Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

မြတ်စွာဘုရားကိုယ်စား ရုပ်ပွားဆင်းတု ပူဇော်ရသည့် အကျိုး

မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား” ဟု ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေစိတ္တေ သမံ ဖလံ” ဆိုသည့် မြတ်စွာဘုရားဟောတော်မူခဲ့သည့် ပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်မည်ဖြစ်၏။
“စိတ္တေ၊ မိမိ၏စိတ်သည်။ သမေ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ ရုပ်တုဆင်းတုတော်နဲ့ အညီအမျှ ထားနိုင်သည်ရှိသော်။ သမံ ဖလံ၊ မြတ်စွာဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။” ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သကဲ့သို့ အဓိကလည်း ကျသည်ဖြစ်၏။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်ဖြစ်၍ မိမိစိတ်ထက်သန် အားကြီး ဖြူစင်နေမည်ဆိုလျှင် အကျိုးပေးလည်း ထက်ထက်မြတ်မြတ် အားကြီး ဖြူစင်မည် ဖြစ်ပေ၏။
မိမိတို့၏ နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများလည်း ရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်ဖြစ်၏။ မြတ်စွာဘုရားစင်ကို ပိတ်လိုက်ကာ၊ သို့မဟုတ် ဇာလိုက်တာဖြင့် ကန့်လန့် ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့် အချိန်တွင် ဘုရားစင် လိုက်ကာကို ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။
အထူးမှတ်ရန်မှာ မြတ်စွာဘုရားရှင် တည်ထားတော်မူသော ဘုရားစင်ရှေ့တွင် ဒူးထောင် ပေါင်ကား မနေရပေ။ မြတ်စွာဘုရားကို အဂါရဝ မရိုမသေမလေးမစား ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်။ ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ။ အမင်္ဂလာစကားများ၊ (မင်္ဂလာမရှိသောစကားများ) ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ မပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။ ယခုခေတ် ရုပ်ရှင် တီဗီဇာတ်ဝင်ခန်းများတွင် မင်းသား မင်းသမီးချစ်ကြိုက် ချိန်းတွေ့သည့် ဇာတ်ဝင်ခန်းများကို အတုမရှိ ကိလေသာငြိမ်းတော်မူပြီးသည့် မြတ်စွာရင်ပြင်ပေါ်တွင် ရိုက်ကူးနေခြင်း၊ သမီးရည်းစား စကားပြောခန်းများ ရိုက်ကူးနေခြင်းကို အပြင်းအထန် ရှုံ့ချသင့်လှ၏။
မိမိတို့နေအိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် နည်းမှန်လမ်းမှန် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉) မျိုးကို ရရှိပါသည်။
၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ ဘုရားဝေယျာဝေစ္စပြုနေရခြင်း၊ မြတ်စွာဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင်ဖြစ်သည်။
၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည်။
၃။ အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ ရှိလာသည်။
၎။ ကုသိုလ်တရားများ တိုးပွားလာသည်။
၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။
၆။ အိမ်တွင် ဘုရားစင်ထားရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့နေနိုင်ပါသည်။
၇။ ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။
၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင် အိမ့်ကျက်သရေ၊ လူ့ကျက်သရေတက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။
၉။ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်အတူ ပေါင်းသင်းနေရသကဲ့သို့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။
ကိုးကား။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်(သာသနာရေးဝန်ကြီးဌာန)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:

Post a Comment