“လျှို့ဝှက်သောအမူကို
လျှို့ဝှက်ပဲထားသင့်ပါတယ်။ လျှို့ဝှက်သောမူကို မလျှို့ဝှက်ဘဲ
သူတစ်ပါးပြောမိချေသော် နောင်မကောင်းကျိုးဖြစ်တတ်ပါတယ်”
(မဟောသဓ)
ဇာတ်ကြီးဆယ်ဘွဲ့ထဲမှာ
ပထမဆုံးထိတွေ့ခွင့်ရခဲ့တာက မဟောသဓဇာတ်တော်ပါ။ ကလေးဇာတ်ဆောင်ပါလို့လား
မပြောတတ်ပါဘူး။ ကလေးဘ၀ တည်းကကိုပဲ စွဲစွဲလန်းလန်းရှိခဲ့ပါတယ်။
အဲဒီကာလတွေတုန်းက “စိတ်ဝင်စားဖို့ ကောင်းတဲ့ဝတ္တု” ဆိုတဲ့အတွေးထက်ပိုပြီး
မတွေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် အရွယ်, ကာလ, ၀န်းကျင်တွေ ရွေလျားတာနဲ့အမျှ
မူလအတွေးထက် ပိုပြီး တွေးရမယ့် ဇာတ်ဝတ္တု အဖြစ် နားလည်ခဲ့ရပြန်ပါတယ်။
ဟော….ကြည့်ပါဦး လျှို့ဝှက်အပ်သော အမူကို လျှို့ဝှက်ပဲ ထားသင့်ပါတယ် တဲ့။
ဘယ်လောက်တွေးဖို့ကောင်းသလဲ။ ဘယ်လောက် လက်တွေ့ဘ၀နဲ့ နီးစပ်သလဲ။
မဟောသဓဇာတ်တော်ရဲ့ အခန်းတိုင်းနီးပါးဟာ
ပညာရပ်ဆိုင်ရာ အားပြိုင်မူတွေချည်းပါပဲ။ အဓိကကတော့ မဟောသဓ နဲ့
အဓိကဇာတ်ပို့တွေအားလုံးနဲ့ အားပြိုင်ခန်းတွေပါ။ အဲဒီ အားပြိုင်ခန်းတွေထဲက
လက်တွေ့ဘ၀နဲ့ နီးစပ်လှတဲ့ အားပြိုင်ခန်းတစ်ခုကို ထုတ်ပြချက်ပါတယ်။ အနေအထားက
မဟောသဓ သေနာပတိရာထူးရနေတဲ့ အချိန်ပါ။ “ကိုယ့်ထက်သာမနာလို” ဆိုတဲ့အတိုင်း
ရန်ဖက်များဖြစ်တဲ့ သေနက, ပက္ကုသ, ကာမိန္ဒ, ဒေ၀ိန္ဒ, အမတ်လေးယောက်က မဟောသဓကို
“ဓမ္မလမ်းကြောင်း” နဲ့ အနိုင်ယူလို့မရနိုင်မှန်းသိတော့ “အဓမ္မလမ်းကြောင်း”
နဲ့ အနိုင်ယူဖို့ကြံစည် ကြပါတယ်။ (ဓမ္မလမ်းကြောင်းနဲ့ အနိုင်ယူလိုတဲ့
စိတ်မျိုးလည်းရှိဟန် မထင်ပါဘူး) ဘယ်လိုကြံစည်သလဲဆိုတော့ မဟောသဓကို
“လျှို့ဝှက်သော အမူကို မည်သူအားပြောကြားအပ်သတဲ့” လို့မေးမယ်။ အဲဒီအခါ
မဟောသဓက “လျှို့ဝှက်အပ်တဲ့စကားကို မည်သူ့မျှ မပြောကြားအပ်”
လို့ဖြေလိမ့်မယ်။ အဲဒီအဖြေစကားရရင် ငါတို့မဟောသဓ
ကိုပြဿနာရှာလို့ရပြီဆိုပြီး တိုင်ပင်ကြပါတယ်။ ဒီပွဲမှာ သေနက အမတ်ကို
ကျန်တဲ့အမတ်သုံးယောက် ဆရာတင်ပါတယ်။ မဟောသဓကို မေးခွန်းထုတ်ဖို့ကိစ္စကိုလည်း
သေနကအမတ်ကိုပဲ တာဝန်ယူစေပါတယ်။ ဒါကြောင့် သေနကအမတ်ဦး ဆောင်တဲ့
အမတ်လေးယောက်တို့ဟာ မဟောသဓအိမ်တော်ကို ချီတက်လာကြပါတယ်။
မဟောသဓအိမ်ရောက်တော့ သေနကအမတ်နဲ့ မဟောသဓတို့ အမေးအဖြေပြုလုပ်ပုံကိုလည်း
ကြည့်ပါဦး။
“အရှင်သားတော် သုခမိန်ယောက်ျားတို့မည်သည့် အဘယ်တရား၌ တည်အပ်ပါသနည်း”
“ဆရာသေနကအမတ် ယောက်ျားတို့မည်သည်ကား သစ္စာတရား၌သာ တည်အပ်ပါတယ်”
“အရှင့်သားတော် သစ္စာ၌ တည်သောသူသည် အဘယ်ကိုပြုအပ်ပါသနည်း”
“ဆရာသေနက သစ္စာ၌တည်သောသူသည် ဥစ္စာစည်းစိမ်ကို ဖြစ်စေပါတယ်”
“အရှင့်သားတော် ဥစ္စာစည်းစိမ်ကို ဖြစ်စေသော သူသည် အဘယ်သို့သော ပြုအပ်ပါသနည်း”
“ဆရာအမတ် ဥစ္စာစည်းစိမ်ဖြစ်ပြီးသောသူသည် မိမိရဲ့ လျှို့ဝှက်အပ်သောစကားကို သူတစ်ပါးတို့အား မပြောအပ်ပါ”
“မဟောသဓသုခမိန် သင့်ရဲ့စကားဟာ ကောင်ပေစွ ကောင်းပေစွ”
အမတ်လေးယောက်လည်း
မဟောသဓဆီက လိုချင်တဲ့စကားရတာနဲ့ မင်းကြီးဆီ တစ်ခါတည်းသွားတော့တာပါပဲ။
နန်းတော်ရောက်တော့ “မဟောသဓမှာ လျှို့ဝှက်အကြံအစည်ရှိကြောင်း မင်းကြီးကို
စိတ်ထဲက မဖြောင့်မမှန် အကောက်ကြံ နေကြောင်း” လျှောက်ကြပါတယ်။ မင်းကြီးက
ပထမ မယုံပေမယ့် မင်းကြီးယုံအောင် အကျိုးသင့် အကြောင်းသင့် ထပ်လျှောက်တော့
နဂိုကတည်းက အသိဥာဏ်အားနည်းတဲ့ မင်းကြီးက ယုံပြန်ပါတယ်။
“မင်းကြီးအနေနှင့်
မဟောသဓကိုခေါ်ပြီး ရာဇမာယာနဲ့ သူမသိအောင် ”လျှို့ဝှက်အပ်သောစကားကို
မည်သူ့အား ပြောကြားအပ်သနည်း” လို့မေးပါ။ မဟောသဓက
ကိုယ့်အလိုဆန္ဒမပြည့်မချင်း မည်သူ့ကိုမျှမပြောကြားအပ်၊ ကိုယ့်ဆန္ဒပြည့်မှ
ပြောလိုကပြောနိုင်ပါတယ်လို့ဖြေပါလိမ့်မယ်။ ဒါဆိုရင် မင်းကြီးအပေါ်
အကောက်ကြံ့နေတဲ့ လျှို့ဝှက်အကြံအစည်ရှိကြောင်း ခန့်မှန်းလို့ရနိုင်ပါတယ်”
လို့တခါတည်း လိုချင်တဲ့နေရာရောက်အောင် လျှောက်ကြပါတယ်။
ဒီလိုနဲ့
မင်းကြီးလဲ အမတ်ငါးယောက်ဆုံတဲ့အချိန်မှာ အမတ်ငါးယောက်လုံးကို
မေးတဲ့ပုံစံမျိုးနဲ့ မေးပါတယ်။ လျှို့ဝှက်အပ်သောစကားကို မည်သူ့အား
ပြောကြားအပ်သလဲပေါ့။ ဒီတော့ အကြံရှိတဲ့သေနကအမတ်က ထပြီး “မင်းကြီးရဲ့
အယူအဆကိုလဲ သိပါရစေဦး” လို့လျှောက်ပါတယ်။ အစဉ်အတိုင်း
အနှစ်ချုပ်ပြောရရင်တော့ မင်းကြီးက လျှို့ဝှက်အပ်တဲ့စကားကို မယားကောင်း
မယားမြတ်ကို ပြောသင့်တယ်၊ သေနကအမတ်က အဆွေခင်ပွန်း ကောင်းကို ပြောသင့်တယ်။
ပက္ကုသအမတ်က တအူထုံ့ဆင်း ညီအစ်ကိုချင်းကို ပြောသင့်တယ်။ ကာမိန္ဒအမတ်က
အနုဇာသားကို ပြောသင့်တယ်။ ဒေ၀ိန္ဒအမတ်က မိခင်ကိုပြောသင့်တယ်။
အဲဒီလိုအသီးသီးဖြေလျှောက်ကြပါတယ်။ နောက်ဆုံးမဟောသဓ အလှည့်ရောက်တဲ့အခါမှာ
မဟောသဓက အောက်ပါအတိုင်းဖြေလျှောက်ပါတယ်။
“အရှင်မင်းကြီး…
လျှို့ဝှက်သောအမူကို လျှို့ဝှက်ပဲထားသင့်ပါတယ်။ လျှို့ဝှက်သောအမူကို
သူတစ်ပါးအားပြောမိချေသော် နောင်မကောင်းကျိုး ဖြစ်တတ်ပါတယ်။ အရှင်မင်းကြီး
ပညာရှိသူဟာ မိမိလိုအပ်သောအမူကို အဘယ်သူအားမသိစေအပ်ပဲ၊ မပြောမဆို
နှုတ်စောင့်စည်းပြီး ချုပ်တည်း သည်းခံရာ၏။ မိမိအလိုဆန္ဒပြည့်စုံသော
အခါ၌မူကား ပြောလိုက ပြောနိုင်ပါ တယ်။ ဒါသည်ပင် ပညာရှိတို့
သဘောအလေ့ဖြစ်ပါတော့သည် အရှင်မင်းကြီး”
မဟောသဓရဲ့
အဖြေစကားကိုကြားလိုက်ရတော့ မင်းကြီးလဲ သေနကအမတ်ကိုနားသွင်းတဲ့အတိုင်း
ကိုက်ညီနေတာနဲ့ မျက်နှာပျက်သွားပါတယ်။ မဟောသဓ
သူ့အပေါ်လျှို့ဝှက်အကောက်ကြံနေပြီဆိုတာလည်း တစ်ခါတည်းယုံလိုက်ပါတယ်။
မင်းကြီးမျက်နှာအမူအရာပျက်သွားတာကိုပဲ မဟောသဓ မြင်လိုက်ပါတယ်။ ဒါပေမယ့်
လတ်တလော ပြန်လျှောက်ခွင့်မသာတာရယ်၊ နေ၀င်သွားတာရယ်ကြောင့်
ဦးစွာပဲထပြန်ခဲ့ပါတယ်။ မင်းကြီးလဲ မဟောသဓ မိမိကို
တစ်ကယ်လုပ်ကြံတော့မှာပဲလို့ အဟုတ်ယုံပြီး တုန်တုန်လှုပ်လှုပ်နဲ့
မျက်စိမျက်နှာပျက်နဲ့ နောက်ဆုံး မဟောသဓကို အချိန်မှီလုပ်ကြံဖို့ သေနက
အမတ်ကို လက်စွဲတော်သန်လျက်ပေးလိုက်ပါတော့တယ်။ သေနကအမတ်လဲ မနက်ဖြန် မဟောသဓ
မင်းကြီးဆီ အခစားဝင်တဲ့အခါ နန်းတော်တံခါးဝက သန်လျက်နဲ့ခုတ်ဖို့အသင့်။
မဟောသဓကလည်း
စဉ်းစားပြီး ၊ အမတ်လေးယောက်ထဲမှာ တစ်ယောက်က လျှို့ဝှက်တဲ့စကားကို
မိတ်ဆွေသူငယ်ချင်းကို ပြောသင့်တယ်။ တစ်ယောက်က ညီကို၊ တစ်ယောက်က သားကို၊
တစ်ယောက်က မိခင်ကို၊ သူတို့ပြောတဲ့စကားတွေဟာ ရှေးပညာရှိတွေရဲ့စကားလဲမဟုတ်။
ကိုယ်တိုင် လုပ်ကြံပြီး ပြောတဲံစကားလဲမဟုတ်နိုင်။ သူတို့စကားတွေရဲ့
နောက်ကွယ်မှာ လျှိုဝှက်သမိုင်းကြောင်း တစ်ခုစီရှိရမယ်။ အဲဒီလိုတွေးပြီး
နန်းတော် တံခါးဝမှာ အမတ်လေးယောက်အိမ်မပြန်ခင် ထိုင်နေကျခုံကြီးအောက်ကို
ဦးစွာ ၀င်ပုန်းနေလိုက်ပါတယ်။ အမတ်လေးယောက်လည်း မဟောသဓ
ရှိနေတဲ့ခုံကြီးပေါ်ကို ထိုင်နေကျအတိုင်း ထိုင်ကြပါတယ်။
အဲဒီမှာ
သေနက အမတ်ကစပြီးမေးပါတယ်၊ “အချင်း အမတ်တို့
မင်းကြီးကိုလျှောက်တဲ့စကားတွေဟာ ကိုယ်တွေ့ နဲ့ယှဥင်္ပြီးပြောခဲ့တာလားပေါ့”။
ကျန်အမတ်တွေကလဲ ဟုတ်ပါတယ်ပေါ့။ သေနကအမတ်က မိမိလည်းကိုယ် တွေ့ကြောင့်သာ
ပြောခဲ့တာလို့ ပြန်ပြောပါတယ်။ ဒါနဲ့ မိမိတို့ရဲ့ ကိုယ်တွေ့ တွေကို
အချင်းချင်းပြောဖို့ တောင်းဆိုကြပါတယ်။
ဒီနေရာမှာလဲ သေနက အမတ်ကစပြီး သူရဲ့ကိုယ်တွေ့ကို အရင်ဆုံးပြောပြပါတယ်။
သေနက။
။ အချင်းအမတ်တို့၊ ကျွန်ုပ်လျှို့ဝှက်ထားတဲ့ ကိစ္စကို မင်းကြီးသိရင်
အသက်ရှင်ခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒီမြို့မှာ ပြည့်တန်ဆာမ
တစ်ယောက်ရှိခဲ့ဘူးပါတယ်။ အခုအဲဒီပြည့်တန်ဆာမကို
အချင်းအမတ်တို့မြင်တော့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ် သူ့ကို
အင်ကြင်းဥယျာဉ်တောမှာခေါ်ပြီး ယောက်ျားတို့ကိစ္စကို ပြုခဲ့ပါတယ်။ ဒါတင်မကပဲ
သူ့ကိုယ်ပေါ်မှာရှိတဲ့ လက်ဝတ်တန်ဆာတွေကိုလိုချင်တာနဲ့
ပြည့်တန်ဆာမကိုသတ်ပြီး သူ့ရဲ့လက်ဝတ်တန်ဆာတွေကို
ကျွန်ုပ်အိမ်ရဲ့ဆင်စွယ်ကောက်ထဲမှာ ထည့်ထားပါတယ်။ ဒီအမူကို ကျွန်ုပ်မိတ်ဆွေ
တစ်ယောက်သာသိပါတယ်။ မိတ်ဆွေကလဲ လျှို့ဝှက်ပေးထားတာ ဒီနေ့အထိပါပဲ။
ဒါကြောင့် ကျွန်ုပ်အဆွေခင်ပွန်း မိတ်ဆွေကို ပြောသင့်တယ် လို့ပြောခဲ့တာပါ။
ပက္ကုသ။
။ ကျွန်ုပ်ရဲ့လျှို့ဝှက်ထားတဲ့ အမူကတော့ တစ်ခြားမဟုတ်ပါဘူး။
ကျွန်ုပ်ပေါင်မှာ ကူဠနူနာရှိပါတယ်။ ဒါကို ကျွန်ုပ်ရဲ့ညီပဲသိတာပါ။ ညီက
မနက်စောစောထပြီး သူတစ်ပါးမသိစေရဘဲ အနာကို ဖန်ရည်ဆေးပေး ဆေးလိမ်းပေးပြီး
အနာဝကို ပုဆိုးကြမ်းနဲ့ ရစ်ဖုံးပေးပါတယ်။ ဒါက နေ့စဉ်ပြုနေကျပါ။
နန်းတော်ရောက်တဲ့အခါ သင်တို့မြင်တဲ့အတိုင်းပါပဲ။ မင်းကြီးက
များသောအားဖြင့် ကျွန်ုပ်ပေါင်ပေါ်မှာသာ ဦးခေါင်းတင်ပြီး
စက်တော်ခေါ်နေကျပါ။ တကယ်လို့ ကျွန်ုပ်ပေါင်ပေါ်မှာသာ ကူဠနူနာရှိမှန်းသာသိရင်
မိတ်ဆွေအမတ်တို့ တွေးသာကြည့်ပေတော့။ နူနာရှိတဲံ့ အကြောင်းကို ကျွန်ုပ်ညီ
တစ်ယောက်သာသိပါတယ်။ ညီကလဲ ကောင်းစွာလျှို့ဝှက်ပေးထားပါတယ်။ ဒါကြောင့်
ကျွန်ုပ်က ညီကိုပြောသင့်တယ်လို့ ပြောခဲ့တာပါ။
ကာမိန္ဒ။
။ ကျွန်ုပ်မှာ လကွယ်နေ့ ဥပုသ်နေ့တိုင်း တစ်လတစ်ကြိမ်လောက် နရဒေ၀မည်တဲ့
ဘီလူးဖမ်းပါတယ်။ အဲဒီလိုဘီလူးဖမ်းပြီဆိုရင် ကျွန်ုပ်မှာ
တစ်နေရာတည်းမနေနိုင်တော့ဘဲ ခွေးရူလို ဟိုပြေးဒီလွှားနဲ့ အော်ဟစ်နေရပါတယ်။
ဒီရောဂါအကြောင်းကိုသိထားတဲ့ကျွန်ုပ်သားက ရောဂါဖြစ်တဲ့ နေ့ဆိုရင်
ကျွန်ုပ်ကို အိမ်းခန်းထဲထည့်ပြီး သော့ပိတ်ထားပေးပါတယ်။
တစ်ပါးသူတွေမကြားရအောင်ဆိုပြီး အပြင်မှာလဲ အတီးအမှုတ်တွေ တူရိယာ သံတွေ
ပြုလုပ်ပေးထားပါတယ်။ ဒါကို ကျွန်ုပ်သားက လျှို့ဝှက်ပေးထားပါတယ်။ ဒါကြောင့်
သားကိုပြောသင့်တယ်လို့ ပြောခဲ့တာပါ။
ဒေ၀ိန္ဒ။
။ ကျွန်ုပ်ကတော့ မင်းကြီးဆီမှာရှိတဲ့ ပတ္တမြားကို ခိုးထားမိပါတယ်။
ဒီပတ္တမြားက ဘုန်းကျက်သရနဲ့ စည်းစိမ်းကိုဖြစ်စေတယ်လို့ အဆိုရှိပါတယ်။
ကျွန်ုပ် ပတ္တမြားကို ဆောင်ပြီး မင်းကြီးထံခစားစေပါတယ်။ မင်းကြီးလဲ
သင်အမတ်တို့ကိုမခေါ်မီ ကျွန်ုပ်ကိုသာ ဦးစွာခေါ်လေ့ရှိပါတယ်။ ဒါကို
ကျွန်ုပ်မိခင်တစ်ယောက်သာ သိပါတယ်။ မိခင်ကလဲ လျှို့ဝှက်ပေးထားပါတယ်။
ဒါကြောင့် မိခင်ကို ပြောသင့်တယ်လို့ ပြောခဲ့တာပါ။
အမတ်လေးယောက်ရဲ့
လျှို့ဝှက်စကားတွေကို ခုံအောက်မှာရှိနေတဲ့မဟောသဓက မှတ်ထားလိုက်ပါတယ်။
ပြီးတော့မှ အိမ်ကိုပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီး
ညဥ့်နက်သန်းခေါင်အရောက်မှာ မင်းကြီးရဲ့မိဖုရားဆီက လျှို့ဝှက်အကြောင်းကြာစာ
ရောက်လာပါတယ်။ စာပါအကြောင်း အရာကတော့ မနက်ဖြန်မနက် နန်းတော်ဝင်တဲ့အခါ
နန်းတော်တံခါးဝကစောင့်ပြီး မဟောသဓကိုလုပ်ကြံကွပ်မျက်ဖို့ မင်းကြီးက
လက်စွဲတော် သန်လျက်ကို အမတ်လေးယောက်တို့အား ပေးလိုက်ကြောင်း၊ နက်ဖြန်မနက်
နန်းတော်သို့မ၀င်စေလိုကြောင်း၊ ဒီစကားတွေကို မင်းကြီးစက်တော် မခေါ်ခင်
ပြောပြလို့သိရကြောင်းပါ။
လျှို့ဝှက်စာရတော့
မဟောသဓလည်း နန်းတော်ကို ပုံမှန်သွားချိန်အတိုင်းမသွားတော့ပဲ
အတော်နောက်ကျမှ သွားပါတယ်။ သေနကတို့အဖွဲ့လဲ အချိန်တော်တော်ကြာအောင်
စောင့်နေပေမယ့် မဟောသဓ မလာတော့တဲ့အဆုံး မင်းကြီးဆီခစားဖို့ ၀င်သွားပါတယ်။
ဒီတော့မှ မဟောသဓက နန်းတော်ကိုဝင်ပါတယ်။
နန်းတော်ရောက်တော့
မင်းကြီးက မဟောသဓဘာကြောင့် နောက်ကျသလဲ လို့မသိချင်ယောင်ဆောင်ပြီး
မေးပါတယ်။ ဒီအခါမှာ မဟောသဓက ကျွန်တော်မျိုးကို လုပ်ကြံဖို့ သေနကအမတ်တို့
သန်လျက်ကိုင်ပြီး နန်းတော်တံခါးဝက စောင့်နေလို့ပါ။ လို့ပြန်လျှောက်ပါတယ်။
မင်းကြီးလဲ အတော်အံ့သြသွားပါတယ်။ ဒီလျှို့ဝှက်စကားဘယ်ကရသလဲ လို့
ပြန်မေးတော့ အရှင်မင်းကြီးက လျှို့ဝှက်အပ်တဲံ့စကားကို
မယားကိုပြောသင့်တယ်လို့ အမိန့်ရှိဖူးပါတယ်။ ညက မင်းကြီးက
လျှို့ဝှက်ထားရမဲ့စကားကို မိဖုရားကြီးက ပြောပါတယ်။ မိဖုရားကြီးဆီက တစ်ဆင့်
ကျွန်တော်မျိုးကြားသိရခြင်းပါလို့ ပြန်လျှောက်ပါတယ်။
နောက်သေနကအမတ်ရဲ့
လျှို့ဝှက်အမူဖြစ်တဲ့ ပြည့်တန်ဆာမကိုသတ်ပြီး လက်ဝတ်တန်ဆာတွေကို ယူထားတဲ့
အကြောင်းလျှောက်ပါတယ်။ မင်းကြီးက သေနက အမတ်ကိုမှန်ရဲ့လားလို့မေးတဲ့အခါ
သေနကအမတ်လဲ မထိမ်ဝှက်ဝံ့ တော့ဘဲ မှန်တဲ့အကြောင်းဝန်ခံရပါတော့တယ်။ ဒီအခါမှာ
မင်းကြီးက သေနကအမတ်ကို နှောင်အိမ်ထဲသွင်း တစ်ခါတည်း အမိန့်ချလိုက်ပါတယ်။
ကျန်အမတ်သုံးယောက်ရဲ့
လျှိုဝှက်အမူတွေကိုဖော်ထုတ်လိုက်တဲ့အခါမှာလည်း မင်းကြီးက တစ်ခါတည်း
နှောင်အိမ်ထဲ သွင်းခိုင်းလိုက်ပါတယ်။ အဲဒီတော့မှ မဟောသဓက
အောက်ပါအတိုင်းလျှောက်ပါတယ်။
“အရှင်မင်းကြီး
အရှင်မင်းကြီးက လျှို့ဝှက်ထားရမယ့်စကားကို မိဖုရားကြီးကိုပြောပါတယ်။
အမတ်လေးယောက်ကလဲ လျှို့ဝှက်ထားရမယ့် ကိုယ်ရေး ကိုယ်တာတွေကို
အချင်းချင်းပြောမိကြပါတယ်။ နောက်ဆုံးတော့ အားလုံးပျက်စီးခြင်းသို့
ရောက်ရပါတယ်။ အရှင်မင်းကြီး တစ်ကယ်တော့ လျှို့ဝှက် ထားရမယ့်စကားကို
လျှို့ဝှက်ထားတာ အကောင်းဆုံးပါပဲ။”
လောကမှာ
သက်တမ်းအလျောက် အသက်ရှင်ခွင့်ရနေကြဦးမယ်ဆိုရင်
လျှို့ဝှက်တဲ့အပြုအမူတွေနဲ့ အခါအခွင့်သင့်သလို တွေ့ကြုံနေကြ ရဦးမှာပါ။
အဲဒီလိုတွေ့ကြုံတဲ့အခါမျိုးမှာ မဟောသဓရဲ့စကားကိုသာ အာရုံပြုခဲ့မိမယ်
ဆိုရင်…………။
ဆရာတော်ရဝေနွယ် (အင်းမ)
ကျမ်းကိုး
-မဟောသဓဇာတ်(မင်းပူးဦးသြဘာသ)
No comments:
Post a Comment