“နောက်ဆုံးတော့ သူ့ကျေးဇူးပေါ့...။ သူ့ကျေးဇူးက သိပ်ကြီးတာ၊ သာသနာမှာမြဲပြီး တော်တော်ကို ဒုက္ခအေးသွားတာ သူ့ကျေးဇူးပဲ”
ကျောင်းထိုင်
ဆရာတော်ကြီးနှင့် အာလာပသလ္လာပ စကားလျှောက်ထား ပြောကြား၍ မဆုံးသေးမီမှာပင်
လှူစရာ ပစ္စည်းဝထ္ထုများနှင့် ဒကာမကြီးနှစ်ဦး ရောက်လာသဖြင့် အာဂန္တု
ဦးပဉ္စင်းကလေး ဦးဂုဏသည် မသိမသာ ဆရာတော်ကြီး အပါးမှ ခွာ၍ ဆင်းလာခဲ့လေသည်။
ဦးဂုဏသည် တောင်ပိုင်းရှမ်းပြည်နယ်၏ မြို့တစ်မြို့မှ သာမန်
ဓမ္မာစရိယ
စာချ ရဟန်းတော်ကလေး တစ်ပါးသာ ဖြစ်လေသည်။ ဆောင်းရာသီ၏ လတစ်လတွင်
ရန်ကုန်မြို့သို့ ဆင်းလာခဲ့ပြီး မိတ်ဆွေ ရဟန်းတော်များရှိရာ
ကျောင်းတိုက်များ၌ တည်းခို၍ ဘုရားဖူးကာ ထိုမှတစ်ဆင့်
မြစ်ဝကျွန်းပေါ်မြို့များဆီသို့ ခရီးဆက်ခဲ့သည်။ ယခု ဤမြို့သို့ရောက်၍ ခေတ္တ
တည်းခိုရန် သာယာသောကျောင်းကြီးသို့ ၀င်ရောက်ပြီး လျှောက်ထား ပြောဆိုနေခိုက်
အလှူအတန်းနှင့် ရောက်လာကြသော ဒကာမကြီးများကို မြင်၍ အလိုက်သိစွာ
ရှောင်ထွက်လာခဲ့ခြင်းပင် ဖြစ်၏။
ဆရာတော်ကြီး
အပါးမှထ၍ ဒကာမကြီး နှစ်ဦးဘေးမှ ကွေ့ကာလှေကားဆီသို့ လာရင်း အမှတ်မထင်
ကြည့်မိသည်။ လျှောက်ထားနှုတ်ဆက်နေသော ဟန်ပန်နှင့် အမူအရာကြောင့်
ဖြူဖြူ၀၀နှင့် လှလှပပ စိန်ရွှေအပြည့် ၀တ်ဆင်ထားသော ဒကာမကြီးမှာ မြိ့ခံ
ဒကာမကြီးတစ်ဦး ဖြစ်ကြောင်း သိသာရသည်။
ဦးဂုဏသည်
ကျောင်းပေါ်မှ ဆင်းခဲ့၍ ကျောင်းဝင်းကြီးကို လျှောက်ကြည့်နေမိသည်။ အုန်းပင်၊
ကွမ်းသီးပင်များနှင့် အခြားသစ်ပင် ပန်းပင်များပါ ဥယျာဉ်ကြီးတမျှ
စည်ကားသာယာလှသော ကျောင်းအရာမ်ကြီးမှာ ပျော်စရာကြီးပင် ဖြစ်ပါ၏။ ဆရာတော်
နေသော ဗဟိုတိုက်ကျောင်းကြီးကို အရှေ့ဘက်မှ သိမ်တိုက်၊ အနောက်ဘက်မှ
ဆွမ်းစားကျောင်း ဖြစ်ဟန်တူသော သစ်သားကျောင်းတစ်ခုနှင့် ရေတွင်း ရေကန်များက
ရံထား၏။ ကျောဘက်ကျသော တောင်ဘက်တွင် သာယာသော ခရေပင်အုပ်အုပ်ကြီးနှင့်
ယင်း၏တစ်ဖက်တွင် နှင်းဆီရုံများ ရံ၍နေသော ကမ္မဋ္ဌာန်း
ကျောင်းငယ်လေးတစ်ဆောင်ကို တွေ့ရသည်။ သိမ်တိုက်နှင့် ဆွမ်းစားကျောင်းတွင်
ရဟန်းသာမဏေ ၃-၄ ပါးခန့်မြင်၍ သံဃာများများ မရှိဟု ထင်ရသည်။ ညနေပိုင်း
ဖြစ်သဖြင့် ကျောင်းသားများ အိမ်ပြန်ချိန် ဖြစ်၍ ကျောင်းမှာ
တိတ်ဆိတ်နေလေသည်။
ဦးဂုဏသည်
ညနေရီ လေချိုဖျန်းတွင် ပန်းနံ့ကလေးများ သင်းနေသော ကမ္မဋ္ဌာန်း
ကျောင်းကလေးပေါ်သို့ တက်၍ ကြည့်မိ၏။ ဖျာကြမ်းတစ်ချပ်နှင့် သင်ဖြူးတစ်ချပ်
ခင်းထားပြီး ခေါင်းရင်းဘက် စာအုပ်စင် ကလေးတွင် သားရေဖုံး စက္ကူဖုံး စာအုပ်
၁၀-အုပ်ခန့် တွေ့ရသည်။ ဆရာတော်ကြီး နေ့လယ်နေ့ခင်း လာရောက် နေသန့်စင်ရာဌာနဟု
တွေးမိ၏။ ဦးဂုဏသည် ယပ်လှဲ တရားစာအုပ်တစ်အုပ်ကို ကောက်ကိုင် ကြည့်ရင်းက
စာအုပ်တွင် စိတ်ဝင်စားသွားမိသည်။
စာ၌ မည်မျှ ကြာအောင် စိတ်ဝင်စားသွားမိသည် မသိ။ ခေါင်းရင်းဘက်ကျကျ ခရေပင်ကြီးဆီမှ စကားသံထွက်လာမှ စာအုပ်ကို ချလိုက်မိ၏။
''ဒီနေရာလေးက သိပ်အေးတာ၊ ခရေပင်ရိပ်ကြီးကလည်း ကောင်းပါဘိသနဲ့။ ဒီကျောင်းကလေးဟာ ဦးသုန် နေ့လယ်နေ့ခင်း လာနေတာပေါ့''
မြို့ခံဒကာမကြီးအသံ ဖြစ်၏။ ဦးသုန် ဆိုသည်မှာ ကျောင်းထိုင် ဆရာတော်ကြီး၏ ဘွဲ့ပင် ဖြစ်ဟန်တူလေသည်။
''ကျောင်းပေါ်က နေ့လယ်တော့ နည်းနည်းပူမှာပေါ့။ မနွဲ့ရေ၊ လာ ဒီနား ခဏထိုင်ရအောင်''
ဤအသံကား
ဧည့်သည် ဖြူဖြူ၀၀ ဒကာမကြီးအသံ ဖြစ်လေသည်။ သူတို့ နှစ်ဦးသည်
ကျောင်းကလေနှင့် အနည်းငယ်နီးသော ခရေပင်ကြီးရင်း၌ ခရေပွင့်များကို ကောက်ရင်း
ထိုင်ကြသည်။
ဦးဂုဏကား ကျောင်းကလေးပေါ်မှ ဆင်းချိန်မရတော့ဘဲ မမြင်ရသော ဒကာမကြီးနှစ်ဦး၏ စကားသံကို နာခံနေမိရက်သား ဖြစ်နေ၏။
"ဦးသုန်နဲ့ မမမိ အသက် ဘယ်လောက် ကွာသလဲ''
မြို့ခံဒကာမကြီးအသံ ဖြစ်သည်။ ဦးဂုဏကား တအံ့တသြ နားစွင့်မိသွားလေသည်။
''၅-နှစ်ပဲ
ကွာပါတယ်။ သူ မမမိနဲ့ ပြေးကြတုန်းက သူက အသက် အစိတ်၊ မမမိက အသက်နှစ်ဆယ်။
ဆယ်တန်းအောင်ပြီး မမမိ ကောလိပ် သွားမယ့်ဆဲဆဲမှာပေါ့။ ဒါကြောင့် အဖေတို့က
အတင်း လိုက်ခေါ်ပြီး ခွဲလိုက်တာ''
ဦးဂုဏ ဟယ်ခနဲ အသံထွက်လုမတတ် ဖြစ်သွားသည်။ ဤကြည်ညိုဖွယ်ကောင်းသော ဆရာတော်ကြီးကား ငယ်ဖြူစင်စစ် မဟုတ်ပါလားဟု ယခုမှ သိရ၏။
''နောက် မမမိတို့ ပြန်မပေါင်းမိတော့ဘူးနော်''
''အစကတည်းက
ပေါင်းကို မပေါင်းလိုက်ရပါဘူးလေ။ ဦးသုန်...အဲ အဲဒီတုန်းက ကိုသန်းမောင်
ဆိုပါတော့။ သူက ကောလိပ်ကထွက်လာပြီး မြို့အုပ်အလုပ်ရမယ့်ဆဲဆဲ၊ မမမိကလည်း
ကောလိပ်သွားမယ့်ဆဲဆဲ၊ ခင်လည်းခင် အိမ်နီးချင်းလည်း အိမ်နီးချင်းဆိုတော့
ဖြစ်ကြတာပေါ့လေ။ ထွက်ပြေးကြလို့ နေ့မကူးဘူး။ အဖေတို့ ရောက်လာတော့...''
''သြော်... သြော်''
အသံပြတ်သွားသည်။
မည်သူကမျှ စကားမဆက်ကြ။ ဦးဂုဏကား အသက်ပြင်းပြင်း မရှူဝံ့။ ဇာတ်လမ်းမှာ
စကတည်းက အလွမ်းနှင့် ထွက်နေသောဇာတ်ပါလားဟု တွေးနေမိသည်။ ရှေ့လာမည့်
ဇာတ်လမ်း အဆက် ဘယ်လိုလဲဟုလည်း နားစွင့်မိသည်။ ကြာကြာ မစောင့်ရပါ။
မြို့ခံဒကာမကြီးအသံ-
''ဒါနဲ့ မမမိတို့ ပြန်ဆက်မိအောင် မကြိုးစားကြဘူးလား''
''မကြိုးစားဘဲ နေပါ့မလား မနွဲ့ရယ်။ ဒါပေမဲ့ ဒါလောက်ပဲ ကံက ပါတယ်ထင်ပါရဲ့။ ဟော... ပြောရင်း ကားလာပြီ။ လာ...လာ သွားကြစို့။
အရေးကောင်း
ဒိန်းဒေါင်းဖျက်ဆိုသလို ကျောင်းရှေ့ပေါက်မှ ဂျစ်ကားကလေးတစ်စင်း
ဝင်လာသည်ကို လှမ်းမြင်ရသည်။ ဒကာမကြီးနှစ်ယောက်ကား စကားကိုဖြတ်ကာ
ခရေပင်ရင်းမှထ၍ ဂျစ်ကား ကလေးဆီသို့ ခပ်သုတ်သုတ် ထွက်ခွာသွားကြလေသည်။
ကျောင်းကြီးပေါ်သို့
လှမ်းမျှော်ရင်းက ကားပေါ်သို့ တက်သွားသည်ကို ဦးဂုဏ ကြည့်နေမိသည်။
လာ၍ကြိုသော ကားကလေးသည် ဒကာမကြီး နှစ်ဦးကို တင်ဆောင်ကာ ကျောင်းဝင်းထဲမှ
ခပ်ဖြည်းဖြည်း ထွက်ခွာသွားလေသည်။ ဆရာတော်ကြီး အရိပ်အယောင်ကား မမြင်ရပေ။
ဦးဂုဏသည် ဆရာတော်ကြီးရှိရာ တိုက်ကျောင်းပေါ်သို့ တက်ခဲ့ လေသည်။
ကိတ်မုန့်၊
ယိုဘူး၊ နို့ဆီ၊ သကြား စသော လှူဖွယ်ဝထ္ထုများကို ကိုရင်တစ်ပါးက
သိမ်းဆည်းနေ၏။ ဦးဂုဏ တက်သွားသောအခါ ဆရာတော်ကြီးကို မူလနေရာမှာပင်
တွေ့ရလေသည်။ အနီးတွင် ထိုင်ကာ ရှိခိုးဦးချပြီး ဆက်လက် စကားပြောဆိုနေလေသည်။
''တပည့်တော် အသက် ၅၈ နှစ်၊ ၀ါတော် ၃၃ ၀ါပါ။ ၅ နှစ် လွန်မှ ရဟန်းဖြစ်တာပေါ့''
ည
၈-နာရီကျော်ကျော်တွင် ပြင်ဆင်ပေးထားသော အိပ်ရာပေါ်၌ ဦးဂုဏက ခပ်လျှိုးလျှိုး
ထိုင်နေသည်။ ဆရာတော်ကြီးက အနီးရှိ ကုလားထိုင်ပေါ်၌ ထိုင်ကာ
ရှေးဟောင်းနှောင်းဖြစ်ကို စကားစပ်မိရာမှ ပြန်လည် မိန့်ကြားတော်မူ၏။
''သင်ခန်းစာပေါ့
ဦးပဉ္စင်း၊ ပြောရမှာ မရှက်ပါဘူး။ အဲဒီ ညနေကလာတဲ့ မမိက ခေတ်စကားနဲ့ ပြောရရင်
ငယ်ရည်းစားပေါ့။ တပည့်တော်တို့ သဘောတူ ထွက်ပြေးကြတော့ တပည့်တော်တို့လည်း
နေ့လယ် ရန်ကုန်ရောက်ရော သူ့မိဘတွေက ညနေရောက်လာပြီး ချက်ချင်း
ပြန်သိမ်းသွားကြတယ်။ တပည့်တော် ဘာမှ မပြောနိုင်ဘူး။ သူလည်း ငိုယို
ပါသွားတာပဲ''
'မကြိုးစားဘဲ
နေပါ့မလား မနွဲ့ရယ်' ဆိုသော ဒကာမကြီး စကားကို ကြားယောင်နေမိသဖြင့်
ဦးဂုဏသည် ဆရာတော်ကြီး မိန့်ကြားသည့် ဟောဟောဒိုင်းဒိုင်း ရဟန်းခံလိုက်ရသည့်
အဖြစ်ကို နားမလည်နိုင်ဘဲ ဖြစ်နေလေသည်။ ထို့ကြောင့် မည်သို့ ဆက်လက်
မိန့်ကြားမည်ကို နားထောင်နေမိသည်။
''တပည့်တော်လည်း
ရှက်လည်းရှက်၊ စိတ်ကလည်း ထွက်ထွက်နဲ့ ရဟန်းခံလိုက်တာပဲ။ နောက်တော့မှ
စွဲလမ်းစိတ်ကို အတော် ကြိုးစားပြီး ဖြတ်ရတာပဲ။ မမိကတော့ တော်တော်နဲ့
မဖြတ်နိုင်ရှာဘူး။ လူလွှတ်၊ စာပေးနဲ့၊ တပည့်တော်လည်း ပထမတော့ စာပြန်သေးတယ်။
ရဟန်း တစ်ဝါ ရပြီးတဲ့အထိ စိတ်မငြိမ်သေးဘူး။ ပြန်ထွက်ရ ကောင်းနိုးနိုး၊
ဒီအတိုင်း ဆက်နေရ ကောင်းနိုးနိုးနဲ့ ဖြစ်နေတယ်။ တစ်ဖက်ကလည်း
လှုံဆော်နေတော့လဲ ဒီလိုပေါ့လေ။ ဥပဇ္ဈာယ်ဆရာတော်ကြီးကလည်း အကြောင်းသိထားတော့
တရားဟော၊ တရားထိုင်ခိုင်းနဲ့။ ဒါပေမဲ့ မရပါဘူး။ သူ့စိတ်ကြောင့် သမာဓိမှ
မရတာဘဲ။ နောက်ဆုံးတော့ သူ့ကျေးဇူးပေါ့။ သူ့ကျေးဇူးက သိပ်ကြီးတာ။ သာသနာမှာ
မြဲပြီး တော်တော်ကို ဒုက္ခအေးသွားတာ သူ့ကျေးဇူးပဲ ဦးပဉ္စင်း''
''ဘယ်သူ့ ကျေးဇူးလဲဘုရား။ ဒကာမကြီး ဒေါ်မိ ကျေးဇူး ပဲလား''
မအောင့်နိုင်လောက်အောင် သိချင်စိတ် ပြင်းထန်လာသော ဦးဂုဏက လွှတ်ခနဲ ဖြတ်၍ မေးလိုက်မိသည်။
''ဘယ်ကလာ
ဟုတ်ရမှာလည်း ဦးပဉ္စင်းရဲ့။ မမိက ထွက်လာဖို့ချည်း လူလွှတ် စာပို့နေတာ။
ကျေးဇူးရှင်က ပရိယတ္တိ စာပေပေါ့။ ဒါပြောချင်နေတာ၊ တပည့်တော်လည်း သမာဓိက မရ။
မမိဆီ စိတ်ရောက်ပြီး ဂယောက်ဂယက်နဲ့ ထွက်ရကောင်းနိုးနိုး ဖြစ်နေတုန်းမှာ
ပထမ၀ါတွင်းက သင်္ဂြိုဟ်တစ်ဝါ၊ သဒ္ဒါတစ်ဝါ စ,တက်ရတယ်။ ပါတိမောက်တော့ ပါဠိပဲ
ကျက်ရသေးတယ်။ စာထဲလည်း သိပ်စိတ်မ၀င်စား သေးဘူး။ နောက် သဂြိင်္ုဟ်ကို
စိတ်ဝင်စားလာတယ်။ ဒါနဲ့ စိတ်ငြိမ်အောင် ဆိုပြီး စာကို သူများဆိုတာ မလိုက်ဘဲ
ဆရာတော်ဆီမှာ ကိုယ်တိုင် စာဆိုတယ်။ ပါတိမောက်ပါတက်၊ အားတဲ့အချိန်
ပါဠိကျက်၊ ညလည်း အအားမနေဘူး။ ပုဒ်စစ်၊ နောက် ၀ီထိလက်ရိုး၊ ပြီးတော့ ည၀ါ
မာတိကာ ဓာတုကထာပေါ့ကွယ်။ တစ်နေ့ နေ့ဝါ သုံးဝါ၊ ည၀ါ တစ်ဝါ၊ တစ်ခါတလေ
လိုက်ဝါကောဆိုရင် နေ့ဝါ လေးဝါ ငါးဝါများတောင် ရှိတယ်။ စာကျက်တာနဲ့ဆိုရင်
အချိန်အားကို မရှိတော့ဘူး။ စိတ်ကို ဟိုဘက် မရောက်အောင် ပရိယတ်နဲ့
ကျုံးသွင်းပစ်လိုက်တာပေါ့။ ဒါနဲ့ တန်ဆောင်မုန်း၊ နတ်တော်လလောက်မှာဆိုရင်
စိတ်ဟာ ငြိမ်သွားပြီး မမိကိုလည်း သိပ်သတိမရတော့ဘူး။ ကိုယ့်စာထဲမှာပဲ
စိတ်ကို သွင်းထား လိုက်နိုင်ပြီကိုး။ ဒါနဲ့ မမိဆီကလည်း စာအလာကျဲသွားပြီး
နောက် တစ်နှစ်ခွဲလောက်ကျတော့ ပုဇွန်တောင်ပိုင်းမှာ အရာရှိတစ်ယောက်နဲ့
အိမ်ထောင်ကျသွားတယ်။ တပည့်တော်လည်း နောက် မန္တလေးမှာ ၃-၀ါ၊ ပခုက္ကူမှာ ၂-၀ါ
နေပြီး ရန်ကုန်မှာ ၅-နှစ်လောက် ကြာသေးတယ်။ မမိနဲ့လည်း ခဏခဏ ပြန်တွေ့ပါရဲ့။
သူလည်း သားတွေ သမီးတွေနဲ့ တည်ငြိမ်သွားပါပြီ။ တပည့်တော် ရန်ကုန်ရောက်တော့
ခဏခဏ လာပြီး ကန်တော့ပါတယ်။ ဆွမ်းလည်းပင့်ပြီး ကပ်ပါတယ်။ သူ့ဒကာကလည်း
အကြောင်းသိနေပေတဲ့ တပည့်တော်ကို ယုံကြည်ပြီး ကြည်ညိုနေတာပါပဲ။
နောက်တပည့်တော် ကိုယ့်ဇာတိ ဒီနေရာ ပြန် ရောက်ပြီး ဒီကျောင်းမှာ
ကျောင်းထိုင်ဘုန်းကြီး ဖြစ်လာတာပဲ။ အဲ...ထူးတာက...''
ဆရာတော်ကြီးသည်
စကားကို ဖြတ်၍ ရေအိုးစင် ရှိရာသို့ ကြွသွားကာ ရေသောက်နေလေသည်။
ဘာထူးတာပါလိမ့်။ ဒေါ်မိ ကိစ္စလား။ ဒီပြန်ရောက်တော့ ဒေါ်မိ ဆွေမျိုးတွေနဲ့
ဘာဖြစ်ကြဦးမှာလဲ။ ဦးဂုဏကား ဆရာတော်ကြီး စကားဖြတ်ထားဆဲ တထိတ်ထိတ်နဲ့
တွေးချင်ရာ တွေးနေမိလေသည်။ အဆက်ကိုလည်း အလွန်သိချင် နေလေသည်။
ဆရာတော်ကြီးကား ရေအိုးစင်မှ ပြန်လာပြီး ငြိမ်းလုငြိမ်းခင် ဖြစ်နေသော
ဘုရားမီး ဖယောင်းတိုင်ကို ယပ်တစ်ချောင်းဖြင့် ခတ်၍ ငြိမ်းသတ်နေပြန်သေးသည်။
ဦးဂုဏ စိတ်ထဲတွင် ကြာလိုက်တာ နော်ဟု ညည်းတွားမိသည်။ ဆရာတော်ကြီးသည်
မူလနေရာတွင် ပြန်ထိုင်ရင်းက စကားကို ဆက်သည်။
''ထူးတာကတော့ ဒီကျောင်းကြီးဟာ မမိရဲ့ မိဘတွေ ဆောက်တဲ့ ကျောင်းပေါ့''
''ဟင်''
ဦးဂုဏ အံ့သြ၍ ဟင်တစ်လုံး မသိမသာ ထွက်သွားမိလေသည်။
''အင်း...
ဦးပဉ္စင်း အံ့သြမယ်ဆိုလည်း အံ့သြစရာပေါ့၊ မမိ မိဘတွေက အစကဆို ဘယ်ယုံမလဲ၊
နောက် သူတို့လည်း ရန်ကုန် ရောက်ပြီး တပည့်တော် မမိတို့အိမ်မှာ
ဆွမ်းစားရင်းနဲ့ တွေ့ကြဆုံကြ ထွေရာလေးပါး ပြောကြဆိုကြရာက ယုံကြည်ပြီး
ဒီကျောင်းမှာ ဘုန်းကြီး အဖြစ် တပည့်တော်ကို ပင့်တာပဲ။
နောက်ဆုံး
ခြုံလိုက်တော့ ဦးပဉ္စင်းရေ... တပည့်တော်ကို ဒီဘ၀ ရောက်အောင် ပရိယတ်စာပေက
ပို့ဆောင်ပေးလိုက်တာပဲ။ ပူပြင်းတဲ့ ကိလေသာစိတ်၊ တဏှာစိတ်တွေကို ပရိယတ်
စာပေက နှိမ်ပေးတယ်။ လွမ်းမှု၊ ဆွေးမှု၊ ပူမှု၊ လောင်မှုဆိုတဲ့ စိတ်ဆိုး
စိတ်ပဲ့တွေကို ပရိယတ် စာပေက ပြုပြင်ပေးတယ်။ ဒီစိတ်မျိုးတွေ ဘယ်လောက်
တပ်ချီလာလာ ပရိယတ်စာပေကိုသာ အကြားအပေါက် မရှိအောင် လုပ်ပေး။ တွေးချိန်
ဆွေးချိန် မ၀င်နိုင်အောင် ပရိယတ်စာပေနဲ့သာ ကာကွယ်ပေး၊ နောက်ဆုံး
အောင်မြင်တော့တာပဲ။ တပည့်တော် ဒီစိတ်တွေ နိုင်အောင် ပရိယတ် ကိုချည်း
ဖိသင်တာ တစ်ဝါနဲ့ နိုင်တာပဲ။ ပရိယတ်အစွမ်းဟာ သိပ်ထက်မြက်တာပဲ၊ ဒီလို
အပူအဆွေး ကင်းရုံတင် မကဘူး၊ ကြိုးစား အားထုတ်ရင်းနဲ့
အစိုးရဓမ္မာစရိယလည်းအောင်၊ သကျသီဟဓမ္မာစရိယ လည်းအောင်၊ စေတီယင်္ဂဏတောင်
ဆက်လုပ်ဦးမလို့၊ ဒီလာပြီး ကျောင်းလက်ခံလိုက်တာနဲ့ မလုပ်ဖြစ်တော့ဘူး။
အခုတော့
မမိတို့ လင်မယားရော၊ မိဘဆွေမျိုးတွေရော ကျောင်း ဒကာ၊ ဒကာမ အရင်းအချာတွေ
ဖြစ်နေကြတယ်လေ။ ဒါ ပရိယတ် စာပေရဲ့ ကျေးဇူး၊ သူ့ကျေးဇူးပေါ့ ဦးပဉ္စင်း။
ဦးပဉ္စင်းလည်း အသက် ငယ်ပါသေးတယ်။ ပရိယတ်ကို မလွှတ်နဲ့ဦး။ ပရိယတ်ဟာ မျက်မှောက်
လက်တွေ့မှာလည်း အပူအပင်အားလုံးကို ခုတ်ဖြတ်ပြီး အအေးဓာတ်ကို ပေးနိုင်တယ်။
ဒါထက် ကြိုးစားပြီး အားထုတ်ရင် မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်အောင်
ပို့နိုင်ပါတယ်။
ဒါကြောင့် ပရိယတ်စာပေ ဂုဏ်ကျေးဇူးကို အမြဲသတိရနေပြီး စကားစပ်မိတိုင်း ကိုယ့်အဖြစ်ကို နမူနာတင် တိုက်တွန်းရတာပဲ။
အင်း...
ပရိယတ္တိ ပရိယတ္တိ၊ သူ့ကျေးဇူး သူ့ကျေးဇူး။ သူ့ကျေးဇူး ကြီးလှပါပေတယ်။
ဘုရား... ဘုရား။ အမယ် ၁၁-နာရီတောင် ထိုးပြီး သွားပါပကောလား။ ကဲ-ကဲ ဦးပဉ္စင်း
ကျိန်းဦး... ကျိန်းဦး''
ဦးဂုဏသည်ကား
ကုလားထိုင်ပေါ်မှ ဆင်းသွားသော ဆရာတော်ကြီးအား အလွန်ကြည်ညိုစွာ
လက်အုပ်ချီမိုး ရှိခိုးဝတ်ချပြီးနောက် အိပ်ရာပေါ်တွင် ပက်လက်လှန်လိုက်ရင်းက
ပရိယတ္တိ ကျေးဇူးကို ကြည်ကြည်နူးနူး တွေးတောနေမိလေသည်။
မြတ်သတိဝါဒီမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၀ ခုနှစ်။
No comments:
Post a Comment