ကရုဏာတရားသည်
စာနာထောက်ထားခြင်း၊ သနားငဲ့ညှာခြင်း၊ ကြီးနိုင်ငယ်ညှင်းမပြုခြင်းဟူ၍
နားလည်နိုင်ပါသည်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို နိုင့်ထက်စီးနင်းမပြုဘဲ
အကျိုးစီးပွါး ဖြစ်အောင် ကူညီစောင့်ရှောက်ပေးခြင်းတရားပင်ဖြစ်၏။
ခွန်အားဆိုရာ၌ ကာယ၊ ဉာဏ၊ ၀ီရိယ၊ ဘုန်းကံပါရမီများ အစရှိသည်ဖြင့် ကြီးသူ၊
ငယ်သူဟူ၍ ရှိပေသည်။
ကာယဗလကြီးသူတို့က
ကိုယ်ကာယနည်းသူတို့ကို နိုင်ထက်ကလူ ပြုတတ်ကြ၏။ ဉာဏ်ပညာ ကြီးသူတို့က
ဉာဏ်ပညာနည်းသူတို့ကို နှိမ်တတ်ကြ၏။ ဘုန်းကံကြီးသူတို့ကလည်း ဘုန်းကံ
နည်းသူတို့အပေါ် အထင်သေး အမြင်သေးဖြင့် ဆက်ဆံတတ်ကြပေသည်။
ထိုသို့ဖြစ်ခြင်းမှာ ကရုဏာဓာတ် နည်းပါးမှုကြောင့်ဖြစ်၏။
ကရုဏာဓာတ်ခေါင်းပါးသောအရပ်၌ ခွန်အား နည်းသူတို့အတွက် နေစရာလည်း,မရ၊
စားစရာလည်း,မ၀၊ ၀တ်စရာလည်း,မလှမပ ဖြစ်ကြရ ပေသည်။
ကျားက သမင်ကို စား၏။
ကျားကို မုဆိုးက မြှားဖြင့်ခွင်း၏။ ကရုဏာတရား ခေါင်းပါးမှု၏မြင်ကွင်း
အလွန်ပင် အရုပ်ဆိုးလှပေသည်။ ကရုဏာတရားခေါင်းပါး၍ အချင်းချင်း
ရက်စက်ကြမ်းကြုတ်နေသမျှ ရန်မီးမငြိမ်း ကိလေသာအပူမီးသာ ဖောင်းပွစေတော့၏။
သံသရာတစ်ဖက်ကမ်း ဘယ်ဆီတွင် လှမ်းမမြင်နိုင်တော့ပြီ။ သတ္တ၀ါတို့အား
ကရုဏာထားနိုင် ကြကုန်သော ရဟန္တာအရှင်မြတ်တို့ကား ဒုက္ခအပေါင်းမှကင်းလွတ်ရာ
နိဗ္ဗာန်သောင်ကမ်းသို့ လှမ်းကြွရောက်ရှိတော်မူကြကုန်ပြီ။
ထိုသို့ပင်
မကသေး၊ အခြားသော သတ္တ၀ါတို့ကိုလည်း သူတို့ကဲ့သို့ အမြိုက်ချမ်းသာ ခံစား
နိုင်အောင် လမ်းပြပေးတော်မူကြကုန်၏။ ဘုရားအလောင်းတော်ကြီး၏ ဘုရားဖြစ်ရန်
ဆုပန်ခဲ့ ခြင်းသည် အခြားသောသတ္တ၀ါတို့ကို သနားငဲ့ညှာတော်မူသော
ကရုဏာတရားကြောင့်ပင် ဖြစ်၏။ ငါကောင်းစားရေးကို ရှေ့တန်းမတင်၊
သူတစ်ပါးကောင်းစားရေးကိုသာ ရှေ့တန်းတင် တတ်သော
မြင့်မြတ်သည့်စိတ်ကြောင့်ဖြစ်၏။ ဘုရားဆုပန်သည့် သုမေဓာရှင်ရသေ့ဘ၀တွင်
အရဟတ္တမဂ်ဉာဏ်ရဖို့ ပါရမီရင့်ကျက်နေပြီဖြစ်သော်လည်း ငါတစ်ပါးတည်း
ကိုယ်လွတ်မရုန်း၊ သူတစ်ပါးတို့ကိုပါ လမ်းပြကယ်တင်တော်မူဦးမည်ဟု
ကြီးစွာသောကရုဏာတရား ဖြစ်တော်မူ သောကြောင့် သစ္စာလေးပါးမြတ်တရားအား
ထူးကဲစွာဟောကြားနိုင်သည့် သဗ္ဗညုတ ရွှေဉာဏ်တော်ရရှိရေးအတွက် လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလတ်ပတ်လုံး အပင်ပန်း အဆင်းရဲခံကာ အနစ်နာခံခဲ့တော်မူလေ၏။
တစ်ခုသောဘ၀တွင်
ဘုရားအလောင်းတော်ကြီးသည် သမင်တို့ကိုအုပ်စိုးသည့် ရွှေသမင်မင်း
ဖြစ်ခဲ့သောကာလ၌ သမင်အသားကို နှစ်သက်စွာစားသောက်တတ်သော ဘုရင်ကြီး၏
အမိန့်ကြောင့် သမင်အပေါင်း ခြံတစ်ဝန်းတည်းတွင် ချုပ်နှောင်ခံခဲ့ရလေသည်။
မင်းချင်းတို့က တစ်နေ့လျှင် သမင်တစ်ကောင်ကျ ဖမ်းဆီးသတ်ဖြတ်၍ ဘုရင်ထံ
သမင်ဟင်း ဆက်သကြရ ပေသည်။ သမင်တို့မှာလည်း မိမိအသက်အရေးထက် ဘယ်အရေးမှ
မယှဉ်နိုင်တာကြောင့် ကြောက်အားလန့်အားနှင့် ပြေးလွှားခုန်ပေါက်ကာ
အသက်ဘေးမှရုန်းထွက်ကြရာတွင် အချင်း ချင်းတိုက်ခိုက်မိ၍ သေဘေးသို့ပင်
မရောက်ချင်ဘဲ ဆိုက်ရောက်ကြရကုန်၏။ ထိုအရေးကို မြင်တွေ့နေရသည့် ဘုရားအလောင်း
ရွှေသမင်မင်းကြီးက ကြံစည်စဉ်းစားတော်မူရာတွင် ထို ကဲ့သို့ ပြေးလွှားမှုမပြုဘဲ
တစ်နေ့လျှင် တစ်ကောင်ကျ၊ အလှည့်ကျ လည်စင်းပြီး အသေခံ ပေးရန်
သမင်အပေါင်းတို့ကို အကြံပြုတော်မူရာ သမင်းအပေါင်းကလည်း လက်ခံကြလေ သည်။
သမင်အုပ်စုနှစ်စုရှိကြရာ
တစ်ဖက်အုပ်စုကိုအုပ်စိုးသည်က အရှင်ဒေ၀ဒတ်အလောင်း သမင် မင်းဖြစ်လေ၏။
အုပ်စုနှစ်စုမှ တစ်ဖက်တစ်ကောင် အလှည့်ကျဖြင့် စဉ်းတီတုံးတွင် နေ့စဉ်
လည်းစင်းခံ သေပွဲဝင်ကြရင်း တစ်နေ့၌ အရှင်ဒေ၀ဒတ်အလောင်း သမင်မင်းအုပ်စုမှ
ကိုယ်ဝန် ဆောင် သမင်မတစ်ကောင်အလှည့်သို့ ရောက်ချိန်တွင်
ခေါင်းဆောင်သမင်ကြီးထံ အသနား ခံတော်မူလေ၏။ ဒေ၀ဒတ်အလောင်းသမင်မင်းက
အယူခံပယ်ချလိုက်သဖြင့် ဘုရား အလောင်းတော် ရွှေသမင်းကြီးထံ တစ်ဖန်
အသနားခံလေ၏။ အလောင်းတော်ကြီးသည် ပါရမီဖြည့်ကျင့်နေသည်ကိုက မိမိအတွက်
မဟုတ်ခဲ့။ သူတစ်ပါးတို့အတွက်သာ ရှေ့တန်းတင် ထားခဲ့သည်ဖြစ်ခြင်းကြောင့်
သူတစ်ပါးအတွက် အသက်ကိုပေးဖို့ မနှေးအမြန် မိမိသာ သေပွဲ ၀င်မည်ဟု
ထိုသမင်မလေးအစား မိမိအသက်ကိုပေးရန် စဉ်းတီတုံး၌ လည်းစင်းခံခဲ့တော် မူလေ၏။
ထိုမြင့်မြတ်မှုသဘောကို မြင်တွေ့ကြရသည့် မင်းချင်းတို့က ရှင်ဘုရင်ကြီးထံ
လျှောက်ကြားကြသဖြင့် ဘုရင်ကြီးက အလွန်လေးစားတော်မူကာ ဘုရားအလောင်း ရွှေသမင်
ကြီး၏ သတ္တ၀ါတို့၏အသက်ကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရေး တရားစကားကို
နာကြားခဲ့ရ ပြီးနောက် သမင်အပေါင်းတို့ကို ဘေးမဲ့ပေး
ချမ်းသာခွင့်ပြုခဲ့လေသည်။ ဘုရားအလောင်း တော်ကြီး၏ ကရုဏာဓာတ်
အလွန်ကြီးမြတ်မှုမှာ ကြည်ညိုစရာအလွန်ကောင်းလှပါသည်။
ကရုဏာတရား
ကြီးမားကြသောသူတော်ကောင်းတို့သည် ဘေးဒုက္ခအခက်အခဲများ ကြုံတွေ့ နေကြသူ၊
မိမိထက်ပိုပြီး ဆင်းရဲဒုက္ခရောက်သူတို့ကိုတွေ့လျှင်
သနားကြင်နာစိတ်များဖြစ်ကာ “သူတို့ကို ငါဘာများကူညီ ပေးနိုင်ပါမည်နည်း”ဟု
တွေးကြပေသည်။ ကူညီနိုင်သလောက် ကူညီချင်စိတ်များ တဖွားဖွားဖြစ်ကြပြီး
ထိုဒုက္ခရောက်နေသူအပေါင်းတို့အား လှူဒါန်းပေးကမ်း ခြင်းအမှုများကိုလည်း
လွန်စွာနှစ်သက်တော်မူကြပေသည်။ လာဘ်လာဘပေါခြင်း၊ လာဘ် လာဘနည်းခြင်း၊
အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွေအရံ
နည်းခြင်း၊ ချမ်းသာခြင်းနှင့်ပြည့်စုံခြင်း၊
ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရခြင်းစသည့် လောကဓံတရား တို့သည်
တစ်ပြေးတည်းရှိနေသည်မဟုတ်၊ အနိမ့်အမြင့်ရှိတတ်သည့်သဘောသာလျှင်
လောကဓမ္မတာဖြစ်သည့်အတွက် ဒုက္ခဆင်းရဲနှင့် လူတိုင်းတွေ့ကြုံကြရ၏။ ထိုအချိန်၌
အချင်းချင်းကူညီဖေးမခြင်းအမှုသည် သူတော်တို့၏အလုပ်ပင်ဖြစ်သည်။ မိမိ၌ရှိသော
အခွင့် အရေးကောင်းတို့ကို မိမိတစ်ယောက်တည်းမခံစား၊ သူတစ်ပါးတို့ကိုလည်း
ဝေမျှခံစား သုံးဆောင်မည်ဟူသောစိတ်ထားသည် သူတော်ကောင်းတို့၏
ကရုဏာစိတ်ထားပင်တည်း။ သည့်ထက် မြင့်မြတ်သည့်စိတ် မွေးမြူနိုင်သည့်အခါ
မိမိရထားသည့်အခွင့်အရေးကိုပင် မိမိ မသုံးဆောင်တော့ဘဲ သူတစ်ပါးအတွက်
စွန့်လွှတ်နိုင်ပေသည်။ ဘုရားအလောင်းတော် ကြီးများသည်
ပါရမီဖြည့်ကျင့်ရာ၌ သူတစ်ပါးအတွက် မိမိအသက်ကိုပင် စွန့်လွှတ်နိုင်ခြင်းမှာ
ကြီးစွာသောကရုဏာစိတ်ကြောင့်ပင်ဖြစ်၏။
ဘုရားရှင်သည်
လောကကို တစ်နေ့လျှင် ခြောက်ကြိမ်ကြည့်ရှုတော်မူပါသည်။ ကရုဏာသမာ
ပတ်ဝင်စားတော်မူခြင်းဟုလည်းခေါ်၏။ ထိုသို့ကရုဏာသမာပတ်ဝင်စားရာ၌
စတုတ္ထဈာန်အထိ ပင်ရောက်တော်မူကြောင်း မှတ်သားသိရှိရပါသည်။ ထိုသို့
နေ့စဉ်ကြည့်ရှုတော်မူပြီး သတ္တ၀ါ တို့ကို
ကယ်တင်နိုင်ခြင်းရှိ/မရှိဆင်ခြင်ပြီး ကယ်တင်နိုင်သည့်သတ္တ၀ါဖြစ်က သံသရာမှ
လွတ်မြောက်ကြောင်း၊ ဘေးဒုက္ခမှ ကင်းလွတ်ကြောင်း တရားဟောကြားဆုံးမပြီး
လမ်းမှန်ပြ ကယ်တင်ပေးတော်မူ၏။ ထိုသို့ ကယ်တင်ရာ၌ တန်ခိုးတော်ဖြင့်
ချမ်းသာစေဟူ၍ ဖန်ဆင်း ပေးခြင်းမျိုးမဟုတ်။ သတ္တ၀ါတို့သည် “အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်ကိုသာ အားကိုးအားထားရာ”ဖြစ်ခြင်းကြောင့်
မိမိပြုလုပ်သော မနောကံအမှု၊ ၀စီကံအမှု၊ ကာယကံ အမှုတို့သာလျှင်
မိမိအကျိုးကိုဖြစ်ထွန်းစေသည်ဖြစ်ခြင်းကြောင့် သတ္တ၀ါတို့၏ ထိုအမှုတို့
ကောင်းအောင် ဆုံးမပေးခြင်း၊ ဆောင်ရွက်ပေးခြင်းကို ဘုရားရှင်က
ကယ်တင်တော်မူခြင်းဟု ဆိုလိုခြင်းဖြစ်ပါသည်။
မြန်မာစကားပုံ၌ “လဲနေသူကို ထူပေးပါ၊ အားငယ်သူကို အားပေးပါ”ဆိုသောစကားများသည်
အချင်းချင်း ကရုဏာထားကြရန်အတွက် နှိုးဆော်ထားသောပညာရှိတို့စကားဖြစ်၏။
ယခုခေတ် မိဘမဲ့ ကလေးဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊
မျက်မမြင်စောင့်ရှောက်ရေးကျောင်း၊ အခမဲ့ ဆေးကုခန်း၊ ဆေးပေးခန်းများ၊
နားမကြားသူများကျောင်း၊ အနာကြီးရောဂါသည်စခန်း အစရှိသည်ဖြင့်
ဘ၀အကျိုးပေးမကောင်းသူ၊ အိုမင်းမစွမ်းကြသူတို့ကို ၀ိုင်းဝန်းပြီး ကူညီဖေးမ
စောင့်ရှောက်ကြသည်မှာ ကရုဏာစိတ်ရှိသူတို့၏
မွန်မြတ်သောဆောင်ရွက်မှုတို့ဖြစ်ပေသည်။
ကရုဏာဘာဝနာပွါးများရာ၌
ဆင်းရဲဒုက္ခရောက်နေသူတို့ကိုအာရုံပြု၍ ဆင်းရဲဒုက္ခရောက်နေ ခြင်းမှ
လွတ်မြောက်ကြပါစေ၊ ဘေးရန်တွေ့နေကြသူတို့ကိုအာရုံပြု၍ ဘေးရန်အပေါင်းမှ လွန်
မြောက်ကြပါစေ၊ စိုးရိမ်သောကတို့ဖြင့် ပူဆွေးနေသူတို့ကိုအာရုံပြု၍
စိုးရိမ်သောကရောက်နေ ခြင်းမှ ကျော်လွှားနိုင်ကြပါစေဟူ၍ ပွါးများရပေသည်။
ကရုဏာအစား သောက၀င်လာတတ် သောကြောင့် သတိရှိရပေမည်။ ဒုက္ခရောက်နေသူကို
မြင်တွေ့ရသည့်အခါ သနားကရုဏာ ဖြစ်မိခြင်းမှ သောကသို့ရောက်ပြီး
ငိုးကြွေးမိတတ်၏။ တစ်ခါတစ်ရံ သနားစရာဟု နှလုံးသွင်းမိ ခြင်းကနေ
နှလုံးမသာမယာဖြစ်ရခြင်းတို့မှာ ကရုဏာစိတ်မှ သတိဉာဏ်ကင်းလွတ်၍ သောက
သို့ရောက်သွားခြင်းပင်ဖြစ်၏။ ထို့ကြောင့် အကြောင်းအကျိုးဆက်စပ်မှုကို
ဆင်ခြင်ခြင်း သတိဉာဏ် ရှေ့သွားရှိရန်မှာ အချိန်တိုင်းလိုအပ်လှပေသည်။
မုဒိတာပွါးပါ
“စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊ ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။”ဟူသော
မန်လည်ဆရာ တော်ဘုရားကြီး၏ မဃဒေ၀လင်္ကာသည် အချင်းချင်း မနာလို၊
ဝန်တိုစိတ်များ မထားဘဲ သူတစ်ပါးချမ်းသာခြင်းကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ
မုဒိတာပွါးရန် ဆုံးမထားပါသည်။ ဘုရားရှင်ကလည်း သတ္တ၀ါတွေ ချမ်းသာချင်လျက်
မချမ်းသာဘဲ ဆင်းရဲနေလျက်သာ ရှိနေကြ ခြင်းမှာ ဣဿာ၊
မစ္ဆရိယစိတ်များကြောင့်ပင်ဖြစ်သည်ဟူ၍ နတ်သားတစ်ပါး၏ မေးလျှောက် ခြင်းကို
ဖြေကြားတော်မူခဲ့ပေသည်။
နှလုံးသွင်းနေရုံဖြင့်
အကုသိုလ်ရနေသည့်အလုပ်မှာ သူတစ်ပါးချမ်းသာအား ဣဿာမစ္ဆရိယ
ပွါးနေသောအလုပ်ဖြစ်သလို နှလုံးသွင်းနေရုံဖြင့်
ကုသိုလ်တရားဖြစ်နေသောအလုပ်မှာလည်း သူတစ်ပါးတို့၏ချမ်းသာအား
မုဒိတာပွါးနေသည့်အလုပ်ပင်ဖြစ်၏။ ကောင်းမှုပြုတတ်သူကိုမြင် လျှင် “မွန်မြတ်လိုက်တာ၊ ဂုဏ်ယူစရာ ကောင်းလိုက်တာ”ဟူ၍
မုဒိတာပွါးလိုက်လျှင် ကိုယ်ပါ သူကောင်းမှုပြုသလို
ကုသိုလ်တွေဖြစ်နိုင်သော်လည်း သူတစ်ပါးကုသိုလ်လုပ်နေသည့်အလုပ် ကို
ဝမ်းမြောက်ဝမ်းသာ မုဒိတာမပွါးနိုင်ဘဲ
မဲ့ရွဲ့စောင်းမြောင်းတတ်သောသူတို့မှာကား နေရင်းထိုင်ရင်ပင် မိမိအတွက်
ငရဲမီးများကို မိမိကိုယ်တိုင်မွှေးနေသလိုဖြစ်တော့၏။
ပညာဉာဏ်အလင်းမရသူတို့မှာ
သာသနာတွင်းလူဖြစ်ရသော်လည်း ရခဲလှသည့်ဒုလ္လဘတရား ကို ကြုံတောင့်ကြုံခဲ၊
ရတောင့်ရခဲဟူ၍ သတိမရှိနိုင်တော့ဘဲ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊
မနောဒုစရိုက်တို့ဖြင့် နေကုန်အောင် အချိန်ကိုအသုံးချကြပေသည်။ သောက်မယ်၊
စားမယ်၊ ပျော်မယ်၊ ပါးမယ်ဟူ၍ အချိန်ကို အသုံးချနေကြတော့၏။
ထိုသို့မြင်တွေရလျှင်လည်း ကရုဏာ ထား၍ သံဝေဂပွါးရမည်ဖြစ်ပါသည်။ “မင်းတို့မလို့ ငွေရှိလို့ အရက်ကောင်းကောင်း ၀ယ်သောက်နိုင်တယ်၊ တို့ဖြင့် ငွေမရှိလို့ ထန်းရေခါးလေးတောင် မသောက်နိုင်ဘူး”ဟူ၍ သူတစ်ပါး မကောင်းမှုကို ၀မ်းမြောက်ဝမ်းသာအားပေးခြင်းမျိုးကို မုဒိတာပွါးခြင်းဟုမဆိုလိုပေ။
သူ၏ချမ်းသာကြွယ်ဝနေခြင်းကို
မုဒိတာပွါးပေးရသော်လည်း မကောင်းမှုလုပ်ခြင်းကိုကား အားပေးအားမြှောက်
မလုပ်မိရန် သတိရှိသင့်ပေသည်။ တချို့လူကြီးများသည် လူငယ်များ အရက်သောက်
မိန်းမရှုပ်သည်ကို မည်သို့ခွင့်လွှတ်ပြီး တလွဲမုဒိတာပွါးကြသနည်းဆိုရလျှင် “လူငယ်ပဲ
ဒီလောက်တော့ ရှိမှာပဲ။ ငယ်တုန်း ပျော်ထားကြကွ။ ကြီးလာလျှင်
သားတွေသမီးတွေနဲ့ ငယ်ငယ်ကလို ရှုပ်လို့ပွေလို့ မကောင်းဘူးဟ။
မင်းတို့ခေတ်မင်းတို့ခါမှာ နည်းစနစ်တွေက ကောင်းတော့ အကာအကွယ်တွေက ပေါသနဲ့
ဟန်ကျသကွာ”ဟူ၍ ဖြစ်၏။
မြတ်ဗုဒ္ဓ၏အဆုံးအမကား “အပြစ်ကင်းကွာ၊ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ်သဘောတည်း”ဟူ၍
ဖြစ်ပေသည်။ အပြစ်မကင်းသော စိတ်ချမ်းသာခြင်းမျိုးမှန်သမျှ
မိမိ၏နှလုံးသွင်း၊ အပြော၊ အလုပ်တို့သည် စိတ်ချမ်းသာနေသော်လည်း
ကုသိုလ်တရားမဖြစ်နိုင်ပေ။ အပြစ်ကင်းအောင် နေမှ စိတ်ချမ်းသာမှုအစစ်ရသလို
ကုသိုလ်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် မုဒိတာပွါးများ ရာတွင်
သူတစ်ပါးတို့၏ကောင်းကျိုးရရှိခြင်း၊ ကောင်းသောအမှု
ဆောင်ရွက်နိုင်ခြင်းတို့ကို ၀မ်းမြောက်ဝမ်းသာဖြစ်ရပေမည်။
ဗုဒ္ဓဘာသာသူတော်စင်များ
ကောင်းမှုပြုပြီးတိုင်း အမျှဝေကာ ကြေးစည်ထု၊ ခေါင်းလောင်းထိုး ကြသည်မှာ
မိမိ၏ကောင်းမှုအဖို့ဘာဂကို သူတစ်ပါးတို့အားလည်း ၀မ်းမြောက်စေလိုသောဆန္ဒ၊
မိမိရသကဲ့သို့ ရနိုင်ကြစေလိုသောဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်၏။
ထိုသို့ကြားသိရလျှင် “အသင်၏ပညာနှင့်ယှဉ်သောကုသိုလ်တို့အား သာဓုခေါ်ပါ၏”ဟူ၍
ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ၎င်း၏ကောင်းမှုပြုနိုင်ခြင်း၊
မိမိထက်သာလွန်မွန်မြတ်သော အားထုတ်နိုင်ခြင်း တရားတို့ကို
မုဒိတာပွါးများရပေသည်။
တစ်ခါက
သူငယ်ချင်းနှစ်ဦးရှိရာ တစ်နေ့သ၌ တစ်ဦးက မြစ်ချောင်းတစ်ခုဘေးတွင်
ငါးမျှား၍ နေ၏။ ကျန်တစ်ဦးက ဥပုသ်သီတင်းဆောက်တည်ရန်
ဘုန်းကြီးကျောင်းသို့သွား၏။ ကျောင်း သိုသွားနေသောသူက ငါးမျှားနေသော
သူငယ်ချင်းကို ကျောင်းမရောက်ခင်လမ်း၌ တွေ့ဆုံ စကားပြောနှုတ်ဆက်ခဲ့လေသည်။
ကျောင်းသို့ရောက်ပြီး ရဟန်းတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကာ
ကျောင်းဝန်းတွင်ရှိနေစဉ် စဉ်းစားနေသည်မှာ “ဥပုသ်သီတင်း ဆောက် တည်ရတာ ပျင်းစရာကောင်းလိုက်တာ။ ငါ့သူငယ်ချင်းလို အေးအေးဆေးဆေး ငါးမျှားပြီး နေ တာက အပန်းပြေဦးမယ်”ဟူ၍ဖြစ်၏။ ငါးမျှားနေသောသူငယ်ချင်းက စဉ်းစားနေသည်မှာ “ငါဘဝ
ဆင်းရဲလှ၍ ငါးမျှားပြီး ငါးလေးတွေရောင်းချကာ ၀မ်းရေးကျောင်းနေရတယ်။ ငါ့
သူငယ်ချင်းကျတော့ ဘ၀ပေးကုသိုလ်ကံ ကောင်းလိုက်တာ။ သူ့မိဘတွေကချမ်းသာတော့
ငါ့လို အကုသိုလ်အလုပ်နဲ့လည်း အသက်မွေးစရာမလိုဘူး။ အခုလို
ဥပုသ်နေ့တွေမှာလည်း သီတင်းသီလတွေဆောက်တည်ပြီး
ကောင်းမှုကုသိုလ်တွေပြုနေလိုက်တာ သာဓုခေါ်ပါ တယ်။”ဟူ၍ သူငယ်ချင်း၏
မိမိထက်ကောင်းမှုဆောင်ရွက်နိုင်ခြင်းအား မုဒိတာပွါး၍ ဂုဏ်ယူ
ဝမ်းမြောက်နေလေသည်။ မကောင်းမှုပြုလုပ်နေသော်လည်း နှလုံးသွင်းမှန်နေချိန်မှာ
ရုတ်တရက်သေသွားလျှင် ငှါးမျှားနေသူက နတ်ပြည်ရောက်နိုင်သော်လည်း ဥပုသ်သီတင်း
ဆောက်တည်နေသူက မကောင်းမှုအကြောင်းစဉ်းစားနေချိန် သေသွားလျှင် အပါယ်သို့
ကျရောက်နိုင်ပေသည်။
သူတစ်ပါးတို့၏
ကောင်းမြတ်သောအကျိုးတရားရရှိနေခြင်း၊ အခွင့်ထူးခံစားနေရခြင်း၊ မိမိထက်
သာလွန်မြင့်မြတ်နေခြင်း၊ မိမိထက် ကောင်းမှုတရားများ
ပိုမိုဆောင်ရွက်နိုင်ခြင်း စသည့် အရည်အချင်းကောင်းများနှင့်
ကုံလုံကြွယ်ဝနေသူတို့နှင့်တွေ့လျှင် ဣဿာမစ္ဆရိယစိတ်များ မဖြစ်ပွါးဘဲ
မုဒိတာပွါး၍ ကုသိုလ်တရားများ တိုးပွါးအောင် နှလုံးသွင်းသင့်ပေသည်။ ထိုသို့
သူတစ်ပါးတို့၏ ချမ်းသာခြင်းအား မုဒိတာပွါးနေခြင်းသည် ငွေကုန်စရာမလို၊
အချိန်ပေးပြီး ဆောင်ရွက်နေစရာမလိုဘဲရရှိသည့် ပါရမီကုသိုလ်ထူးပင်ဖြစ်၏။
ထို့နောက် သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ပေါကြွယ်ဝခြင်းကို
မုဒိတာပွါးနေရုံဖြင့် ရောင့်ရဲမနေဘဲ မိမိက စောင့်ရှောက်ပေး နိုင်ပါက
စောင့်ရှောက်ပေးခြင်း၊ သည့်ထက်မက တိုးပွါးအောင်အကြံပြုပေးနိုင်က အကြံဉာဏ်
ပေးခြင်း စသည်ဖြင့် သူတစ်ပါးတို့၏ကောင်းကျိုးချမ်းသာရရှိရေးအတွက်
အားထုတ်ကြိုးပမ်း သင့်ပေသည်။
“မေတ္တာထား၍ ဥပေက္ခာပွါးပါ၊ ကရုဏာထား၍ မုဒိတာပွါးပါ”ဟူသော ဓမ္မဆောင်းပါးနှစ်ပုဒ်ဖြင့် တစ်ကန့်စီ ပေါင်းစပ်ရေးသားဖော်ပြလိုက်ရသော်လည်း “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ”
စသည့် ဗြဟ္မစိုရ်တရားလေးပါးစလုံး အတူညီမျှနေအောင်
ပွါးများအားထုတ်နေရမည်ဖြစ်၏။ ထိုတရားလေးပါးတို့သည် ကမ္ဘာကြီးကို
စောင့်ကြပ်သောတရားလေးပါးလည်းဖြစ်သလို လူတို့ ၏အသက်ကိုလည်း
စောင့်ရှောက်သောတရားတို့ဖြစ်၏။ လူသားတို့ ဗြဟ္မစိုရ်တရားဖြင့်
နေထိုင်ကျင့်ကြံသူများသည့်အချိန်တွင် ရာသီဥတုကောင်း၍ လူ့သက်တမ်းမှာလည်း အ
သင်္ချေယအထိ ရှိပေသည်။ လူသားတို့ ဗြဟ္မစိုရ်တရားခေါင်းပါး၍ အချင်းချင်း ရက်စက်
ကြမ်းကြုတ်ကြသည့်အခါတွင် ကပ်သုံးပါးဆိုက်၍ နောက်ဆုံး
ကမ္ဘာကြီးပင်ပျက်ရပါဦးမည်။
ဆောင်းပါးနိဂုံးအနေဖြင့် ပဋ္ဌာန်းဆရာတော်ဦးဝိသုဒ္ဓ ရေးသားဆုံးမထားသော ဗြဟ္မစိုရ်တရား လေးပါးကျင့်ကြံပုံလင်္ကာလေးဖြင့် အဆုံးသပ်ပါမည်-
“တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်
ပြိုင်မည့်အစား မေတ္တာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်
နိုင်မည့်အစား ကရုဏာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည်
ရွဲ့မည့်အစား မုဒိတာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
မိုက်သူတွေ့ရင် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်သည်
မဲ့မည့်အစား ဥပေက္ခာပွါး၊ စိတ်ထားပြုပြင် ပြောင်းရမည်။
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မည်။”
စာရှုသူ ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။)
No comments:
Post a Comment