထုတ်ရပေမည်။ သိတဲ့အ တိုင်းလဲကျင့်ကြံကြိုးစားအားထုတ်ဖို့လည်း
လိုအပ်ပေသည်။ မြတ်စွာဘုရားရှင် သိဒ္ဓတ္တမင်းသားဘုရား အလောင်းသည် လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်းပါရမီဖြည့်ရာမှာ(၂၄) ဘဝသာလျှင်သာသနာတော် နှင့်ကြုံကြိုက်ပါသည်။
ထို့ကြောင့် မိမိတို့သည်ဘုရားရှင်၏သာသနာတော်နှင့် ကြုံကြိုက်ရသည်မှာ အလွန်ခဲယဉ်းသော
မိမိတို့၏အခွင့်အရေး ဖြစ်ကြောင်းလည်း သဘောပေါက်နားလည် သင့်ပေ သည်။
မိမိ၏လက်ဝယ်ရောက်ရှိနေသော အခွင့်အရေးများအား တန်ဖိုးရှိအောင် ကြိုးစားရပေမည်။
လူဘ၀ရဲ့
အနှစ်သာရတရားဆိုတာလည်း သူတော်ကောင်းတရားတွေပဲဖြစ်ပေသည်။ ရခဲလှသော လူဘ၀တွင်
အရေးကြီး ဆုံးကလဲ ကောင်းမူတရားအလုပ်တစ်ခုတည်းဟုပင်ဆိုလျှင် အငြင်းပွားစရာရှိပေ။
ကျွမ်းကျင်တဲ့ ကျောက်ဆစ်သမားသည် အလွန်မာတဲ့ ကျောက်တုံးတစ်တုံးကို
လှပအောင် ပုံကောင်းဖော်ထုပေးနိုင်ပါသည်။ ထို့အတူ ကျွမ်းကျင်တဲ့ပန်းပုဆရာ
ဆိုရင်လည်း သစ်တုံးတစ်တုံးကို လှပတဲ့ပုံဖော်ထုတ်ပေးနိုင်ပါသည်။ ကျွမ်းကျင်လိမ္မာ၊
အသိဥာဏ် ပညာရှိသူဟာလဲ လူ့အလုပ်တွေ၊ တွေ့ကြုံနေသမျှ အာရုံအားလုံးကိုလည်း
ကောင်းမူတရားတွေဖြစ်တဲ့ သူတော်ကောင်း တရားတွေက လှပအောင် ဖော်ယူနိုင်စွမ်းရှိပေသည်။
လောကရှိလူသားတိုင်းသည်
မိမိရဲ့ဘ၀စံအိမ်ကိုလှပအောင်၊ ချမ်းချမ်းသာသာနေရအောင် အားလုံးဟာ တည်ဆောက် နေကြသူတွေပဲဖြစ်ပေသည်။
မိမိရဲ့ဘ၀စံအိမ်လှပအောင် တည်ဆောက်ဖို့ဆိုလျှင် မိမိရဲ့ ဗဟိဒ္ဓဆိုတဲ့အပြင်ပိုင်းကို
ပြုပြင် တည်ဆောက်ခြင်းထက် မိမိရဲ့အဇ္ဈတ္တဆိုတဲ့ အတွင်းသန္တန်က စိတ်ထားကို
လှပအောင်တည်ဆောက် ရမည်ဖြစ်ပေသည်။ အကုသိုလ်တရားတွေကိုရှောင်၊ ကုသိုလ်တရားတွေဆောင်၊
စိတ်ကိုဖြူစင်အောင်ထားဟူသည့် ဘုရားအဆူဆူတို့၏ အဆုံးအမအတိုင်း
မိမိ၏ရင်ထဲမှာရှိသော လောဘ၊ ဒေါသ၊ မောဟတရားများ လျော့ပါးအောင်
ကြိုးစာအားထုတ်၍ မိမိ၏စိတ်တွင် အကုသိုလ်တရားများ မဖြစ်ပွားအောင် ကျင့်ကြံ၍
ဘ၀စံအိမ်ကိုလှပအောင် တည်ဆောက်ရ မည်ဖြစ်ပေ သည်။
မိမိတို့၏ဘ၀စံအိမ်ကို
လှပအောင်တည်ဆောက်ဖို့ဆိုလျှင် မိမိနှင့်အတူဆပ်စပ်လျှက်ရှိသော လောကကြီးကိုလဲ
ပစ်ခွါထား၍ မဖြစ်သင့်ပေ။ မိမိတို့လူသားအားလုံးသည် လောကကြီးနဲ့ ဆက်စပ်နေထိုင်ပြီး
လောက၏ကျေးဇူးတရားကိုလည်း သိရှိနား လည်သင့်ပေသည်။ လောကအပေါ်တွင် ကရုဏာနှင့်
မေတ္တာတရား ထားရှိရန်လိုအပ်ကြောင်းကို ဆရာကြီးဦးရွှေအောင် ရေးသားသော ဆောင်းပါးတွင်
ဤသို့မှတ်သားဖူးပါသည်။ ကရုဏာတရားနှင့် မေတ္တာတရား ပေါင်းစပ်ထားနိုင်လျှင်
မိမိ၏အကျိုးစီးပွားထက် လောက၏အကျိုးစီးပွားကို ဆောင်ရွက်၍ ပီတိသုခကိုတွေ့နိုင်၊
မြင်နိုင်ခံစားနိုင်ပါသည်။ ပီတိသုခ ကိုတွေ့ပါမှလည်း ပါရမီကိုဖြည့်ကျင့်နိုင်သည်ဟု
ဆိုပေသည်။ ပါရမီကိုဖြည့်ကျင့်ရာတွင် ဓမ္မသည် သဘာဝအားဖြင့် ပါရမီဖြည့်သူက
စွန့်လွှတ်လိုက်သော ပစ္စည်းဥစ္စာများ၊ ခြေလက်အင်္ဂါများ၊ အသက်ခန္ဓာများကို
သူခိုးအနေဖြင့် ယူသွား သည်မဟုတ်။ တရားသူကြီးအနေဖြင့်သာယူပြီး
ပြန်လည်ရသင့်သောအကျိုးကို ပြန်လည်၍ ပေးလေသည်။ ထိုအကျိုး သည် စကြ၀တေးမင်း၏
စည်းစိမ်ထက်ပင် အတိုင်းအဆမရှိ ကြီးမားပေသည်။ ချမ်းသာရာတွင်လည်း အနှိုင်းမ
ရှိကြီးမားပေသည်။ မိမိ၏ကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေး၍
ဆောင်ရွက်သူများသည် အကယ်၍ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ကို မရသေးလျှင်တောင်မှ
လောလောဆယ် ပစ္စက္ခတွင် အများ၏ ကြည်ညိုမူ၊ အများ၏ လေးစားမူ၊ အများ၏
အားထားမူတို့ကို မယူနိုင်လောက်အောင်ပင် ရလေသည်။ တမလွန်ဘ၀တွင်လည်း
ပါရမီဘုန်းကံကြောင့် ဓမ္မ၏သဘောအတိုင်း မဖောက်မပြန် ကောင်းကျိုးကို
ခံစားရမည်ဖြစ်ပေသည်။
လောကကြီးကို အလှဆင်လိုသူတိုင်းတွင် မေတ္တာတရားကို လက်ကိုင်ထားရပေမည်။
ကာယကံမေတ္တာ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာဟူသော မေတ္တာသုံးမျိုးဖြင့် မိမိ၏နှလုံးသားကို
အလှပဆုံးဖြစ်အောင် တန်ဆာဆင်ရပေမည်။
မေတ္တာ တရားဆိုတာ တစ်ယောက်တည်းသောသားရင်းအပေါ် အသက်နှင့်ထပ်တူ
ချစ်ခင်စောင့်ရှောက်နေတဲ့ မိခင်ရဲ့စိတ်မျိုး
ကိုယ့်မှာဖြစ်ပေါ်တိုးပွားအောင် ထပ်တလဲလဲလေ့ကျင့်နေရခြင်း အလုပ်ပင်ဖြစ်ပေသည်။
ခွင့်လွှတ်တတ်မူနှင့် အကောင်း မြင်စိတ်ထားရှိမှသာ မေတ္တာတရားအနေဖြင့်
မိမိရဲ့နှလုံးသားမှာ တန်ဆာဆင်နိုင်မှာလဲဖြစ်ပေသည်။ မိခင်တစ်ယောက် သည်
သားသမီးအပေါ်မှာ ကောင်းကွက်ရှာပြီး ချစ်ခင်သောစိတ်မျိုး အမြဲရင်မှာရှိပါသည်။
ရင်ခွင်ပေါ်မှာ သား၊ သမီး ချီထား သိပ်ထားတုန်း အညစ်အကြေးပေကျံတာတောင်
မိခင်တွေရဲ့အပြုံးသည် နည်းနည်းလေးမှ မပျက်ပေ။ နည်းနည်းလေးမှ လည်း
သားသမီးပေါ်ထားရှိတဲ့ အချစ်ဟာ နည်းနည်းလေးမှ လျော့သွားတာမျိုးမဟုတ်ပေ။ အရင်ကထက်ပင်
မေတ္တာတရား တွေ တိုးပွားနေပေသည်။ မိမိတွင်လည်း မိခင်၏ မေတ္တာစိတ်နဲ့ သတ္တ၀ါတွေအားလုံး
အပေါ်မှာ ချစ်တတ်ရပေမည်။
မေတ္တာတရားသည်
အလွန်ကိုနက်ရှိုင်းသိမ်မွေ့၍ ကျယ်ဝန်းလှပေသည်။ မေတ္တာတရားကို
မပွားခင် ပထမဦးစွာ ဒေါသရဲ့အပြစ်နှင့် ခန္တီရဲ့အကျိုးကို ဦးစွာဆင်ခြင်ရန်လည်း
လိုအပ်ပေသည်။ မိမိ၏ရင်ထဲတွင် ဒေါသတရားများ ဖြစ်လာ သောအခါ
အကြောင်းအကျိုးကိုခွဲခြား၍ မသိနိုင်သလို အမှန်တရားကိုလည်း မမြင်နိုင်ပေ။
ဒေါသတရားသည် ရုပ်ကိုလည်း အိုခြင်းဖြစ်စေသလို နာမ်ကိုလဲ အိုခြင်းဖြစ်စေသည်။
နောက်နောင်တွင်လည်း အကျဉ်းတန်၍ ရုပ်ဆိုးခြင်းဖြစ်စေနိုင်သည်။
ခန္တီတရားအနေဖြင့် မြတ်စွာဘုရားသည် မြတ်သောအကျင့်ဟု ဟောထားပေသည်။ လောကမှာ ခန္တီတရားလက်ကိုင်ထားပြီး
ဘယ်အာရုံနဲ့တွေ့တွေ့ သည်းခံမယ်ဆိုပြီး ဆင်ခြင်ရပေမည်။ မေတ္တာတရားပွားမည့်သူအနေဖြင့်
ဒေါသတရားကိုပယ်၍ ခန္တီတရားကို ဆောင်ထားရပေမည်။
မေတ္တာတရားကို
ပထမဦးစွာ မိမိအချစ်ဆုံးသူကနေ စတင်ပွားရပေမည်။ လောကမှာ အချစ်ဆုံးပုဂ္ဂိုလ်ဟာ
ဘယ်သူလဲ ဆိုလျှင် အတ္တသမံ ပေမံနတ္ထိ-
မိမိလောက်ချစ်သောပုဂ္ဂိုလ်ထပ်တူမရှိဟု ဆိုသောကြောင့် မိမိကိုကိုယ် ပထမဦးစွာ
မေတ္တာပွားရပေမည်။ မိမိကိုယ်ကို ပထမဦးစွာ မေတ္တာပွားရခြင်းသည် အတ္တဆန်သည်ဟု
ထင်နိုင်ပေသည်။ သို့သော် ထိုသို့ ပထမဦးစွာ မိမိကိုယ်ကို မေတ္တာပွားရခြင်းသည်
ကိုယ်ချင်းစာတရားရှိအောင်ပင်ဖြစ်ပေသည်။ အနည်းငယ်ချဲ့ရမည်ဆိုလျှင် မိမိသည်
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းကင်းချင်သလို သူတစ်ပါးလည်း ကိုယ်ဆင်းရဲ
စိတ်ဆင်းရဲခြင်းကင်းချင်ပေမည်။ မိမိလည်းချမ်းသာချင်သလို သူတစ်ပါးလည်း
ချမ်းသာချင်ပေမည်။ ထိုသို့ ကိုယ်ချင်းစာစိတ်မွေးတတ်အောင် ကိုယ်ချင်းစာ တတ်အောင်
မိမိကိုယ်ကို ပထမဦးစွာ မေတ္တာပွားရခြင်းဖြစ်ပေသည်။
မိမိကိုယ်ကို မေတ္တာပွားပြီးနောက်
ဒုတိယအဆင့်အနေဖြင့် မိမိချစ်သူကို မေတ္တာပွားရမည်ဖြစ်ပေသည်။ မိမိချစ်သူဟု
ဆိုရာတွင်လည်း သမီးရည်းစားကို ဆိုလိုခြင်းမဟုတ်ပေ။ မိမိ၏အပေါ်တွင်
ကျေးဇူးများ သော မိဘ၊ ဆရာသမား၊ ဆွေမျိုး၊ မိတ်ဆွေကောင်း
အစရှိသဖြင့် မေတ္တာပွားရပေမည်။ မေတ္တာပွားရာတွင်လည်း သူတို့ကိုယ့်အပေါ်
ကျေးဇူးရှိခဲ့ပုံတွေ၊ သူတို့ရဲ့ကောင်းကွက်လေးတွေ ကြည့်ပြီး ပွားရပေ မည်။
ဥပမာအနေဖြင့် အမေဆိုလျှင် အမေ ဘေးရန်ကင်းပါစေ။ စိတ်ဆင်းရဲ ကင်းပါစေ။
ကိုယ်ဆင်းရဲကင်းပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ပါစေ။
ထိုသို့ တစ်ခြားကျေးဇူး ရှိအပ်သော ပုဂ္ဂိုလ်များကိုလည်း မေတ္တာပို့ရပေမည်။
ဒုတိယအဆင့်အနေနှင့်
မေတ္တာပွားများပြီးသောအခါ တတိယအဆင့်အနေဖြင့် မိမိနှင့် အလယ်အလတ် မချစ်၊ မမုန်း
ပုဂ္ဂိုလ်များကို ပွားများရပေမည်။ သာမန်အားဖြင့် ထိတွေ့ဆက်ဆံနေသော
ပုဂ္ဂိုလ်များကိုဆိုလိုခြင်းဖြစ်ပေသည်။ နောက်ဆုံး အဆင့်အနေဖြင့် ရန်သူကို
မေတ္တာပို့ရပေမည်။ ထိုသို့ မိမိနှင့်အဆင်မပြေသောသူအား မေတ္တာပွားရာတွင် ရချင်လဲရပေ
မည်။ မရချင်လဲမရပေမည်။ မိမိရန်သူအား မေတ္တာပို့၍ ရခြင်းမရခြင်းသည်
ဥာဏ်ရဲ့အလုပ်ဖြစ်ပေသည်။ မေတ္တာပွားများ ရမည့် အလုပ်ကတော့ မိမိ၏အလုပ်ပင်ဖြစ်ပေသည်။
မေတ္တာတရားကို ဘယ်အဆင့်ထိပွားရမည်ဆိုလျှင် မိမိ၊ မိမိချစ်သူ၊
မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ရန်သူ ထိုလေးမျိုး အား
တစ်သားတည်းဖြစ်အောင်ပွားများရပေမည်။ သတ္တ၀ါအားလုံး၏ကောင်းကျိုးကို လိုလားစွာနှင့်
ခွဲခြားမူမရှိပဲ လူသား တစ်ယောက်အနေနှင့် မြင်သွားပြီး ပွားများမှသာ
မေတ္တာပါရမီအဆင့်ထိ ကျင့်သုံးရာရောက်ပေမည်။
မေတ္တာတရားကို ပွားဖန်များသူသည် ၁။ စိတ်ထားကျယ်ပြန့်လာရခြင်း၊ ၂။
မြင့်မြတ်တဲ့စိတ်ထားတွေ ဖြစ်ပေါ်တိုးပွားလာရခြင်း၊ ၃။ ခွဲခြား ခွဲခြားမလုပ်ပဲ
ကန့်သတ်ချက်ဘောင် တစ်စတစ်စ ကင်းသွားရခြင်း၊ ၄။ သူများအပေါ် ဒေါသရန်စိတ်တွေ
မုန်းတီးစိတ်တွေ ကင်းစင်ရခြင်း၊ ၅။ စိတ်ဆင်းရဲမူတွေလဲ ကင်းသွားခြင်းဆိုတဲ့
မေတ္တာရဲ့ ဂုဏ်ရည်တွေ မလွဲမသွေရရှိမှာ အမှန်ပင် ဖြစ်ပေသည်။
ဒါနပြုတဲ့အခါမှာလည်း
မေတ္တာတရားပါလျှင် လေးနက်သလို စွမ်းအားလည်းထက်ပေသည်။
ကိုယ့်ပစ္စည်းကြောင့် သူချမ်း သာပါစေဆိုတဲ့ စိတ်ကောင်းတွေနဲ့ ယှဉ်ပြီး
ဒါနပြုရင် အကျိုးပေး ပိုပြီး မွန်မြတ်ကောင်းမွန်လှပါတယ်။ ကိုယ့်ကြောင့် ဘယ်
သူမှ ဒုက္ခမရောက်စေရဘူး အားလုံးချမ်းသာစေရမယ်ဆိုတဲ့ စိတ်ကောင်းရှိနေရင် သီလတရားဟာလဲ
အလိုအလျောက် ပြည့်စုံလုံခြုံနေပြီဖြစ်ပေသည်။ မေတ္တာကြိုတင်ပို့လွှတ်
ခြင်းအားဖြင့်လည်း ဘာဝနာတရားကျင့်သုံးပြီး အနှောင့်အယှက် ကင်းစွာဖြင့်
တိုးတက်အောင်မြင်မှာဖြစ်ပေသည်။ ဘာမဆို မေတ္တာတရားရှိမှသာ
အရာရာပြီးပြည့်စုံသည်မှာ သိသာထင် ရှားလှပါသည်။
မိမိတို့၏
ဘ၀စံအိမ်လှပအောင် တည်ဆောက်ရာတွင် တစ်ဦးတစ်ယောက်တည်း နေ၍ မဖြစ်ပေ။ လောကကြီးနှင့်
ဆက်စပ် ၍နေသောကြောင့် မေတ္တာတရားရှိပါမှ မိမိနှင့်အတူ ပတ်ဝန်းကျင်ပါ
အဆင်ပြေ ပျော်ရွှင်ရပေလိမ့်မည်။ မေတ္တာကို လိုချင်ရင် ခန္တီတရားကို
အမာခံတည်ဆောက်၍ ဥပေက္ခာတရားနှင့်လည်း ဘောင်ခတ်တတ်ဖို့ လိုအပ်ပေသည်။
မိမိတစ်ယောက်တည်း နေသောအခါတွင် သတိတရားလက်ကိုင်ထား၍ ကောင်မူတရားများတိုးပွားအောင်
ဆောင်ရွက် ရပေမည်။ ထို့အတူ အများနှင့်နေသောအခါ မေတ္တာတရားလက်ကိုင်ထား၍
ကောင်းမူတရားများ တိုးပွားအောင် ဆောင်ရွက် ရမည်ဖြစ်ပေသည်။
မေတ္တာစိတ်ဓါတ်၊ အအေးမြတ်၊ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
ကိုညီ
No comments:
Post a Comment