အွန်လိုင်းကနေ
အစ်ကိုတစ်ယောက်နဲ့တွေ့ပြီး စကားစပ်မိလို့ ပြောမိတာလေးတွေ ပြန်ပြောချင်မိပါတယ်။
သူ့အကြောင်း ကိုယ့်အကြောင်းလေး အနည်းငယ်ပြောမိပြီး သူလုပ်နေတဲ့ အလုပ်လေးတွေနဲ့
ပတ်သက်လို့ သူကပြောပြပါတယ်။ သူပြောတဲ့ စကားလေး အတိုင်းပါပဲ..
သူအခု နိုင်ငံရပ်ခြားမှာ
အလုပ်လုပ်နေတယ်ပေါ့.. သူနိုင်ငံရပ်ခြားမသွားခင်.. မြန်မာနိုင်ငံမှာ
ဗုဒ္ဓဘာသာကလေးသူငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ခဲ့တာ ငါးနှစ်တောင်
ရှိသွားပြီး.. သူနဲ့အတူ ဆရာတော်တစ်ပါးနဲ့ သင်တန်းဆရာမနှစ်ဦးက ဦးဆောင်ပြီး
ဖွင့်လှစ်ပေးခဲ့တာပါ။ အသိပညာဗဟုသုတ နည်းပါးပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့ အလှမ်းဝေးနေတဲ့
ကလေးသူငယ်တွေကို ဗုဒ္ဓရဲ့အဆုံးမတွေ ရင်ထဲရောက်ရှိစေရေး၊ ဘာသာတရားကို
တန်ဖိုးထားတတ်စေရေးနဲ့ ကလေးသူငယ်တွေ ယဉ်ကျေးလာစေပြီး အသိဥာဏ်အလိမ္မာ
တိုးလာစေရေးတို့အတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့တာပါ။ ဘာရံပုံငွေမှလည်းမရှိ
ဘယ်သူမှလည်း ထောက်ပံ့မှုမရှိဘဲ ကိုယ်ရဲ့တတ်စွမ်းတဲ့ဘက်ကနေ ကလေးသူငယ်တွေကို
အခမဲ့သင်ကြားပေးပြီး အသိပညာတွေ တိုးတက်လာအောင်.. သင်တန်းမတက်ချင်တဲ့
အသိဥာဏ်နုနယ်တဲ့ ကလေးသူငယ်တွေကို.. အစားလည်းကျွေး.. သင်တန်းမှာဆုရတဲ့ကလေးတွေကို
ဆုလည်းချပေးပြီး သင်တန်း တက်ချင်စိတ်တွေ ဖြစ်လာအောင် အဖက်ဖက်မှ ကြိုးစားပြီး
ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီလိုမျိုးလေးတွေနဲ့ စည်းရုံးပြီး သင်တန်းကို ရေရှည်တည်တံ့အောင်
စွမ်းဆောင်ခဲ့တာ.. ယခုဆို သင်တန်းမှာ ဗုဒ္ဓဘာသာကလေးသူငယ်တွေ (၁၀၀)တောင်
ကျော်သွားပြီလို့ ဆိုပါတယ်။
အင်မတန်မှ
ရင်ထဲမှာ ၀မ်းသာပီတိဖြစ်မိပါတယ်။ အမိမြေရဲ့အဝေးတစ်နေရာမှာ ရောက်နေပေမယ့်..
ကိုယ့်ရဲ့တတ်စွမ်းတဲ့ စွမ်းအားတွေနဲ့ အနာဂါတ်လူငယ်တွေကို ပံ့ပိုးပေးနေတဲ့
အစ်ကိုတစ်ယောက်ရဲ့စိတ်ရင်းကို မချီးကျူးပဲ မနေနိုင်ပါဘူး။
သူ့ရဲ့ရင်ထဲကစေတနာတွေကိုလည်း ကြည်ညိုလေးစားမိပြန်ပါတယ်။ သြော်.. လူသာငယ်တာ..
အတွေးတွေ မငယ်တော့ဘူး..။ လူကသာ အမိမြေရဲ့အဝေးမှာရှိနေတာ.. ရင်ထဲမှာတော့
အမိမြေမှာရှိနေတဲ့ ဗုဒ္ဓဘာသာကလေးသူငယ်တွေ အပေါ်မှာ ထားရှိတဲ့
အစ်ကို့ရဲ့မေတ္တာတရားကတော့ အစဉ်နီးစပ်နေတာပါပဲ…။ ပင်ပင်ပန်းပန်းနဲ့
ကြိုးစားရှာဖွေထားတဲ့ ကိုယ့်လုပ်အားကရရှိတဲ့ငွေလေးနဲ့ တစ်ဖက်တစ်လမ်းကနေ
အနာဂါတ်မျိုးဆက်သစ်တွေအတွက် ထောက်ပံ့ပေးနေတာဟာ အင်မတန် မွန်မြတ်လှပါပေတယ်..။
ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ အလှမ်းဝေးနေပြီး ဘာသာရေးအသိနည်းပါးတဲ့ ကလေးသူငယ်
အယောက်(၁၀၀)ကို ဘုရားရှင်ရဲ့အဆုံးမတွေကို တန်ဖိုးထားတတ်လာအောင်..
လိမ္မာယဉ်ကျေးလာအောင် လုပ်ဆောင်ပေးလိုက်တာဟာ ဘုရားအဆူ(၁၀၀) တည်ပေးလိုက်တာထက်တောင်
သာလွန်ပါသေးတယ်..။ အပြင်မှာတည်ထားတဲ့ စေတီဘုရားတွေကမှ လေဒဏ် မိုးဒဏ်
ရာသီဥတုဒဏ်တွေနဲ့ အဖျက်အဆီး အမျိုးမျိုးကြောင့် ပျက်စီးနိုင်ပေမယ့်..
ကလေးသူငယ်တွေရဲ့ရင်ထဲမှာ ထည့်ပေးလိုက်တဲ့ ဗုဒ္ဓရဲ့အဆုံးမတွေကတော့.. သူတို့တွေ
သေဆုံးသွားတဲ့အထိ.. သံသရာအထိ တည်မြဲသွားမယ်ဆိုတာ မလွဲနိုင်ပါဘူး..။
အစ်ကိုထပ်ပြောတဲ့
စကားလေး မှတ်သားမိပါသေးတယ်.. “ကလေးကောင်းမှ
လူကြီးကောင်းမှာပါ” ဆိုတဲ့ စကားလေးပါ။ အင်မတန် မှတ်သားသင့်တဲ့
စကားလေးပါပဲ.. အစ်ကိုရေ။ တကယ်ပါ..။ မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒအတိုင်းဆိုရင်တော့.. “ရှေ့ဆောင်နွားလား၊ အဖြောင့်သွားမှ၊
နောက်နွားတစ် သိုက်၊ အဖြောင့်လိုက်၏” ဆိုတဲ့အတိုင်းပါပဲ..။ ဗုဒ္ဓရဲ့သာသနာမှာ..
ဘုရားရှင်ရဲ့ အဆုံးမတွေကို ခံယူကျင့်သုံး နေတဲ့ ဘုရားတပည့်သားသံဃာတော်တွေ
လိုအပ်သလို.. ဗုဒ္ဓရဲ့အဆုံးမတွေကို သက်ဝင်ယုံကြည်ပြီး သာသနာကို
ထောက်ပံ့ကြည်ညိုကိုးကွယ်တတ်တဲ့ လူပုဂ္ဂိုလ်တွေလည်း များစွာလိုအပ်တယ် ဆိုတာလေးကို
သိစေချင်တာပါ။ သာသနာကို ထောက်ပံ့ကြည်ညိုတတ်တဲ့ လူပုဂ္ဂိုလ်တွေ နည်းသထက်
နည်းလာမယ်ဆိုရင် သာသနာဟာလည်း အနှေးနဲ့အမြန် ကွယ်ပျောက်ရမှာပါ။
ဗုဒ္ဓရဲ့သာသနာထွန်းတောက်ဖို့ဆိုရင်.. ဆရာနဲ့ဒကာညီမျှပြီး သာသနာကို
အကျိုးပြုနိုင်ဖို့ဟာ အရေးကြီးဆုံးပါပဲ။ ဒါမို့လို့လည်း အစ်ကိုပြောလိုက်တဲ့
ကလေးကောင်းမှ လူကြီးကောင်းမယ်ဆိုတဲ့ စကားလေးကို တန်ဖိုးရှိလှပါတယ်လို့
ပြောလိုက်တာပါ။ “ယခုလူငယ် နောင်ဝယ်လူကြီး” တဲ့..
ဒီကလေးသူငယ်လေးတွေ ငယ်စဉ်ကတည်းက သာသနာ့တန်ဖိုး သိလာမယ်ဆိုရင်..
သူတို့တစ်တွေကြီးရင့်လာတဲ့အချိန်ခါ သာသနာအပေါ်မှာ ပိုပြီးတန်ဖိုးထားတတ်လာရင်..
ဗုဒ္ဓရဲ့သာသနာဟာ နေရောင်လရောင်အလား ထွန်းတောက် လာလိမ့်မယ်ဆိုတာ မလွဲပြန်ပါဘူး..။
ကလေးလေးပဲ ဘာမှမသိသေးပါဘူး.. ဘာမှအရေးမကြီးပါဘူးဆိုပြီး
ဒီအတိုင်းပစ်ထားလိုက်မယ်ဆိုရင်တော့.. ဘာသာရေးအခြေခံ မရှိတဲ့.. ဘာသာရေးအသိမရှိတဲ့
သားဟာ ကျားဖြစ်လာနိုင်သလို.. သမီးဟာလည်း မီးဖြစ်လာနိုင်ပါတယ်..။
ဘာသာခြားဖြစ်သွားဖို့ ဆိုတာလည်း အင်မတန် လွယ်ကူသွားသလို.. သာသနာ့တန်ဖိုးကိုသိပြီး
တန်ဖိုးထားဖို့ဆိုတာလည်း ခေါင်းထဲမှာ မရှိနိုင်ပါဘူး။ သူ့အတွက်
တစ်ခုခုအကျိုးရှိမယ်ဆိုရင် ကိုယ့်ရဲ့သာသနာကို ခြေစုံကန်ပြီး ထွက်ခွာသွားမှာပါ..။
တန်ဖိုးရှိမှန်း နားမလည်တော့ တန်ဖိုးမသိပေဘူးပေါ့..။ ဒီတော့ တန်ဖိုးသိဖို့အတွက်ဆိုရင် ဘယ်သူတွေ တာဝန်အရှိဆုံးလဲ..။
ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်..။ ဒါဟာ တကယ်တော့.. တာဝန်တစ်ရပ်အနေနဲ့
ခံယူထားသင့်တဲ့ အရာမဟုတ်ပါဘူး.. ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ရင်ထဲနှလုံးသားထဲမှာ
ခံယူထားရမယ့်.. ရှိထားသင့်တဲ့ သိထားရမယ့် အသိတရားတွေပါ။ မိမိကိုယ်တိုင်
ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုသိရှိပြီး ကိုယ်တိုင်ခံယူကျင့်သုံးနေသလို.. အနာဂါတ်လူငယ်
မျိုးဆက်သစ်တွေကိုလည်း သိရှိလာနိုင်အောင်.. လိုက်နာကျင့်ကြံတတ်လာအောင်
လုပ်ဆောင်ပေးဖို့ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။
အဓိကအနေနဲ့ကတော့
ဗုဒ္ဓဘာသာဝင် မိဘတိုင်းမှာ တာဝန်ရှိပါတယ်။
“လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ” တဲ့..။ ဒီတော့..
လက်ဦးဆရာဖြစ်တဲ့ မိနဲ့ဖဟာ အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ရပ်မှာ ပါဝင်ပါတယ်။ ခုတော့ဖြင့်..
မိဘတွေက ကိုယ့်သားသမီးလေး ဘုရားကို ဦးချနေတာနဲ့တင် ဟုတ်လှပြီလို့
ထင်နေကြပါတယ်။ ငယ်စဉ်ကလေးဘ၀ကထဲကမှ ဘာသာရေးအသိဖြစ်တဲ့ ဘုရားအဆုံးမတွေ ထည့်ပေးမထားတော့..
ဘာသာခြားနဲ့ ကောက်ယူသွားခါကျမှ အမွေဖြတ်ရ.. သားသမီးအဖြစ် စွန့်ပြစ်ရနဲ့.. အင်မတန်
အရုပ်ဆိုးအကျဉ်းတန်စေပါတယ်။ ကိုယ့်သားသမီး ဘာသာခြားလက်ထဲမှာ
ဘယ်လိုဖြစ်နေမလဲဆိုတာကို အလေးမထားမိဘဲ လုပ်ချင်ရာ လုပ်ပစ်ကြပါတယ်။
ဒီဆုံးရှုံးမှုဟာ ဗုဒ္ဓဘာသာမျိုးဆက်ဖြစ်တဲ့ ဗုဒ္ဓဘာသာမိန်းကလေးလည်း ဆုံးရှုံးသလို..
သူနဲ့ရရှိမွေးဖွားလာတဲ့ မျိုးဆက်သစ်တွေပါ ဘာသာခြားအဖြစ်
အကုန်ကူးပြောင်းသွားရတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာမျိုးဆက်ပါ ဆုံးရှုံးစေပါတယ်။
တကယ်တော့ မိဘတွေအတွက်လည်း အမျိုးကောင်း သားသမီးတစ်ယောက် နစ်နာသလို..
သာသနာအတွက်လည်း ဥပသကာကောင်းတစ်ယောက် ဆုံးရှုံးရတာပါပဲ။ ဒါမို့လို့ ဗုဒ္ဓဘာသာဝင်
မိဘတိုင်းဟာ.. ကိုယ့်ရဲ့သားသမီးတွေကို သာသနာ့တန်ဖိုးသိရှိအောင် သွန်သင်ပေးဖို့
တာဝန်ရှိတယ်လို့ ပြောလိုတာပါ။
ကျွန်တော့အဖေ
ကျွန်တော့်ကိုအမြဲဆုံးမတဲ့ စကားလေးတစ်ခွန်းရှိပါတယ်..
“သားရေ.. အဖေကတော့မင်းကို အပြစ်မလုပ်ခင် အပြစ်မလွန်မိခင်မှာပဲ
လမ်းမှားမရောက်ရအောင် ပြောဆိုဆုံးမပြီး တားမြစ်တတ်တယ်.. ဖြစ်ပြီးမှတော့
ဘာတစ်ခွန်းမှ ပြောလိမ့်မယ် မထင်နဲ့” ဆိုတဲ့ ဆုံးမစကားလေးပါ။ အဖေပြောတဲ့
စကားလေးဟာ အမှားတစ်ခုခု လုပ်မိတော့မယ်ဆိုရင်တောင် ခေါင်းထဲမှာ
အလိုလိုပေါ်လာတတ်ပါတယ်..။ ဒီလိုပါပဲနော်.. အုပ်ထိန်းသူ မိဘတွေအနေနဲ့
ကိုယ့်ရဲ့သားသမီးကို လမ်းမှားမရောက်ခင်မှာ တားမိဖို့.. လမ်းမှန်မှာ
လျှောက်လှမ်းတတ်စေဖို့ဆိုရင်.. ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ ထိန်းကွပ်ထားဖို့ဟာ
အရေးကြီးပါတယ်။ လူတစ်ယောက်ကို လမ်းမှားလျှောက်မိမှ မှားတယ်လို့ ပြောမယ့်အစား..
လမ်းမှားမလျှောက်ခင် လမ်းမှန်ကို ချပြပေးပြီး လျောက်တတ်ဖို့ သွင်သင်ပေးခြင်းဟာ
အဓိကကျပါတယ်။ ခုကျွန်တော်ပြောနေတဲ့စကားတွေဟာ.. တကယ်တော့ အထက်မှာ ဖော်ပြခဲ့တဲ့
အစ်ကိုတို့ လုပ်ဆောင်နေတဲ့.. လမ်းမှန်ကိုချပြပေးပြီး လမ်းမှန်ကိုလျှောက်တတ်အောင်
သင်ကြားပေးနေတဲ့ ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းတွေမှာ လျောက်လှမ်းခိုင်းဖို့ပါပဲ..။
ယခုအချိန်အခါမှာ
မိဘတွေက သားသမီးတွေကို ဘာသာရေးအသိတွေနဲ့ ထိတွေ့ပေးဖို့ဆိုတာ အချိန်မရှိသလောက်
ရှားပါတယ်။ ကိုရီးယားကားကြည့်ဖို့.. အပျော်ခရီးထွက်ဖို့.. မဟုတ်တဲ့ကိစ္စတွေနဲ့
အချိန်ဖြုန်းဖို့တော့ အချိန်ပေးတတ်ကြပါတယ်။ ကိုယ့်ရဲ့သားသမီးတွေကို
ဘာသာရေးနဲ့နီးစပ်အောင်.. ယဉ်ကျေးလိမ္မာ အသိတရားတွေ ထည့်ပေးဖို့တော့ မစဉ်းစားမိတတ်ကြပါဘူး။ ဒါတွေဟာ ကိုယ့်ရဲ့သားသမီးတွေကို လမ်းမှားမရောက်ရအောင်
တွန်းပို့နေတာနဲ့တူသလို.. သာသနာ့အကျိုး ကိုလည်း ဆုတ်ယုတ်စေအောင် မလုပ်ပေမယ့်
လုပ်နေသလို ဖြစ်နေပါတယ်။ အခုလို သာသနာကို တစ်ဖက်တစ်လမ်းက စောင့်ရှောက်ပေးနေတဲ့
ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းတွေ.. ဆရာတော်ဘုရားတွေ ဖွင့်လှစ်ပေးတဲ့ နွေရာသီအားလပ်ရက်
ဘာသာရေးအသိသင်တန်းတွေ၊ တနင်္ဂနွေနေ့ အားလပ်ရပ်တွေမှာ ဖွင့်လှစ်ပေးတဲ့
ဗုဒ္ဓဘာသာ(Sunday school)လိုမျိုး သင်တန်းတွေနဲ့ ထိတွေ့ပေးဖို့ကျတော့ ဘယ်သူမှ
သတိတရအနေနဲ့ အချိန်ပေးပြီး မလုပ်ပေးတတ်ကြပါဘူး။ ဖွင့်တဲ့သူတွေက
ဖွင့်ပေးတာတောင် မတက်နိုင်ကြဘူးဆိုတော့ ဘယ်သူတွေမှာ တာဝန်ရှိပြန်မှာလဲ။
လူငယ်တစ်ယောက်ကို လမ်းမှန်ပေါ်မှာ အတင်းလျောက်ခိုင်းစရာ မလိုပါဘူး..
လမ်းမှန်ပေါ်တင်ပေးပြီး လမ်းမှန်ဆိုတာကို နားလည်သဘောပေါက်စေဖို့ပဲ လိုပါတယ်။
ဒီလိုလမ်းမှန်ကို အမှန်တကယ်သိသွားရင်.. မလျှောက်ပါနဲ့ဆိုတာတောင်
သူကဆက်လျှောက်နေပါလိမ့်မယ်။ မိဘတွေအနေနဲ့လည်း လမ်းမှန်တွေပေါ်ကို တင်ပေးပါလို့
ပြောချင်မိပါတယ်..။ ဗုဒ္ဓဘာသာဝင်တိုင်း အနေနဲ့လည်း ကိုယ့်ရဲ့အနာဂါတ်
လူငယ်မျိုးဆက်သစ်တွေကို လမ်းမှန်ပေါ်ရောက်အောင် တင်ပေးပါလို့ ပြောလိုပါတယ်။
ဒီပိုစ့်လေးရေးမိတာဟာ
အွန်လိုင်းမှာတွေ့ခွင့်ရတဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ အစ်ကိုတစ်ယောက်
ကြောင့်ပါ။ သူလည်း ဒီလိုသင်တန်းမျိုးတွေကို ဒို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့
များများဖွင့်စေချင်ပြီး.. ဗုဒ္ဓဘာသာလူငယ်တွေ ဘာသာရေးအသိရှိစေဖို့ကို
ဆန္ဒပြုစေချင်တာပါ။ သူဖြစ်စေချင်တဲ့ဆန္ဒလေးဟာ အင်မတန် တန်ဖိုးရှိပါတယ်။ တခြားဘာသာကို
တိုက်ခိုက်ပုတ်ခတ်ဖို့ တစ်ခုမှမပါပါဘူး.. ကိုယ့်ဗုဒ္ဓဘာသာ လူငယ်တွေကိုပဲ
ဘာသာရေးအသိလေးတွေ ရင်ထဲနှလုံးသားထဲရောက်အောင် ထည့်ပေးစေချင်တဲ့ သဘော တရားလေးပါပဲ။
အင်မတန် တန်ဖိုးရှိပါပေတယ်.။ ဗုဒ္ဓရဲ့အဆုံးမတွေကို
ကျင့်ကြံလိုက်နာသူတွေ ရှိနေသ၍.. သာသနာမကွယ်ပျောက်နိုင်ပါဘူး။ ကလေးသူငယ်တွေကို
ဘာသာရေးအသိ ထည့်ပေးတဲ့သင်တန်းတွေဟာ.. တကယ်တော့ သာသနာကို
စောင့်ရှောက်နေတာနဲ့ထပ်တူပါပဲ။ ဒီလိုမျိုး လူငယ်တစ်ယောက်က ကလေး
အယောက်(၁၀၀)ကျော်ကို ဘာသာရေးအသိတွေ ပေးနိုင်မယ်ဆိုရင်.. ဒီလိုမျိုးလူငယ်မျိုးတွေ
နောက်ထပ် အယောက်(၁၀၀)လောက် ထပ်မံပေါ်ထွက်လာမယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲပေါ့နော်..။ ရင်ထဲမှာ တွေးရင်းတွေးရင်းနဲ့တောင်
ကြည်နူးနေမိပြန်ပါတယ်..။ ဗုဒ္ဓဘာသာဝင်တိုင်း ကိုယ်တတ်နိုင်တဲ့ဘက်..
ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အနာဂါတ်ဗုဒ္ဓဘာသာမျိုးဆက်တွေကို လမ်းမှန်ပေါ်တင်ပေးပါလို့
တိုက်တွန်း လိုပါတယ်..။ လမ်းမှန်ကို မိမိကိုယ်တိုင် မတွန်းပို့နိုင်သော်လည်း
တွန်းတင်ပိုးပေးနေတဲ့ သူတွေကို ထောက်ပံ့ အကျိုးပြုနိုင်ပါစေလို့လည်း ဆနပြုမိပါတယ်။
ဒါဟာ.. တကယ်တော့ အနာဂါတ်လူငယ်တွေရဲ့ရင်ထဲမှာ ဘုရားတည်ပေးလိုက်တာပါပဲ..။
လမ်းမှန်ကိုချပြပေးနိုင်တဲ့ တာဝန်မဟုတ်တဲ့အသိတွေ ဗုဒ္ဓဘာသာဝင်တိုင်းမှာ ရှိစေပြီး..
ဘုရားကိုယ်စီတည်ပေးနိုင်ကြပါစေ..။
No comments:
Post a Comment