ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ “ဘုန်ုးဘုန်းဘုရား
တပည့်တော် အခုတလော ကိုယ့်ကိုယ်ကို စိတ်တွေအရမ်း ကြမ်းလာတယ်လို့
ခံစားမိပါတယ်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊
ထစ်ခနဲဆို ပါးစပ်က ဆဲလိုက်ဆိုလိုက် စတာတွေ အလွယ်တကူကို
လုပ်ဖြစ်လာတယ်လို့ ထင်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် တပည့်တော်
စိတ်ရိုင်းတွေ ဝင်နေတယ်ဆိုတာ သတိပြုမိလာပါတယ်၊ သတိပြုမိတဲ့အလျောက်
ထိန်းနိုင်အောင် ကြိုးစားကြည့်ပေမယ့် မရဘူး ဖြစ်နေပါတယ်ဘုရား၊ အဲဒါ
ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာ တပည့်တော်ကို အကြံပြု မိန့်ကြားပေးပါး
ဘုရား”ဆိုပြီး သူကအကြံဉာဏ် တောင်းခံရင်း လျှောက်ထားလာပါတယ်။
သူ့လျှောက်ထားချက်ကို နားထောင်ပြီး “အင်း ဒါဆိုရင်တော့ ဒကာ့မှာ
စိတ်ဖိစီးမှုတွေ များနေပြီး ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေက မကောင်းဘဲ
ဖြစ်နေတဲ့ သဘောရှိပါတယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်တွေရယ်၊
အလုပ်မှာရှိတဲ့ သူတွေရဲ့ အပြုအမူတွေရယ်၊ အလုပ်မှာရှိတဲ့ ဖိအားတွေရယ်
စတာတွေက ဒကာ့ကို စိတ်အစဉ်ကြမ်းတမ်းအောင်၊ အလိုမကျ ဖြစ်အောင် လုပ်နေတဲ့
သဘောရှိပါတယ်၊ ပိုဆိုးတာက အဲဒီလို ဖိအားတွေ ရှိနေတဲ့အချိန်မှာ
ဘာသာတရားနဲ့ ဝေးကွာပြီး မထူးပါဘူးဆိုကာ ဖြစ်သလို နေပစ်လိုက်တာက
စိတ်ကိုပိုပြီး ကြမ်းတမ်းစေတတ်တဲ့ သဘောရှိပါတယ်၊ စိတ်အစဉ်ကို
နူးညံ့သိမ်မွေ့အောင် လုပ်ပေးနိုင်တဲ့ တရားနားတဲ့အလုပ်၊ တရားစာဖတ်တဲ့
အလုပ်၊ တရားမှတ်တဲ့ အလုပ်၊ မေတ္တာပို့ ဂုဏ်တော်ပွားတဲ့ အလုပ်၊
ကိုယ်ကျင့်တရားကောင်းအောင် ထိန်းသိမ်းတဲ့ အလုပ်တွေနဲ့ ဝေးကွာစေမှုဟာလည်း
ဘဝမှာ စိတ်အစဉ်ကို ပိုမိုပြီး ရိုင်းစိုင်းစေတတ်တာ ဖြစ်ပါတယ်” စသဖြင့်
ပြောပြရင်း စိတ်ကိုပြောင်းလဲစေတတ်တဲ့ ပတ်ဝန်းကျင်နဲ့
စိတ်ကိုနူးညံ့စေတတ်တဲ့ ဓမ္မအားတွေအကြောင်း ပြောကြားပေးဖြစ်ခဲ့ပါတယ်။
စိတ်ရဲ့ဖိအားနဲ့ အဲဒီဖိအားကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အသိတရားအကြောင်း
အကြံပြု ပြောကြားပေးဖြစ်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုက
အဓိကကျပေမယ့် ပုထုဇဉ်တွေအတွက် အဲဒီလို စိတ်ထိန်းကြောင်းမှု အပိုင်းမှာ
ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှု၊ ပတ်ဝန်းကျင်ရဲ့
လွှမ်းမိုးမှုတွေဟာ အများကြီး သက်ရောက်မှု ရှိနေတတ်တာ ဖြစ်ပါတယ်။ တစ်ခါတလေ
ဗီဇကောင်းတဲ့ သူတွေတောင်မှ ပတ်ဝန်းကျင် မကောင်းရင် မကောင်းတဲ့
လွှမ်းမိုးမှုတွေ ကူးစက်ခံရတတ်သလို မွေးလာတဲ့ ဗီဇက မကောင်းပေမယ့်
ပတ်ဝန်းကျင်ကောင်းရင် ကောင်းတဲ့အမူအကျင့်တွေဘက်ကို အထိုက်အလျောက်
ပြောင်းသွားတတ်တာလည်း ရှိတတ်ပါတယ်။ ဒီသဘောတရားကို နိုင်ငံခြားမှာ
အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ သူတွေက ပိုပြီးသိရှိ ခံစားမိကြမှာ
ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာကတော့ ပိုက်ဆံရတာ တစ်ခုကလွဲပြီး
ကျန်တဲ့အပိုင်းမှာ ဖိအားတွေနဲ့ပဲ လွှမ်းမိုးခံနေကြရတာ ဖြစ်ပါတယ်။ အလုပ်ရဲ့
ဖိအားက တစ်မျိုး၊ အလုပ်ရှင်ရဲ့ ဖိအားကတစ်မျိုး လုပ်ဖော်ကိုင်ဖတ်တွေရဲ့
ဖိအားကတစ်မျိုး စသဖြင့် အမျိုးမျိုး ရှိနေတဲ့ကြားက အိမ်ကိုလွှမ်းလို့
ဖုန်းဆက်မိပြန်တော့ အိမ်ကကြားရတဲ့ သတင်းစကားတွေက ဖိအားကို
မတွန်းလှန်နိုင်ဘဲ စိတ်အစဉ်ကို ပိုပြီး ပိပြားသွားစေတတ်ကြ ပြန်ပါတယ်။
အဲဒီလို အကြောင်း အမျိုးမျိုးကြောင့် ဖိအားတွေဝင်ပြီး စိတ်အစဉ်မှာ
ပင်ပန်းနေတဲ့ သူတွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းဟာ
သိပ်ကိုအဓိက ကျလှပါတယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းတွေရဲ့
ထောက်ပံ့မှုအားဟာ ကျနေတဲ့ စိတ်ကို ပြန်လည်တက်ကြွ စေတတ်ပြီး ခွန်အားတွေကို
ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မကောင်းလို့ ဖိအားတွေကို
ဖြစ်ပေါ်စေတတ်ပေမယ့် အကောင်းဘက်ကို ညွန်ပြပေး၊ အားပြုပေးမယ့် ကလျာဏမိတ္တရဲ့
ပံ့ပိုးမှုဟာ ဖိအားတွေကနေ ရုန်းထွက်နိုင်တဲ့အထိ ပံ့ပိုးပေးနိုင်တာ
ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီလို ကလျာဏမိတ္တရဲ့ အားတွေအပြင် မြတ်ဗုဒ္ဓရဲ့
ဓမ္မအားတွေနဲ့ပါ တွဲပြီး ဘဝကိုဓမ္မနဲ့ ယှဉ်လာနိုင်မယ်ဆိုရင်တော့ ဒါဟာ
ဖိအားကို အသိတရားနဲ့ ကျော်လွှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဖိအားတွေကြောင့်
စိတ်အစဉ်တွေ ကြမ်းတမ်းလာပြီး အသိတရားပါ ပျောက်လာတဲ့အခါမှာ တရားဓမ္မအားနဲ့
ပြန်လည်ပြုပြင်နိုင်ခြင်းဟာ ဘာနဲ့မှမတူတဲ့ အကောင်းဆုံး
ပြုပြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲခြင်းတွေထဲမှာ ဘဝကို ဓမ္မနဲ့
ပြုပြင်ပြောင်းလဲခြင်းဟာ တကယ့်ကို နူးညံ့သိမ်မွေ့တဲ့ အပြောင်းအလဲပဲ
ဖြစ်ပါတယ်။
သေချာတွေးကြည့်ရင် စိတ်ကြမ်းတွေဝင်လာတယ်၊ စိတ်အစဉ်ရိုင်းလာတယ်၊ စိတ်မှာ
အလိုမကျတာတွေ၊ စိတ်ဆိုးစိတ်တိုတာတွေ ဖြစ်လာနေတယ်ဆိုတာဟာ တကယ်တော့
စိတ်မှာ အသိတရားတွေ နည်းလာ၊ ကိုယ်ကျင့်တရားတွေ လျော့လာ၊
မေတ္တာအားတွေကျလာလို့ပဲ ဖြစ်ပါတယ်။ သာမန်ကြည့်ရင်တော့ အခုလို
စိတ်ရိုင်းစိတ်ကြမ်းတွေ ဖြစ်လာတယ်ဆိုတာဟာ စိတ်ဖိစီးမှုတွေ၊ ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေ၊ လောကဓံတွေကြောင့်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း အဓိက
အခရာကျတာက အသိတရား၊ အကျင့်တရားတွေနဲ့ ကိုယ်ကိုယ်ကို
ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အားနည်းလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
အတက်အကျ အနိမ့်အမြင့် အဆိုးအကောင်းစတဲ့ လောကဓံဆိုတာကတော့ အားလုံးအတွက်
အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေကြမှာပဲ ဖြစ်တဲ့အတွက်
ဒီအပြောင်းအလဲတွေအပေါ်မှာ အသိတရားလက်ကိုင်ထားပြီး
ရင်ဆိုင်ကျော်လွှားနိုင်မှု အားနည်းတဲ့သူဟာ ဒီဒဏ်တွေကို
ပိုပြီးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖိအားနဲ့ အပြောင်းအလဲ တရားတွေကို
ခံနိုင်ရည်ရှိဖို့အတွက် အသိတရားနဲ့ အကျင့်တရားက သိပ်အရေးကြီးတယ်လို့
ဆိုရခြင်း ဖြစ်ပါတယ်။
ဆိုတော့ကား အသိတရားတွေ၊ အကျင့်တရားတွေ ပိုမိုတိုးတက် လာဖို့အတွက်
အကောင်းဆုံး နည်းလမ်းကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးက
တရားနှလုံးသွင်းကြဖို့ပဲ ဖြစ်ပါတယ်။ တရားအသိရှိတဲ့သူ၊ တရားအကျင့်
ရှိတဲ့သူဟာ တရားနဲ့အညီ နေထိုင်ကျင့်သုံး လာတတ်တဲ့အတွက် အမူအရာတွေဟာ
သိသိသာသာကို ပြောင်းလဲလာတတ်တာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အပြုအမူ၊
အပြောအဆို၊ အကြံအစီတွေဟာ တရားအားနဲ့ တဖြည်းဖြည်း ပါးပါးလာပြီး စိတ်အစဉ်ဟာ
နူးညံ့သိမ်မွေ့လာတော့တတ်တာ ဖြစ်ပါတယ်။ အားလုံးဟာ မမြဲဘူးဆိုတဲ့
ဓမ္မအသိကို နှလုံးသွင်းထားတဲ့အတွက်ကြောင့်လည်း ငါဆိုတဲ့ မာနတွေဟာ
ခဝါကျလာပြီး လူအများအပေါ် ကိုယ်ချင်းစာတရားတွေ ထားတတ်လာတော့တာ ဖြစ်ပါတယ်။
တရားတကယ်သိလာပြီဆိုရင် အသိတရားနဲ့ အကျင့်တရားတွေပါ တိုးတက်လာပြီး
အဲဒီအသိအကျင့်ကပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားနိုင်လာတာ ဖြစ်ပါတယ်။
အရင်းစစ်တော့ ဒါဟာ တရားနဲ့အညီ ကျင့်သုံးနေထိုင်လာတဲ့ အတွက်ကြောင့်ပဲ
ဖြစ်ပါတယ်။
ဒါကြောင့် ဖိအားတွေများပြီး စိတ်ပင်ပန်းကာ စိတ်ကြမ်းလာကြတဲ့ သူတွေအနေနဲ့
ဒီလိုဖြစ်လာတာဟာ ကိုယ့်သန္တာန်မှာ အသိတရား၊ အကျင့်တရားနဲ့ ဓမ္မအားတွေ
လျော့နည်းလာလို့ ဖြစ်တယ်ဆိုတာ သတိပြု ဆင်ခြင်ပြီး
ကြမ်းတမ်းရိုင်းစိုင်းလာတဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေကို
နူးညံ့သိမ်မွေ့ပြီး လောကဓံကို သည်းခံနိုင်တဲ့ စိတ်အစဉ်တွေ
တိုးတက်လာဖို့အတွက် တရားများများနာ၊ ကိုယ်ကျင့်သီလကို
လုံအောင်စောင့်ထိန်း၊ မေတ္တာလည်းပို့ ဂုဏ်တော်လည်းပွားကာ ဝိပဿနာ တရားပါ
အားထုတ်ရင်း တရားအလုပ်နဲ့ အတူ ကိုယ့်ကိုယ်ကို အုပ်ချုပ်နိုင်အောင်
ပြုပြင်ထိန်းသိမ်း နေထိုင်ကြရမှာ ဖြစ်ပါကြောင်း ဖိအားနဲ့ အသိတရားအကြောင်း
သတိထားနိုင်အောင် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
No comments:
Post a Comment