ဘုရားရှင်တော်၊
မပွင့်ပေါ်က၊ သူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ထုတ်ဖော်မြွက်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊
သိကြရ၊ များလှအကျိုးတွေ ဆိုပြီး
တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာ ဘိဝံသ
ရေးသားဆုံးမထားသောကဗျာလေးကို ဗုဒ္ဓဘာသာဝင်တိုင်း သိရှိပေသည်။ ဆရာတော်ဘုရားကြီးသည်
ဘုရားရှင်၏ ဂုဏ်ကျေးဇူး ဘယ်လောက်ကြီးမားလဲဆိုတာကို ဖော်ကျူးရေးသားဆုံးမအပ်သော
ကဗျာလေးလဲ ဖြစ်ပေသည်။ အကယ်၍ မြတ်စွာဘုရားရှင်မပွင့်ပေါ်ခဲ့ပါက မိမိတို့တွင်
စိတ်ကောင်း စိတ်ထားများ ရှိနေငြားသော်လည်း ဤကား ကုသိုလ်၊ ဤကားအကုသိုလ်ဟု
လူသားများသိနိုင်ကြမှာ မဟုတ်ပေ။ ထိုထိုဘုံဘ၀တွေ၊ ထိုထိုတရားတွေသိခွင့်ရမှာမဟုတ်ပေ။
ယခုကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်လို့သာ၊ မြတ်စွာဘုရားရှင်
ဟောကြားထားသော တရားတွေကို နာကြားခွင့်ရလို့သာ ဤကားကုသိုလ်၊ အကုသိုလ်ဟု
သိနားလည်ရသောကြောင့် မြတ်စွာဘုရားရှင်၏ကျေးဇူးသည် မိမိတို့ ဗုဒ္ဓဘာသာဝင်တွေ
အနေဖြင့် ဗုဒ္ဓဂုဏော အနန္တော ပင်ဖြစ်ပေသည်။
လောက၌ မြတ်စွာဘုရားရှင်ပေါ်ထွန်းလာခြင်းသည် လောကရှိသတ္တ၀ါအားလုံး၏
လောကီ လောကုတ္တရာ အကျိုးစီးပွား၊ ပစ္စပ္ပုန် တမလွန် အကျိုးစီးပွား
တိုးတက်ကြီးပွားစေရန် ပဓာန အကြောင်းအရင်းပင်ဖြစ်ပေ၏။ ဤလောကအတွင်းရှိ သတ္တ၀ါအားလုံးသည် ဗုဒ္ဓမြတ်စွာတည်းဟူသော
ကလျာဏမိတ္တ မိတ်ဆွေကောင်းကို အမှီပြုကာ သုဂတိဘုံဖြစ်သော လူပြည်သို့လည်းကောင်း၊
နတ်ပြည်သို့လည်းကောင်း၊ ဗြဟ္မပြည်သို့လည်းကောင်း၊ ကိလေသာအပူဝေး၍ ငြိမ်းအေးရာအမှန်
သန္တိသုခနိဗ္ဗာန်မြတ်သို့လည်းကောင်း မျက်မှောက် ပြုနိုင်ကြပေသည်။
ဗုဒ္ဓဘာသာဝင်တိုင်း
လူအဖြစ်သို့ရောက်ရှိပုံ ခဲယဉ်းကြောင်းကို ယုံကြည်ကြပေသည်။ ယနေ့ မျက်မှောက်ခေတ် ကာလ
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်ထွန်းကားသောအချိန်တွင် လူဖြစ်လာရသည်မှာ
အလွန်ထူးကဲသော အခွင့်အရေးပင် ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာ၏ မှန်ကန်သောလမ်းညွှန်ချက်များ
တိကျစွာအပြည့်အစုံရှိနေသော ယခုခေတ်ကာလတွင် မိမိတို့သည် သဒ္ဓါတရားတည်းဟူသော
ယုံကြည်ချက်ပြင်းထန်ကာ ၀ီရိယနှင့် ကြိုးစားဖို့သာ လိုပေတော့သည်။
ဗုဒ္ဓမြတ်စွာသည်
လူ့ရွာ၊ နတ်ထံ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းများကို နည်းပေးလမ်းပြ
ဆုံးမသွန်သင်ပေးသူသာ ဖြစ်ပေသည်။ သတ္တ၀ါတွေအတွက် ကိုယ်စားကျင့်ပေးနိုင်သူ မဟုတ်ပေ။
သတ္တ၀ါအားလုံးသည် ကောင်းသောကံကို ဆောင်ရွက်ပါက ကောင်းကျိုးချမ်းသာကိုခံစားရမည်ဖြစ်ပေသည်။
မကောင်းသောကံကို ပြုလုပ်ပါက မကောင်းကျိုးကိုခံစား ရမည်မှာ မလွဲမသွေပင်ဖြစ်ပေသည်။
ဤသည်ကိုပင် သူ့သဘောသူဆောင်တတ်သောကြောင့် ဓမ္မဟု ခေါ်ဆိုအပ်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဟောပြောသင်ကြားဆုံးမပေးရုံသာ
လုပ်နိုင်ပြီး ကျင့်ရန်မှာ မိမိတို့၏တာဝန်ြဖစ်ကြောင်း(တုမှေဟိ ကိစ္စမာတပ္ပံ၊
အက္ခာတာရော တထာဂတာ)ဟု ဓမ္မပဒတွင် အတိအလင်းဟောတော်မူခဲ့ပြီးဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်တိုင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်သော
နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အလို့ငှာ ဒါန၊ သီလ၊ ဘာဝနာဟုဆိုအပ်သော
ကုသိုလ်စက်သုံးမျိုးကို ဖြည့်ဆည်းရပေမည်။
ဒါနဟူသော ကုသိုလ်တရားကို ရိက္ခာနှင့်တူသည်ဟုဆိုပေသည်။
ခရီးသွားကြတဲ့ပုဂ္ဂိုလ်များသည် မိမိတွင်ရှိသော ရိက္ခာပေါ်မူတည်၍ မိမိသွားလိုရာ
ပန်းတိုင်ရောက်ခြင်း၊ မရောက်ခြင်းကွဲပြား ခြားနားသွားကြပေသည်။ ရိက္ခာနည်းမူ၊
ရိက္ခာများမူ၊ ရိက္ခာမရှိမူဟု၍ သုံးမျိုးခွဲခြားထားပေသည်။ ရိက္ခာလုံးဝ မရှိသောသူ သည်
မိမိသွားလိုရာခရီးပန်းတိုင်အား အပြီးတိုင်မရောက်နိုင်သည်မှာ သိသာထင်ရှားလှပေသည်။
ရိက္ခာနည်းသောသူတို့သည် ခရီးဆုံးထိမရောက်ပဲ
တစ်ဝက်တစ်ပျက်နှင့်နောက်ဆုတ်ခဲ့ကြရပေသည်။ ရိက္ခာများစွာ ရှိသောသူအနေဖြင့် မိမိကိုယ်
တိုင်လဲ စားသုံးနိုင်၊ သူတစ်ပါးတွေကိုလဲ စားသုံးစေခြင်းဖြင့်
ခရီးဆုံးထိရောက်ရှိနိုင်ကြပေသည်။
ဘ၀သံသရာခရီးသွားကြသော
မိမိတို့အနေဖြင့် ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနတရားမရှိပါက ဘ၀သံသရာတွင်
ဆင်းရဲလှ၍ စားစရာမရှိသောကြောင့်လည်းကောင်း၊ ၀မ်းရေးကိုဦးစားပေး
ရှာဖွေနေရသောကြောင့်လည်းကောင်း မြတ်စွာ ဘုရားရှင် ဟောကြားထားသော တရားဓမ္မများကို
နားကြားရန်ပင် အချိန်မရဖြစ်တတ်ပြီး တရားအသိမရဘဲ အကုသိုလ်ဖြင့်သာ စားဝတ်နေရေးအတွက်
လုံးပန်းပန်းနေရပါလျှင် ဘ၀အဆုံး နိဗ္ဗာန်သို့ရောက်အောင် တရားသဖြင့်
မကျင့်ကြံနိုင်ဘဲ ဖြစ်နေတတ်ပေသည်။ ဒုတိယအချက်အနေဖြင့် ပေးကားပေး၏။ လှူလည်း လှူ၏။
သို့သော်ငြားလည်း ပါရမီမထိုက်သောဒါနများကြောင့် လူ့ဘ၀၊ နတ်ဘ၀စသော လမ်းခုလတ်
ကာမချမ်းသာဖြင့်သာ နိဗ္ဗာန်လမ်းဆုံး မရောက်ရှိနိုင်ဘဲ သံသရာတွင် တ၀ဲလည်လည်
ကြာရှည်ရပေသည်။ ဒါနအမှုဆည်းပူးခဲ့သော ပုဂ္ဂိုလ်များသည်
ဒါနအမှုနည်းခဲ့သူတို့ ဆင်းရဲဒုက္ခဖြင့် ပစ္စည်းဥစ္စာရှာနေရသောအချိန်တွင်
ချမ်းချမ်းသာသာဖြင့် ပါရမီမြောက်ဒါနအမှု ဆက်ကာပြုသွားနိုင်ပြီး
ခရီးအဆုံးနိဗ္ဗာန်သို့ အလျင်အမြန် ရောက်ရှိနိုင်ပေသည်။ ထို့ကြောင့် ဒါနနှင့်ပက်သက်၍
ရိက္ခာဟုဆိုအပ်ခြင်းဖြစ်ပေသည်။ မိမိတို့ သံသရာခရီးသွား ပုဂ္ဂိုလ်များသည်
လူ့ဘ၀ရရှိခိုက် အချိန်လေးတွင် ဒါနတည်းဟူသော မျိုးရိက္ခာကို ပေါများကြွယ်ဝအောင်
စုဆောင်းရပေမည်။ ဒါနဟူသည် မြတ်လှစွာသော သံသရာမှထွက်လမ်း
စင်စစ်လည်းဖြစ်သလို နိဗ္ဗာန်အတွက် ခရီးဖြောင့်တစ်ခုလည်း ဖြစ်ပေသည်။ ဒါနအား
သံသရာရှည်ကြောင်းဟု မှတ်သားထားသော အသိလွဲ၊ အမှတ်လွဲ၊ အမြင်လွဲများအား
ကင်းဝေးစေချင်ပါသည်။
သီလဟူသော ကုသိုလ်တရားကို လက်ခြေနှင့်တူသည်ဟု ဆိုပေသည်။ လောကတွင် လက်ခြေမပါသောပုဂ္ဂိုလ်သည် မိမိသွားလိုသောခရီးကို
သွားနိုင်မည်မဟုတ်သောကြောင့် လမ်းဆုံးကိုရောက်နိုင်မည်မဟုတ်သည်မှာ သိသာထင်ရှား
ပေသည်။ လက်ခြေပါရှိငြားသော်လည်း အားအင်နုံ့နဲ့ပြီး မသန်မာခဲ့လျှင် ခရီးတစ်ဝက်နှင့်ပင်
နောက်လှည့်ပြန်ရ၍ လမ်ဆုံးသို့မရောက်ရှိနိုင်ပေ။ လက်ခြေသန်စွမ်းသော
ပုဂ္ဂိုလ်များအနေဖြင့် လိုရာခရီး လမ်းဆုံးသို့ရောက်ရှိနိုင်ပေသည်။
ဘ၀သံသရာခရီးသွားကြသောပုဂ္ဂိုလ်များသည် သီလတည်းဟူသော လက်ခြေမပါလျှင်
ဘ၀ခရီးလမ်းဆုံးနိဗ္ဗာန်သို့မရောက် ရှိနိုင်ပေ။ သီလပါသော်လည်း အားနည်သေားပုဂ္ဂိုလ်တို့သည်
လမ်းတစ်ဝက်တွင်လှည့်ပြန်ရ၍ လိုရာနောက်ဆုံးပန်းတိုင် သို့မရောက်ရှိနိုင်ပေ။ ဘ၀သံသရာခရီးတွင် သီလအားကောင်းသောပုဂ္ဂိုလ်များသည်
သွားလိုရာခရီးအား အပြီးတိုင် သွားနိုင်ပြီး သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊
သြတ္တပ္ပ ဆိုသော သူတော်ကောင်းဥစ္စာ (၇)ပါးအားပိုင်ဆိုင်ကာ နိဗ္ဗာန်သို့အရောက်
သွားနိုင်ပေ၏။
သီလတရားမရှိသောပုဂ္ဂိုလ်သည် အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊
ဒုဂ္ဂတိဘေးဆိုသော ဘေးလေးမျိုးအား တွေ့ရပေသည်။
အတ္တာနုဝါဒဘေးဆိုသည်မှာ သူတစ်ပါး အသက်အားသတ်ထား၍ ငါ့လက်ဟာ သွေးစွန်းနေသောလက်၊
မသန့်ရှင်းသောလက်ဟု မိမိကိုယ်ကို ကဲရဲ့ရှုတ်ချခြင်းဖြစ်ပေသည်။ ပရာနုဝါဒဘေးဆိုသည်မှာ
သီလမလုံ၍ ထိုပုဂ္ဂိုလ်အား သူတစ်ပါးက စွပ်စွဲကဲ့ရဲ့ခံရခြင်းကို ဆိုလိုပေသည်။
ဒဏ္ဍဘေးဆိုသည်မှာ မျက်မြင်ဒိဋ္ဌအနေဖြင့် မင်းပြစ်မင်းဒဏ်သင့်၍
အချုပ်အနှောင် ထောင်သွင်းအကျဉ်းကျခံရခြင်းကိုဆိုလိုပေသည်။ ဒုဂ္ဂတိဘေးဆိုသည်မှာ
တမလွန်ဘ၀ နောက် နှောင်းကာလတွင် အပါယ်ငရဲသို့ ကျရောက်ခံရခြင်းကိုဆိုလိုပေသည်။
သီလတရားမရှိသောသူတို့သည် ထိုဘေးလေးမျိုးမှ ရှောင်ကွင်း၍ မရနိုင်ပေ။ သီလဆိုသည်မှာ ကုသိုလ်တရားတွေရဲ့တည်ရာမှီရာလည်းဖြစ်ပေသည်။
သီလတရားပြည့်စုံမှသာ ကောင်းမူကုသိုလ်တရားတွေလည်း ဖြစ်ပေမည်။
ဘာဝနာတရားကုသိုလ်ကို မျက်စိနှင့်တူသည်ဟု ဆိုပေသည်။ လောကတွင် အမေ့ဝမ်းတွင်ရှိနေစဉ်အချိန်ကာလ သော်လည်းကောင်း၊
မွေးလာပြီးနောက် အကြောင်းတစ်စုံတစ်တရာ ကြောင့်သော်လည်းကောင်း၊ မျက်စိကန်းနေသော
ပုဂ္ဂိုလ်သည် မိမိဘယ်သို့ သွားလာရမှန်းမသိ စမ်းတ၀ါးဝါးဖြင့် ခရီးဆုံးထိအောင်မရောက်နိုင်ဘဲရှိပေမည်။
မျက်စိမပါရှိ သောကြောင့် ဘေးအန္တရာယ်ကိုလဲ မကာကွယ်နိုင်ပါ။ ဘာဝနာတည်းဟူသော
မျက်စိမရှိလျှင် ဒုက္ခများစွာဖြင့် ရင်ဆိုင်ရ၍ ခရီးဆုံးထိ မရောက်သည်မှာ သေချာပေသည်။
ဒုတိယအချက်အနေဖြင့် မျက်စိပါသော်ငြားလည်း မှုန်ဝါးဝါးဖြစ်နေသောကြောင့်
မိမိသွားလိုရာခရီးကို မရောက်နိုင်ပေ။ မျက်စိမကြည်လင်သော ပုဂ္ဂိုလ်အတွက်
တန်ဖိုးရှိလှသော သူတော်ကောင်းဥစ္စာ များဖြစ်ကြာသော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊
သြတ္တပ္ပဟူသော အဖိုးတန်ရတနာများ ရှိသော်ငြားလည်း ကောင်းစွာမမြင်နိုင်သောကြောင့်
တန်ဆာဆင် သုံးဆောင်နိုင်ခြင်း မဖြစ်နိုင်သည်မှာ ထင်ရှားပေသည်။ ထို့အတူ
ဝိပဿနာတည်းဟူသော ဘာဝနာတရားအားထုတ်မူမရှိသောပုဂ္ဂိုလ်သည် မျက်စိမမြင်သော၊
မျက်စိမှုန်သော ပုဂ္ဂိုလ်များအတိုင်းပင် ဖြစ်ပေသည်။
မျက်စိအားကောင်းသောပုဂ္ဂိုလ်များအနေဖြင့်
ခရီးသွားရာတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူသော အရပ်လေးပါး အား
ပိုင်းခြားစွာသိသလို မိမိသွားရမည့်ခရီးပန်းတိုင်ကိုလည်း
ခရီးအဆုံးထိရောက်နိုင်ပေသည်။ မျက်စိအားကောင်းသော ပုဂ္ဂိုလ်တို့သည်
ဘေးအန္တရာယ်ကိုလည်း ကာကွယ်နိုင်ခြင်း၊ ရှောင်ရှားနိုင်ခြင်းရှိပေသည်။
သူတော်ကောင်းရတနာများ ကိုလည်း စိတ်ရှိသလို ယူဆောင်သွားနိုင်၍ မိမိသွားမည့်
ခရီးးအဆုံးကိုလည်း ရောက်ရှိနိုင်ပေသည်။ ထို့ကြောင့် ပိပဿနာ တည်းဟူသော
ဘာဝနာမျက်စိအားကောင်းမှသာ မိမိသွားရမည့် ခရီးအဆုံးကိုရောက်နိုင်ပေမည်။
မျက်စိနှင့်တူသော ဘာဝနာကုသိုလ်သည်လည်း မိမိတို့အနေဖြင့် ရရှိအောင် အားထုတ်ရပေမည်။
မျက်စိမပါပါက သံသရာခရီးတွင် လိုရာပန်းတိုင်သို့ရောက်ရှိနိုင်မည် မဟုတ်ပေ။
မိမိတို့သံသရာခရီးသွားသူများသည် ဒါနတည်းဟူသော ရိက္ခာ၊ သီလတည်းဟူသော
ခြေလက်၊ ဘာဝနာတည်းဟူသော မျက်စိ ကုသိုလ်စက်သုံးမျိုးလုံးလိုအပ်ပေသည်။ ဒါနတည်းဟူ
သောရိက္ခာမပါလျှင်လည်း မဖြစ်သလို သီလတည်းဟူသော လက်ခြေလည်း ရှိရပေမည်။ ထို့အတူ
ဘာဝနာတည်းဟူသော မျက်စိကိုလည်း ရရှိအောင် ပါအောင် ဖြည့်ကျင့်ရပေမည်။ မိမိ ရရှိထားသော တန်ဖိုးရှိလှသည့်အချိန်ကာလ ခဏတာလေးအတွင်း
ပိုင်ဆိုင်ထားသော လောကီဥစ္စာထဲမှ အနှစ်သာရ အဖြစ်တွေ့ရသည်မှာ
ဒါနတရားပင်ဖြစ်ပေသည်။ မိမိရရှိထားသော ခန္ဓာအတွင်းမှ အနှစ်သာရသည် ကိုယ်ကျင့်
တရားတည်းဟူသော သီလတရားပင်ဖြစ်ပေသည်။ ထို့အတူ ၀ိဉာဏ်(အသိ)ထဲတွင် အနှစ်ရှာဖွေပါက
တန်ဖိုးရှိသောအရာ မှာ ဘာဝနာကုသိုလ်ပင်ဖြစ်ပေသည်။
မနုဿတ္တဘာဝေါ
ဒုလ္လဘော ဟုဆိုအပ်သော အလွန်ပင်ရခဲလှသော လူ့ဘ၀ကို ရရှိနေကြသည့် အခိုက်အတန့်ကာလတွင်း
မိမိတို့အနေဖြင့် ဘ၀သံသရာခရီးတွင် အဆင်ပြေ ချောမောစွာဖြင့် သွားလာနိုင်ရန် ဒါန၊
သီလ၊ ဘာဝနာ တရားများအားအားထုတ်ရပေမည်။ မြတ်စွာဘုရားရှင် ပေါ်ထွန်း၍သာ
တရားတော်များအား သိခွင့်ရရှိသောကြောင့် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်မှာ
မိမိတို့အနေဖြင့် အနန္တပင်ဖြစ်ပေသည်။ ထိုဘုရားရှင်၏ဂုဏ်ကျေးဇူးတော်အနန္တအား
တရားဓမ္မအားထုတ်ခြင်းဖြင့်သာ ဆပ်နိုင်ကြပေမည်။ ဓမ္မော
ဟဝေ ရက္ခတိ ဓမ္မစာရီ- ဟုဆိုသည့်အတိုင်း တရားကိုစောင့်ရှောက်သောသူအား တရားက
ပြန်လည်စောင့်ရှောက်ပေလိမ့်သည်။ ဗုဒ္ဓဘာသာဝင်သူတောင်စင်များ အနေဖြင့်
ဒါနပန်း ၊သီလပန်း၊ ဘာဝနာပန်းဟု ဆိုအပ်သော ကုသိုလ်တရားပန်းများကို ပန်ဆင်၍ မအိုရာ၊
မနာရာ၊ မသေရာဖြစ်သော သေခြင်းကင်းရာ သန္တိသုခဟုဆိုအပ်သော နိဗ္ဗာန်ရွှေပြည်သို့
မျက်မှောက်ပြုနိုင်ရန် သတိတရားလက်ကိုင်ထား၍ ကြိုးစားအားထုတ်မှသာ သာသနာတော်နှင့်
ကြုံကြိုက်ခွင့်တန်ဖိုးကို ထိုက်တန်စွာ ရရှိမည်ဖြစ်ပေသည်။
ဝေနေယျသတ္တ၀ါအပေါင်း သာသနာနှင့်ဆုံခိုက် သာသနာ၏အနှစ်တရားများ
လက်ကိုင်ထားနိုင်ကြပါစေ။
ကိုညီ
No comments:
Post a Comment