Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, January 23, 2013

သဒ္ဓါ နှင့် ပညာ

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်းပို့စ်လေးကိုဖတ်ပြီး နားမလည်နိုင်မှုတွေ မယုံကြည်မှု တွေနဲ့တစ်ချို့ယုံမှားသံသယတွေ ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့်လည်း မိမိသိနားလည်သလောက်လေးနဲ့ အားလုံး အမြင်ရှင်းသွားအောင် ကွန်မန့်လေး ရေးလိုက်  ခြင်းဖြစ်ပါသည်။
တကယ်မသိ အစိတ်အပိုင်း (၁)ခုသာသိတဲ့ ယုံကြည်မှု ကို“သဒ္ဓါ”လို့ ခေါ်ပါတယ်။ ဥပမာ - မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ ရုရှားနိုင်ငံတည်ရှိတယ်ဆိုရင် ယုံကြည်ကြမလား? ယုံကြည်ကြမှာပါ ဘာလို့လဲဆိုတော့ ကမ္ဘာမြေပုံ ထဲမှာလေ၊ Google Earth ထဲကြည့်လဲဒီတိုင်းပဲလေ ဆိုတာတွေနဲ့ဖြေကြားမှာပါ။ ဒါဆိုကိုယ်တိုင် စင်္ကြဝဋ္ဌာအပေါ် စီးကနေ မြင်ဖူးပါသလား လို့မေးစရာရှိပါတယ်။ မမြင်ဖူးပါ။ သိပ္ပံပညာရှင်တွေက သာလျင် မှတ်တမ်း မှတ်ရာတွေနဲ့ ရိုက်ကူးထားခြင်းပါ။ တစ်ချို့နေရာလေးတွေမှာ ကိုယ်တိုင်မမြင်ဖူး မသိဖူးတာလေးတွေကို သဒ္ဓါတရားနဲ့ ယုံကြည်ရပါတယ်။ အဲ့လိုယုံကြည်တဲ့ နေရာမှာလဲ မိမိအသိပညာဉာဏ်နဲ့လဲ စဉ်းစားချင့်ချိန်ဖို့လို ပါတယ်။
သဒ္ဓါနဲ့ပဲ သူများပြောသမျှ ယုံကြည်အားများ နေရင်လဲ ဒုက္ခရောက်တတ်သလို ပညာ နဲ့ပဲ မိမိထင်မြင်သလို သုံးသပ် ပြုလုပ်ပြန်ရင်လဲ ကောက်ကျစ် တဲ့ဘက်ကို ရောက်လွယ်ပါတယ်။ မိစ္ဆာဒိဋ္ဌိ အယူတွေဝင်တတ်ပါတယ်။ ဒါကြောင့် သဒ္ဓါနဲ့ ပညာကို မျှတအောင် ဆောင်ရွက် နားလည်သွားရမှာဖြစ်ပါတယ်။ လူသတ္တဝါတွေ ဘယ်က စတင်ဖြစ်ခဲ့တယ်။ စင်္ကြာဝဋ္ဌာဆိုတာ အဆုံးအစရှိသလား? စသည့် မေးခွန်းတွေ နဲ့လူတွေ အတွေးပေါင်းများစွာ ဖြစ်နေကြမှာပါ။ သိပ္ပံပညာရှင်တွေ အမျိုးမျိုး ထင်မြင်ယူဆကြမှာပါ။ မန်ကျဉ်းပင်က ပဋိသန္ဓေတည်တယ် ဆိုတာရော တစ်ခြားဘာသာဝင်တွေ မဆိုထားနှင့် မိမိတို့ဗုဒ္ဓဘာသာ ဝင်တွေပင်လျင် သံသယဝင်ကြမှာပါ။ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ပေမဲ့. ကနဦးမှာ ပြောခဲ့သလို သဒ္ဓါတရားလေးနဲ့ ပညာနဲ့ချင့်ချိန်ကြည့်  စေချင်ပါတယ်။ ဗုဒ္ဓဟောကြား တရားဒေသနာတွေကို ဘုရားရဲ့သားတော်များဖြစ်တဲ့ ရဟန်းသံဃာ တွေကဆောင်ယူပြီး ပြန်လည်ချပြခြင်း ဖြစ်တဲ့အတွက်။ ဗုဒ္ဓရဲ့ ဟောကြားချက် မှန်သမျှဆိုရင် ဗုဒ္ဓဘာသာဝင်  ခံယူထားတဲ့ သူများအနေနဲ့ သံသယတော့ ကင်းစေချင်ပါသည်။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးလို့ သံသယတွေ  မောဟတွေဖုံးလွှမ်းနေမဲ့အစား လောကကြီးမှာ မိမိတို့မသိသေးတဲ့ ထူးခြားဆန်းကြယ်တဲ့ အရာတွေ အများအပြား ရှိတယ်ဆိုပါလားဆိုတဲ့ အတွေးလေး အရင်ဝင်စေ ချင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ကြည်ညိုစိတ်လေးဖြစ်သင့်ပါတယ်။ လောကဝိဒူ ဆိုတဲ့အတိုင်း သတ္တာလောက၊ သင်္ခါရလောက၊ သြကာသလောက ဆိုပြီး လောကသုံးပါးလုံးကို ကောင်းစွာသိမြင်တော်မူသော မြတ်စွာဘုရားပါ။ သြကာသလောကဆိုတာကတော့ နေလကမ္ဘာ အနန္တစကြာဝဠာ ဘုံတို့အကြောင်းကို  ပြိုင်ဖက်မရှိ အကြွင်းမဲ့ သိမြင်တော်မူသော ဂုဏ်တော် တွေကို ထောက်ခြင်းအားဖြင့် အလုံးစုံသိပါတယ်။ မြတ်စွာဘုရားရှင်ဟာ မေးခွန်းကို တိုက်ရိုက်ဖြေ ကြားတာရှိတယ်၊ ပြန်မေးပြီးဖြေတာရှိတယ်၊  လုံးဝနှုတ်ဆိတ်နေတာ ရှိပါတယ်။ နှုတ်ဆိတ်ပြီး ပြန်မဖြေကြားတာ မသိလို့မဟုတ်ပါဘူး။ ဘုရားရှင်လက်ထက် ထဲက ရဟန်းတစ်ပါး မေးခဲ့တဲ့မေးခွန်း(၁၀) မျိုးထဲက တစ်မျိုးကိုပြောရမယ်ဆိုရင် စင်္ကြာဝဋ္ဌာဆိုတာ အဆုံးအစရှိ ပါသလားလို့ မေးတဲ့အခါ မြတ်စွာဘုရားရှင် နှုတ်ဆိတ်နေပါတယ်။ မသိ၍မဟုတ်ပါ။ မြတ်စွာဘုရား ရှင်ဟာ ထိုမေးခွန်းကိုသာ ဖြေကြားခဲ့လျင် လူသားတွေ နောင်အခါမှာ ဗုဒ္ဓဟောကြားချက်နဲ့ ကိုက်ညီမညီ  ရှာဖွေကြမှာပါ လိုက်ပါလေ့လာလုပ်ဆောင်ရင်းနဲ့ လူ့သက်တမ်းတိုတိုလေးကို ကုန်ဆုံးစေမှာကို သိမြင်တော်မူ ပါတယ်။ မြတ်စွာဘုရားရှင် သိတော်မူတဲ့တရားဒေသနာတော် တွေဆိုတာ  သစ်တောအုပ်ကြီး တစ်အုပ်စာလောက် ရှိမယ်ဆိုရင်တောင် ကျွန်တော်တို့တွေကို ဟောကြားထားခဲ့တဲ့ တရားတော်မှာ သစ်ရွက်လေးတစ်ရွက်စာလောက် သာလျင်ရှိပါသေးတယ်။ အဲ့သစ်ရွက်လေးတစ်ရွက်စာ လောက်ပင်သော်လည်း တကယ့် နိဗ္ဗာန်ရောက်ကြောင်း သစ္စာလေးပါးတရားတော်တွေ သာလျင် ချန်ထားခဲ့ခြင်းဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေ အမျှော်အမြင်တွေကို ကြည်ညို  တဲ့ စိတ်လေးက မိမိတို့သံသယထင်မှားတွေကို ပပျောက်စေမှာပါ။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာလေးကတော့ မိမိတို့ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မဂ်ဉာဏ် ဖိုဂ်ဉာဏ်ရရှိဖို့ အကျင့်မြတ်တွေ လုပ်ဆောင်ဖို့လိုပါတယ် တရားကတရား အလုပ် လုပ်သွားပါလိမ့်မယ်။ မြတ်စွာဘုရား ဘယ်မှာပွင့်တော်မူတယ်၊ ဘုရားရဲ့ သမိုင်းကြောင်းတွေက ဘာတွေလဲ မျိုးရိုးတွေကဘယ်သူတွေလဲ စင်္ကြဝဋ္ဌာဆိုတာ အဆုံး အစ ရှိလား သိအောင်စုံစမ်းမယ် စသည်ဖြင့် သစ္စာလေးပါး နှင့် မသတ်ဆိုင်သော အလုပ်တွေကို လုပ်ရင်းနဲ့ မိမိတို့တွေ ဆီကို မရဏ ရေကြီးက နီးကပ်လာပြီဆိုတာကိုလဲ  သတိပြုသင့်ပါတယ်။ ဗုဒ္ဓနဲ့ပတ်သတ်တဲ့ကိစ္စတွေနဲ့ ကုန်ဆုံးရင်က ကောင်းမြတ်သေးသည်။  အဲ့ဒါတွေကို လုပ်ဆောင်ကုန်ဆုံး စေမဲ့အစား မြတ်စွာဘုရားရှင် ဘုရားဖြစ်အောင် ဘယ်လို တရားတော်တွေကို ကျင့်ကြံခဲ့သလဲ သစ္စာလေးပါး တရားမြတ်တွေက ဘာတွေလဲ ဘယ်လိုအကျင့်တွေနဲ့  နိဗ္ဗာန်ရနိုင်သလဲ ဆိုတာကိုသာ ကျင့်ကြံလုပ်ဆောင် သွားဖို့ လိုအပ်နေပါပြီ။ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ဗုဒ္ဓဘာသာဝင်များအတွက် သစ္စာလေးပါးနဲ့ မသတ်ဆိုင်သော အရာများနှင့် လူ့သတ်တမ်း မကုန်ဆုံးစေဘဲ ဗဟုသုတအနေနဲ့တော့  သိသင့်သိအပ် သလောက်အရာများကို သိထားသင့်ပြီး အဓိကနဲ့သာမည ခွဲခြားတတ်သူတွေဖြစ်ကြပါစေ။
သူတော်ကောင်း တရားများ နာကြားခွင့်ရကြပြီး သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ မဂ်ဉာဏ် ဖိုဂ်ဉာဏ်ရအောင် ကျင့်ကြံဆောင်ရွက် နိုင်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလျက်...
 သံသရာဘယ်ကစ  - မသိတာကစ (မောဟကိုမသိခြင်း)
သံသရာဘယ်မှာဆုံး - သိ(၁)လုံးမှာဆုံး (မောဟကိုသိခြင်း)

 သဒ္ဓါလွန်ကဲ ပညာနည်း အလွဲကြည်ညိုကိုးကွယ်သည်။
ပညာလွန်ကဲ သဒ္ဓါနည်း မှားလွဲကောက်ကျစ်တတ်ပေသည်။
သူပြောကြံရာမှားလေရာ ကောင်းစွာမပြု ပါယ်လားမည်။
သဒ္ဓါ ပညာမျှမှသာ ကောင်းစွာပြုပြော ကြံစည်သည်။
ဝိရိ၊ သမာ မျှမှသာ တည်ကာမပြန့် ကြိုးစားသည်။
သမာ၊ ဝိရိ မျှလေသိ မရိမပျင်း ကြိုးစားသည်။
သတိတရားသာ အရာရာ လွန်တာကောင်းလေသည်။ (ဆရာတော် အရှင်ဝီရိယ အားဦးထိပ်ထားလျက်) _/\_
 မိမိ၏ ရေးသားမျှဝေ ဆွေးနွေးမှုသည် ဘုရား၊ တရား၊ သံဃာတော် အရှင်သူမြတ်တို့နှင့် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး တို့၏ ကျေးဇူးကြောင့်သာလျင် ရေးသားမျှဝေနိုင်ခြင်းဖြစ်ပါသည်။ အရှင်သူမြတ်တို့အား အစဉ်ဦးထိပ်ထားလျက်… 
                                                                  မေတ္တာဖြင့်..
                                                                                       သန့်ဇင်

No comments:

Post a Comment