သိကြားတိုင် တေးထပ်
စည်းစိမ်တော် ယစ်မူးလို့ ၊ မဖြစ်ဘူး ဣန္ဒာ၊ ကသစ်ဦး သိင်္ဂါမှာ၊ အလိမ္မာ လွန်အား။ ရွှေငါးသန်း နှစ်ကုဋေမှာ အဖျော်ဖြေ ကြူးရော့ သလား။ ။
ဘယ်သူ့ကမှ မမှုလာတယ်၊ ကရုဏာ တရား၊ လူ့ရွာကို ရှုပါငြား မယ်လို့၊ ဘုရားကို
သူဝါ။ အင်ကြင်းမြိုင် ကုဿိန်နန်း မှာလ၊ စာတမ်းထိုး လျက်ရှိပါ။ ။ကောဝိဠ
သမီပါ၊ အို ..ဣန္ဒာ သိကြားငဲ့၊ ဘုရား ကိုးကွယ်မှန်၊ ဆင်းခဲ့ မြန်မြန်၊
ထောင်စက္ခု မှိန်ခဲ့ပြန်လျှင်၊ စိန်မျက်မှန် ဆက်အုံးမယ် ပလေး။
ကဗျာဆရာကြီး
စလေ ဦးပုည သိကြားမင်း လူ့ပြည်ကို မကြည့်ဘဲ မေ့လျော့ နေကြောင်းနှင့်
အထက်ပါ ငေါ့တော့တော့ အဓိပ္ပါယ် ရှိသည့် သိကြားတိုင် တေးထပ်ကို ရေးစပ်ခဲ့သည်။
“ အို - သိကြားမင်း - ယခုအချိန်တွင် သင်သိကြားမင်း အဖို့ စည်းစိမ် ယစ်နေ၍
မဖြစ်ပါ၊ ပင်လယ် ကသစ်ပင်ဦးရှိ ဝေဇယန္တာ ရွှေပြာသာဒ်ကြီး ပေါ်၌ ဖျော်ဖြေမှုတွင်
လိမ္မာ ကျွမ်းကျင်လှသည့် နှစ်ကုဋေ ငါးသန်းသော ဒေဝစ္ဆရာနတ် ကညာခြွေတို့၏
ဖျော်ဖြေမှုဝယ် ယစ်မှုးနေလေ သလားမသိ၊ သင် သိကြားမင်းသည် လူပြည် လူ့ရွာ၏
အရေးအရာ တို့ကို အနည်းငယ်မှ ဂရု မပြုပါလေ၊ သနားခြင်း၊ ကရုဏာ တရားဖြင့်
ထာဝစဉ် လူ့ရွာ လူ့ပြည်ကို ကြည့်ရှု စောင့်ရှောက် ပါမည်ဟု မြတ်စွာ ဘုရားကို
သင်လျောက်ထား ခဲ့ခြင်းသည် လိမ်ညာ၍ လျှောက်ထား ခဲ့ခြင်း ဖြစ်လေယောင် တကား၊
ကုသိနာရုံ အင်ကြင်းစုံတွင် သင် လျှောက်ထားခဲ့ပုံ တို့ကိုကား ပြက်ပြက်
ထင်ထင် စာတမ်းတင်၍ ရှိနေပါသည်၊
ပင်လယ် ကသစ်ပင်၏ အနီး၌ စည်းစိမ် ကြီးလျက်နေသော အို သိကြားမင်း…သင်သည် မြတ်စွာဘုရားကို ကိုးကွယ် သူမှန်ပါက သာသနာတော်ကို ကြည့်ရှုပါလေ၊ သင်ကြည့်ရှုရန် သဟဿနေတ္တိ ခေါ် နတ်မျက်စိ တစ်ထောင် မှုန်ဝါးမှိန်မွဲ နေသည်ဆိုပါမှု ကျွန်ုပ်က စိန်မျက်မှန် တစ်လက် ဆက်သလိုက်ပါမည် ” ဟု သရော် တော်တော် ပြက်ရယ်ပြု ရေးစပ်ခဲ့ခြင်း ဖြစ်၏၊ ဤကဲ့သို့ ဦးပုည၏ သိကြားတိုင် တေးထပ်များသည် ၇-ပုဒ် ပင်ရှိခဲ့လေသည်၊ အခြား တေးထပ်များလည်း ဤနည်းနှင့်နင် သရော်ရေးစပ် ထားခြင်းပင် ဖြစ်သည်။
ပင်လယ် ကသစ်ပင်၏ အနီး၌ စည်းစိမ် ကြီးလျက်နေသော အို သိကြားမင်း…သင်သည် မြတ်စွာဘုရားကို ကိုးကွယ် သူမှန်ပါက သာသနာတော်ကို ကြည့်ရှုပါလေ၊ သင်ကြည့်ရှုရန် သဟဿနေတ္တိ ခေါ် နတ်မျက်စိ တစ်ထောင် မှုန်ဝါးမှိန်မွဲ နေသည်ဆိုပါမှု ကျွန်ုပ်က စိန်မျက်မှန် တစ်လက် ဆက်သလိုက်ပါမည် ” ဟု သရော် တော်တော် ပြက်ရယ်ပြု ရေးစပ်ခဲ့ခြင်း ဖြစ်၏၊ ဤကဲ့သို့ ဦးပုည၏ သိကြားတိုင် တေးထပ်များသည် ၇-ပုဒ် ပင်ရှိခဲ့လေသည်၊ အခြား တေးထပ်များလည်း ဤနည်းနှင့်နင် သရော်ရေးစပ် ထားခြင်းပင် ဖြစ်သည်။
ဤသို့
ရေးသားစပ်ဆို ခဲ့ခြင်းကား မြတ်စွာဘုရားက ပရိနိဗ္ဗာန် ဝင်စံခါနီး အချိန်တွင်
သိကြားမင်းအား သာသနာတော်ကို အစဉ် ကြည့်ရှု စောင့်ရှောက်ရန် မှာထား
အပ်နှံခဲ့သည် ဟူသော လူ့လောက ယုံကြည်မှုအရ ရေးသားစပ်ဆို ခဲ့ခြင်းဖြစ်၏၊
အထက်ပါ တေးထပ်တွင် “ အင်ကြင်းမြိုင် ကုဿိန်နန်း မှာလ၊ စာတမ်း ထိုးလျက်ရှိပါ
” ဟူသော အပိုဒ်သည်ပင် ထိုအချက်ကို ရည်ညွှန်းခဲ့ကြောင်း ထင်ရှား ပေသည်။
မြတ်စွာဘုရားက
သိကြားမင်းအား သာသနာကို စောင့်ရှောက် ရစ်ရန် မှာထားခဲ့သည်၊ သိကြားမင်း
ကလည်း စောင့်ရှောက် ရစ်ပါမည်ဟု ဝန်ခံ ကတိ ထားခဲ့သည် ဟူသော ယုံကြည်မှု
တို့ကား ယခု ကာလသာ မဟုတ်၊ ရှေးသရော အခါကပင် မြန်မာလူမျိုး တစ်မျိုးလုံး
ယုံကြည် လာခဲ့သော အစဉ်အလာ ယုံကြည်မှု တစ်ရပ် ဖြစ်လေသည်။
“
သာသနာ ၂၅၀၀ - ကျော်လျှင် ဘုရား သာသနာ ကုန်၍ သိကြား သာသနာ ဖြစ်လာမည်၊
သိကြားမင်း စောင့်ရှောက်၍ မကောင်းသူ ပယ် ကောင်းသူ ကယ်လိမ့်မည်၊ သာသနာ
တစ်ဝက် မင်းကောင်း တစ်ဆက် ပေါ်ပေါက် လာလိမ့်မည်၊ စကြာမင်း လာတော့မည်” စသော
စကားတို့သည် ထို အစဉ် အဆက်က အရိုးစွဲခဲ့သော ယုံကြည်မှု တို့ကို
အရင်းခံခဲ့ခြင်း ပင်ဖြစ်၏၊ ဤ ယုံကြည်ချက် ဤ စကားလုံး တို့ကို ကျောထောက်
နောက်ခံ ပြု၍ပင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀- ကျော်က စလေ ဦးပုညသည် အထက်
ဖော်ပြပါ သိကြားတိုင် တေးထပ်တို့ကို ရေးသား၍ သိကြားမင်းကို သရော်ခဲ့သည်၊
ထို့အတူပင် လွန်ခဲ့သော အနှစ် ၆၀၀- ခန့်က သိကြားမင်း သေပြီဟု ကျေညာခဲ့သော
မထေရ် တစ်ပါး ပေါ်ပေါက် ခဲ့ဘူးသေးသည်။
သိကြားသေ၍ စည်တီးသူ
သက္ကရာဇ်
၇၃၀- တွင် အင်းဝ ထီးနန်း သိမ်းမြန်း စိုးစံခဲ့သော မင်းကြီး စွာစော်ကဲ
လက်ထက်တွင် မင်းကြီး စွာစော်ကဲ (အင်းဝ ဘုရင်) သည် ငယ်ဆရာ ဖြစ်သော ရခိုင်
ဘုန်းတော်ကြီးကို “ မဟာသံဃ ရာဇာ ” ဟူသော ဘွဲ့တံဆိပ် အပ်၍ မင်းဆရာ ပြုသည်၊
ထို ရခိုင် ဘုန်းတော်ကြီးကား ဆေးဝါး ဓါတ် ပယောဂနှင့် အင်းအိုင် ခလှဲ့
လက်ဖွဲ့ မန္တာန် တို့ကို တတ်ကျွမ်းသော ပွဲကျောင်းဘုန်းကြီး မျှသာ ဖြစ်သည်၊
ပရိယတ္တိ ပညာ တတ်ကျွမ်းသူ မဟုတ်၊ လဇ္ဇီပေသလ မဟုတ်၊ ထို့ကြောင့်ပင် နောင်
သာသနာဆက် ဆရာစဉ်သို့ မဝင်လေ။
ထိုအခါ
ကာလက ပွဲကျောင်း ဘုန်းကြီးများ သာသနာရေးကို စီမံနေ၍ လဇ္ဇီပေသလ ဖြစ်ကုန်သော
ပရိယတ္တိ ပညာတတ် သံဃာတော်များ နိမ့်ကျ၍ နေသည်၊ မင်းကြီး စွာစော်ကဲ
ကိုယ်တိုင်ကလည်း သာသနာရေးနှင့် စပ်လာလျှင် သူ၏ ဆရာ ပွဲကျောင်း
ဘုန်းကြီးများ၊ အထူးအားဖြင့် မဟာသံဃရာဇာ ဟူသော ရခိုင်ဘုန်းကြီး ကိုသာလျှင်
တိုင်ပင် လျောက်ထားလေ့ ရှိပေသည်။
တစ်ညသ၌
ညဥ့် ၂- ချက်တီးကျော်တွင် အချက်ပေါင်းများစွာ ထိုးနှက်လိုက်သော စည်ကြီးသံ
သည် မင်း၏ နန်းတော်နှင့် တကွ တစ်မြို့လုံးပါ လွှမ်းခြုံ၍ ထွက်လာသည်၊
မြို့နှင့် မနီးမဝေး မနာပြင် ငါးဆူအရပ် ကျောင်း၌ နေသော ပရက္ကမ အနွယ်ဝင်
အရှင်ခေမာစာရ ဟူသော ရဟန်း တစ်ပါးက ထိုးနှက် ရိုက်တီးလိုက်ခြင်း ဖြစ်လေ၏ ။
မင်းကြီး
စွာစော်ကဲ လည်း “ ဤ စည်တီးသံသည် ရဟန်းတစ်ပါး ပါးလွန်၍ တီးခြင်း ဖြစ်မည်၊
မည်သည့် ကျောင်းက မည်သည့် ပုဂ္ဂိုလ် သေဆုံးသနည်း - မေးမြန်း ကြကုန် ” ဟု
အမတ်တို့ကို စေလွတ်၍ မေးမြန်း စုံစမ်း စေလေသည်၊ အမတ်တို့လည်း စည်တီးသော
ကျောင်းကို ရှာဖွေ မေးမြန်း စုံစမ်း ကြကုန်၏။
ထိုအခါ
မနာပြင် ငါးဆူအရပ်မှ ပရက္ကမ အနွယ်ဝင် အရှင်ခေမာစာရ တီးကြောင်း သိရသဖြင့် “
မည်သည့် ရဟန်း ပုဂ္ဂိုလ် သေဆုံး၍ စည်တီး ပါသနည်း ” ဟု မေးမြန်း ကြလေသည်။
အရှင် ခေမာစာရ က “ မည်သည့် ရဟန်း ပုဂ္ဂိုလ်မျှ သေဆုံးခြင်း မရှိ၊ ဤ စည်တီး
ရခြင်းကား တာဝတိံသာ မှ သိကြားမင်း သေ၍ တီးခြင်း ဖြစ်သည် ” ဟု ဆိုလေသည်။
အမတ်တို့
ကလည်း ထို အတိုင်းပင် ဘုရင်ကို လျှောက်ထားရာ မင်းကြီး စွာစော်ကဲက တအံ့တသြ
ဖြင့် “ အဘယ့်ကြောင့် သိကြားမင်း သေကြောင်း သိသနည်း - ပြန်၍ မေးမြန်းကြချေ ”
ဟု အမတ်တို့ကို စေလွှတ် လိုက်ပြန် လေသည်၊ ထိုအခါ အရှင်ခေမာစာရက “ ဘုရားရှင်
ပရိနိဗ္ဗာန် စံဝင်ခါနီး၌ သာသနာကို စောင့်ရှောက် ပါမည်ဟု သိကြားမင်း
ဝန်ခံပါသည်၊ ဤ သို့ဝန်ခံ ခဲ့ပါလျက် ယခုအခါ သာသနာတော်ကို ဆောင်ရွက်နေသော
ငါတို့အား မစောင့်ရှောက် ပါသောကြောင့် သိကြားမင်း သေကြောင်းကို သိရပေသည်၊
ထို့ကြောင့် ဤ စည်ကို တီးရခြင်း ဖြစ်ပါသည် ” ဟု ပြန်လည် မိန့်ကြားတော်
မူလိုက်လေသည်။
အရှင်ခေမာစာရ
မိန့်ကြားသည့် အတိုင်းပင် ဘုရင်အား လျှောက်ထား ကြရာ ဘုရင် မင်းကြီး
စွာစော်ကဲ သည် ဆိုလိုသော အဓိပ္ပါယ်ကို ကောင်းစွာ နားလည် သဖြင့် “ ဟုတ်ပေသည် ”
ဟုဆိုကာ သဒ္ဓါ ကြည်ညို၍ ဝမ်းဘဲအင်း မြောက်ဘက် ဒန့်တော အရပ်တွင်
ကျောင်းဆောက်၍ အရှင်ခေမာစာရ အား တင်လှူလေသည်၊ စည်းခုံနှင့် သိမ်လည်း
သမုတ်၏၊ ထိုစည်းခုံနှင့် ကျောင်းတော်ကို ရည်၍ ရာဇဝင်တွင် အဝဒန့်တော
စည်းခုံနှင့် ကျောင်းတော် ဟု အလှူစာရင်း သွင်းလေသည်၊ ထိုဆရာကား သထုံဆက်
သီဟိုဠ်နွယ် လဇ္ဇီ ပေတလ ဖြစ်၍ သာသနာဆက် ဆရာစဉ် သို့ ဝင်၏၊ ထီးဖြူနှင့် တကွ
တင်လှူတော် မူသည်၊ သာသနာပိုင်လည်း အပ်တော်မူ၏ ဟု သာသနာ လင်္ကာရ စာတမ်းတွင်
ဆိုလေသည်။
ဤကား လွန်ခဲ့သော အနှစ် ၆၀၀- ခန့် အင်းဝ ခေတ်ဦး အချိန်ကပင် သာသနာကို သိကြားစောင့်သည် ဟူသော အယူအဆ ထွန်းကားခဲ့ပုံ သာဓက ဖြစ်လေသည်။
ပရိနိဗ္ဗာန်နှင့် သိကြားခန်း
သို့သော်
ဦးပုည သည်၎င်း၊ အင်းဝ ရဟန်းတော် အရှင်ခေမာစာရ သည်၎င်း လူ့လောက၏ အစဉ်အလာ
ယုံကြည်မှုကို မဆန့်ကျင် လို၍ ထို သိကြားမင်း သာသနာ စောင့်ရှောက်သည် ဟူသော
ဝေါဟာရကို အသုံးပြုကြခြင်း သာ ဖြစ်ပေသည်၊ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ခါနီး၌
သိကြားအား သာသနာ စောင့်ရှောက်ရန် အပ်နှင်းခဲ့ခြင်း လည်းမရှိ၊ သိကြားမင်း
ကလည်း စောင့်ရှောက် ပါမည်ဟု ဝန်ခံခဲ့ခြင်း လည်းမရှိသည် ကိုကား မသိဘဲ
နေကြမည် မဟုတ်ပေ။
မဟာပရိနိဗ္ဗာန
သုတ်တွင် ဘုရားရှင် သည် ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ..“ သိယာခေါ ပနာနန္ဒ တုမှကံ
ဧဝမဿ ” စသည်ဖြင့် “ အာနန္ဒာ .. တရားစကားသည် ဟောကြားသော ဆရာ ဘုရားမှ
ကင်းကွာခဲ့လေပြီ၊ ငါတို့၏ ဆရာ ဘုရားမရှိ တော့ပြီဟု သင်တို့အား ဤသို့သော
ထင်မှတ်ခြင်း ဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ .. ငါဟောကြားထား ပညတ်ထားသော
တရားတော်နှင့် ဝိနည်းတော် သည် ငါ ကွယ်လွန်သော အခါ၌ သင်တို့၏ ဆရာ ဘုရားပင်
ဖြစ်ပေ၏ ” ဟူသော စကားကိုသာ မိန့်တော် မူခဲ့ကြောင်း ပါရှိပေသည်။
ဘုရားရှင်
ပရိနိဗ္ဗာန် စံဝင်ချိန်၌၊ သိကြားမင်းသည် အနီး၌ မရှိသည် မဟုတ်၊ ရှိသည်သာ
ဖြစ်၏၊ ဘုရားရှင် သည် ဖော်ပြပါ အတိုင်း မိန့်ကြားတော် မူပြီးနောက် “ဟန္ဒ
ဒါနိ ဘိက္ခဝေ ” စသော နောက်ဆုံး မိန့်ခွန်းတော် ပစ္ဆိမဗုဒ္ဓ ဝစနကို
မိန့်တော်မူ၍၊ သမာပတ် အဆင့်ဆင့် ဝင်စားတော် မူပြီးလျှင် စတုတ္ထဈာန် သမာပတ်၏
အဆုံး၌ မဟာ ပရိနိဗ္ဗာန် ပြုတော် မူသည်။
ထိုအချိန်တွင်
သဟမ္ပတိ ဗြဟ္မာကြီး သည်လည်း အနီးတွင် ရှိသည်၊ သိကြားမင်း သည်လည်း အနီးတွင်
ရှိသည်၊ ဘုရား ပရိနိဗ္ဗာန် စံဝင်တော် မူသည်နှင့် တပြိုင်နက်
မြေတုန်လှုပ်ခြင်း စသော တိတ်ကြီး နိမိတ်ကြီးများ ဖြစ်ပေါ်လာသည်၊ ထို့နောက်
ဗြဟ္မာမင်းက “ သဗ္ဗေဝ နိက္ခိပိဿန္တိ ” စသော သံဝေဂ ဂါထာကို ရွတ်ဆိုသည်၊
သိကြားမင်းက “ အနိစ္စာ ဝတ သင်္ခါရာ ” စသော သံဝေဂဂါထာကို ရွတ်ဆိုသည်၊
ထိုနောက်မှ အရှင် အနုရုဒ္ဓါ အရှင်အာနန္ဒာ တို့ကလည်း သံဝေဂ ဂါထားများကို
အသီးသီး ရွတ်ဆို ကြသည်၊ သိကြားမင်းအား သာသနာ ကို စောင့်ရှောက်ရန်
မှာထားချက် လုံးဝ မပါရှိပေ။
သို့သော်…သီလက္ခန်
အဋ္ဌကထာ အမ္ဗဋ္ဌသုတ် အဖွင့် (ဒီ၊ဋ္ဌ ၁-၂၃၆) တွင် မြတ်စွာဘုရားအား ဘုရား
ဖြစ်တော်မူစ သဟမ္ပတိ ဗြဟ္မာမင်း တရားဟော တောင်းပန်စဉ် အခါက သိကြားမင်းလည်း
ပါလာပြီး မြတ်စွာဘုရားအား တရား ဟောတော်မူပါ၊ အရှင် ဘုရားတို့က ဓမ္မစက်ကို
လည်စေတော်မူပါ၊ အာဏာစက်ကို တပည့်တော် တို့လည်စေပါအံ့ ဟု ဝန်ခံချက်နှင့်
ပါရာဇိကဏ် အဋ္ဌကထာ (ဝိ၊ဋ္ဌာ ၁-၅၃) ၌ အရှင် မဟိန္ဒ သီဟိုဠ်ကျွန်းသို့ ကြွခါနီး၌
သိကြားမင်း လာပြီးလျှင် မြတ်စွာဘုရားက သူ့ အား သီဟိုဠ် သာသနာ ပြုရာ၌
အဖော်ဖြစ်ရန် မှာထားခဲ့ကြောင်း လျှောက်ထား သည်ဟု ဖွင့်ဆို ထားခဲ့ခြင်း ကား
ရှိပေသည်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော် မူခါနီး၌ မှာခဲ့ခြင်း မဟုတ်ပေ။
ဦးပုညသည်
ပညာရှိ တစ်ဦးဖြစ်သည့် အားလျော်စွာ လူ့လောက၏ ယုံကြည်မှုကို မဆန့်ကျင်ဘဲ “
အင်ကြင်းမြိုင် ကုဿိန်နန်း မှာလ ” ဟု ပရိနိဗ္ဗာန် စံခါနီး ဝန်ခံချက်
ပေးသယောင်နှင့် သိကြားတိုင် တေးထပ်များကို လူကြိုက်အောင် ရေးခဲ့ခြင်းသာ
ဖြစ်သည်ဟု ဆိုရပါမည်၊ သိကြားတိုင် တေးထပ်ကို သာမက ကဗျာဆရာ ပီပီ စိတ်ကူးယဉ်
ကောင်းကောင်းဖြင့် သိကြားမင်း က “ မောင်တို့က စိတ်ညစ်တိုင်း သာ အပြစ် တင်နေ
တာကိုး၊ မောင်တို့ ကကော အကျင့်ကောင်း လို့လား၊ ငါ ကယ်ချင်မှ ကယ် မှာပေါ့ ”
ဟု ပြန်ပြော လေဟန်ဖြင့် တေးထပ် ရွှင် တစ်ပုဒ် ကိုလည်း စီကုံး ခဲ့သေးသည်၊
ပညာရှိ ပီပီ အဖုံး အပိတ် ညီညွတ်အောင် ပြုစု သွားပေသည်ဟု စဉ်းစား၍ ကျေနပ်
ရလေသည်၊ စာပေလေ့လာ ရာ၌ စာရေးဆရာ၏ ရည်ရွယ်ချက်၊ ပတ်ဝန်းကျင် ၏ ယုံကြည်ချက်
စသော အခြေအနေ အရပ်ရပ်ကို သုံးသပ် ဆင်ခြင်၍ လေ့လာ မှတ်သားပါက ကျေနပ်ဖွယ်ရာ
များကို တွေ့ရမည် ဖြစ်လေသည်။
သိကြားမင်းဆို အပြန်တေးထပ်
ရွှေဝတိံ ဘုံအုပ်၊ စာလုပ်တိုင်း ငါပါ၊ ဘယ်တော့ ကမှ လူ့ရွာကို မရှုတာ မရှိ။ ။ စိတ်ညစ်တိုင်း အပြစ်တင်သည်၊ ငါ ဘုရင် မိုးကအသိ။ ။ အကျင့်တန် စာဂီမှာ၊ တစ်ဆံခြည် မရှိ၊ ဘယ်သူ့မှာ ဘာမရှိ တယ်လို့၊ ငါမသိ ထင်တယ်၊ ဘယ်ဖူးစာ ဘယ်မှာ ညားတာလဲ၊ ငါ သိကြား သိပါရဲ့ကွယ်။ ။
ကယ်သင့် မှ ငါ ကယ်မယ်၊ တကယ်ပင် ဧကန် မှတ်ပါတော့ ဝတိံရပ် ငါဘုံစံ၊ ကြေးတွက်
မည့်ကြံ၊ မကောင်းမှု ကျွန်ုပ်ကြံလျှင်၊ ရွှေစာရံ စူးပါရစေလေး။
ရဝေနွယ်(အင်းမ)
No comments:
Post a Comment