အူဝဲဆိုတဲ့
အသံနဲ့အတူ ကျွန်တော် လန့်နိုးလာတယ်။ ကြည့်လိုက်မှ ခြေရင်းကုတင်မှာ
မွေးခါစကလေး လေးနဲ့ မိခင်တစ်ယောက်။ သတိရပါပြီ၊ ကျွန်တော် ဆေးရုံမှာ
လူနာစောင့် လုပ်နေတာပဲလို့။ ကျေးလက် ဆေးခန်း ခေါ်မလား၊ တိုက်နယ်
ဆေးရုံခေါ်မလား၊ မကြီးလွန်းတဲ့ ဆေးရုံလေးမှာ လူနာများကလည်း အမျိုးသမီး၊
အမျိုးသား ရောပြွန်းလျှက်ပေါ့။ ပြန်အိပ်မပျော်သေးလို့
အတွေးနယ်ကျွံမယ်ကြံတုန်း အူဝဲအသံ သုံးလေးသံဟာ မြိုင်မြိုင်ဆိုင်ဆိုင်
ထပ်ကာ ပေါ်လာပါတော့တယ်။ အစတော့ အိပ်ချင်စိတ်နဲ့ နိုးထလာတာဆိုတော့
အော်ငိုနေတဲ့ ကလေးတွေကို စိတ်ထဲမကျေနပ်သလိုဖြစ်မိသား။ နောက်မှ အသေချာ
တွေးမိပါတယ်။ စေ့စေ့တွေးတော့ ရေးရေးပေါ် ဆိုသလိုပေါ့။
မိခင်မေတ္တာကိုပြောတာပါ။
မွေးဖွားခါစ
မိခင်အားလုံး အိပ်၍ မပျော်ကြပါ။ ကိုယ့်သားသမီးလေးများကို
နို့ချိုတိုက်လိုက်၊ ချောမြူလိုက်၊ တစ်ခုခုများ ဖြစ်နေမလား ဟိုစမ်းလိုက်၊
ဒီစမ်းလိုက်၊ အလုပ်ရှုပ်နေပုံတွေကြည့်ပြီး ကျွန်တော် မိခင်တို့၏ မေတ္တာကို
မှန်းဆနေမိပါတော့တယ်။ မွေးကင်းစလေးဆိုတော့ ဆာတာလည်း မပြောတတ်၊ နာတာလည်း
မပြောတတ်၊ ထစ်ခနဲဆို အူဝဲအသံမှလွဲ၍ ကျန်တာ ထွက်ပေါ်မလာ။ ဒါနဲ့ ကျွန်တော်
မနေနိုင်တာနဲ့ မိခင် တစ်ယောက်ကို မေးမိပါတယ်။ အစ်မ ကလေးက အူဝဲလို့ပဲ
ငိုနေတော့ ဆာတာလား၊ နာတာလား ဘယ်လို သိလည်းလို့။ ပြန်ဖြေလိုက်တဲ့စကားလေး
ကျွန်တော်ရင်ထဲ လှိုင်းထန်သွားပါတယ်။ မိခင်က ကိုယ့်သားသမီးစိတ်နဲ့ တစ်ထပ်တည်း လိုက်ခံစားပေးနေတော့ သူဘာဖြစ်လည်းဆိုတာ သိနိုင်ပါတယ်တဲ့။ ကျွန်တော် နှုတ်မှာတော့ အော် လို့သာ ဖြေကြားခဲ့ပေမယ့်။ အတွေးတွေ စတင်နေပါပြီ။
လူတစ်ယောက်နဲ့
တစ်ယောက် ပုံသဏ္ဍန်ချင်းလည်း မတူ၊ ရုပ်လည်း မတူ၊ စိတ်လည်းမတူ၊ အတွေး လည်း
မတူပါဘူး။ ကျွန်တော်အနေနဲ့ အခြားတစ်ယောက် ဖြစ်တဲ့စိတ်ကို သိဖို့ သူ့လို
လိုက်ခံစားဖို့ရာ ဘယ်လိုမှ မလွယ်ကူလွန်းလှပါ။ မိခင်များမှာတော့
သားသမီးများနဲ့ တစ်ထပ်တည်း လိုက်လံခံစားပြီး ထားနိုင်တဲ့ မေတ္တာ၊ ရှာမှ
ရှားလောက်ပါတယ်။ စာတွေ အများကြီး ဖတ်ဖူးပါတယ်။ မိဘမေတ္တာကို အမျိုးမျိုး
ဖွဲ့နွဲ့ကျတယ်။ ဥာဏ်မကျယ်လို့လားမသိ၊ သိသလိုလို မသိသလိုလိုရယ်ပါ။ ထို
အမျိုးသမီး စကားတစ်ခွန်းကြောင့် ကျွန်တော် မှတ်သားသမျှ ပြန်ပေါ်လို့
လာပါတော့တယ်။ မိဘမေတ္တာကို လသာ၊ စမ်းရေ၊ ပန်း၊ အိမ် တို့နဲ့
တင်စားခဲ့တာကိုပါ။ ကျွန်တော် ထောက်ခံပါတယ်၊ ထိုမိခင်ရဲ့ ထပ်တူကျအောင်
ခံစားပေးတဲ့ မေတ္တာ၊ သွေးသားမှ စီးဆင်းလာတဲ့ နို့ရည်တွေဟာ ကလေးငယ်ရဲ့
ဆာလောင်မှု၊ နာကျင်မှုကို အေးမြစေလိမ့်မယ်။
တောတောင် လျှိုမြောင်ကြားမှာ စီးဆင်းတဲ့ စိမ့်စမ်းရေ အလွန်အေးပါလိမ့်မယ်။
မီးမရှိတဲ့ အညာဒေသ မှာဆို လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ တော်တော်
အေးချမ်းပါလိမ့်မယ်။ သို့ပေမယ့် ထိုညတစ်ညထက်က ကလေးငယ်အတွက် ဆာလောင်မှုကို
ပြေပျောက်စေနိုင်တာ၊ နာကျင်မှုကို ကင်းစင်စေတာ မိခင်မေတ္တာ တစ်ခုတည်းပါ။ လသာ၊ စမ်းရေ နှိုင်းစေ မမှီနိုင်လို့ ဆိုလောက်ပါတယ်။ ဆေးရုံတစ်လျှောက် ကျွန်တော် ငေးမော ကြည့်မိပါပြီ။ ပုံသဏ္ဍာန်
မတူကြပါ။ လှုပ်ရှားမှုမတူကြပါ။ သို့သော် ထို မိခင်တို့၏ မေတ္တာသည်
တူညီနေပါတယ်။ အိပ်ရေးတွေ ပျက်နေတယ်၊ အစားအသောက်တွေ ပျက်နေတယ်၊ ဒါပေမယ့်
နို့ချိုတိုက်ကျွေး သက်ရှင်ရေး ပြုပေးနေတာတွေ တူညီနေပါတော့တယ်။
ကြီးမား
ကျယ်ပြန့်လွန်းလှတဲ့ မေတ္တာကို ကျွန်တော် ဥာဏ်မှီသမျှတော့
ပွင့်လင်းခဲ့ရပါပြီ။ ဆရာတော် အရှင်ဇဝန မိန့်ကြားစကား နိုးထစေခဲ့ပါတယ်။
ခန္ဓာကိုယ်အပိုင်းတခုခုမှာ ကြိုက်နှစ်သက်ရာ နေရာတွေကို ဓါးနဲ့ လှီးပါ။
အပ်နဲ့ စုပ်ပါ။ ဘယ်လိုဖြစ်ဖြစ် သွေးသာ ထွက်မှာပါ။ ဒီလို အမှန်တရားတစ်ခုကို
ကျော်လွန်ပြီးတော့ မိခင် မေတ္တာဓါတ်ကြောင့် သွေးသားသည် ချိုမြပြီး ဆာလာမှုကို
ပြေပျောက်စေနိုင်တဲ့ ဖွေးဖြူစွာနဲ့ နို့ရည်များအဖြစ်
ပြောင်းလဲသွားတယ်ဆိုတာပါ။ ဗမာဖြစ်စေ၊ ကုလားဖြစ်စေ၊ တရုတ်ဖြစ်စေ
လူမျိုးကွဲပါစေ၊ ဘာသာကွဲပါစေ၊ မိခင်မေတ္တာ မကွဲပါ။ တူညီနေပါတယ်။
ဒါကြောင့်လည်း မိခင်အားလုံး၏ တူညီသောမေတ္တာမှ ဆင်းသက်လာ သော နို့ရည်ဟာ
တူညီစွာပဲ ဖြူစင်၊ ချိုမြနေပါတယ်။
သားသမီးတွေအတွက်
ကိုးလ လွယ်မယ်ဟဲ့ဆိုတဲ့ အချိန်ကစလို့ နောက်ဆုံးနှုတ်ဆက်အချိန်ထိ မိဘတိုင်း၏
သားသမီးများအပေါ် ထားသောမေတ္တာဟာ တူညီနေသလို၊ ကျေးဇူးတရားအားဖြင့်လည်း
ကြီးများလွန်းလှပါတယ်။ လက်ဦးဆရာ မြေထိုက်စွ၊ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုတာကို
ကျွန်တော် သဘောပေါက်ခဲ့ရပါပြီ။ ကျေးဇူးတရားဆိုတာ ရှေးဦးအထူးပြုသောတရား၊
ကျေးဇူးရှင်ဆိုတော့ ရှေးဦးအထူးပြုသောသူပါ။ ကိုယ်ဝန်ဆောင်ချိန် ခဏဖယ်
မွေးခါစ ညတစ်ညမှာ ရှေးဦးအထူးပြုသော သူများကို တွေ့လိုက်ရပါပြီ။ ကျွန်တော်၏
မိခင်နှင့်အတူ ကမ္ဘာပေါ်မှာ ရှိကြသော မိခင်များစွာလည်း ထိုညကို
ဖြတ်သန်းခဲ့ကြပေလိမ့်မယ်။ ကျေးဇူးများစွား များစွာ ထဲက ထိုညတစ်ည၏ ကျေးဇူးကို
သားသမီးတစ်ယောက် အနေနဲ့ ဘယ်လို မေတ္တာ၊ ဘယ်လိုစေတနာများနဲ့ ပြန်ဆပ်
ရမလည်းဆိုတာ တွေးမိရင်း နှလုံးသားထက်မှာ တုန်လှုပ်စေခဲ့ပါတယ်။
ဒါကြောင့်ပင်
မြတ်စွာဘုရားရှင်က မိဘတို့၏ ကျေးဇူးတရားကို များပြားလှတဲ့ သမုဒ္ဒရာရေကို
မိုးရေ ပေါက်ငယ်၊ မဟာပထဝီမြေကြီးကို သေးငယ်သောဝါးရွက်၊
မြင်းမိုရ်တောင်ကြီးကို နွားဦးချို၊ စကြာဝဠာကြီးကို အပ်နဘား တို့ဖြင့်
ကျေးဇူးတရား များပြား ကြီးကျယ်လှပုံကို ဥပမာဆောင် ဟောကြားခဲ့တာပဲလို့
တွေးမိပါတယ်။ ထိုအတွေးတွေ ပြီးမှာတော့ ကလေးငယ်များ၏ ငိုသံဟာ ကျွန်တော်
နားထဲမှာ စိတ်မသက်မသာ မဖြစ်တော့ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူတို့လို
ဖြစ်ခဲ့ပြီးပါပြီ။ သံသရာများစွာ မှာလည်း ဖြစ်ခဲ့ပြီးပါပြီ။ မေတ္တာတရားဟာ
တိုင်းဆလို့မရအောင် ကျယ်ပြန့်လွန်းတယ်ဆိုတာ မှန်းဆလို့ရခဲ့ပါပြီ။ ထိုညလေး
တစ်ညနဲ့အတူ သံသရာမှာ ဖြတ်သန်းခဲ့တဲ့ ညတွေ၊ တစ်နည်း တင်ရှိခဲ့တဲ့
ကျေးဇူးတရားတွေ ဆပ်ဖို့ ကြိုးစားရတော့မှာပါ။ ပစ္စက္ခမိခင်၏ ဖြတ်သန်းခဲ့တဲ့
မေတ္တာညများကို ဂါရ၀ပြု မျှန်းဆ ကန်တော့မိပါတယ်။ အဲဒီနောက်တော့
ဝါးကုလားထိုင်လေးမှာ မှီရင်း ဆေးရုံမှ မိခင်နှင့် ကလေးငယ်များအားလုံးကို
ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာအောင် မေတ္တာပို့ရင်း
မျက်လွှာချလိုက်မိပါတော့သည်။
အမောင်(ရေနံ့သာ)
No comments:
Post a Comment